ရှင်လုကာ 23:13-25
ရှင်လုကာ 23:13-25 Judson Bible (JBMLE)
တစ်ဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊ မင်းအရာရှိ၊ လူများတို့ကိုခေါ်၍၊ ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည်ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ၌ငါမတွေ့။- ဟေရုဒ်မင်းသည်လည်း မတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သောအမှု တစ်စုံတစ်ခုကိုမျှ မပြု။- ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု ဆိုလေ၏။- ထိုပွဲ၌ လူများတို့အား တစ်စုံတစ်ယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။ လူအပေါင်းတို့က၊ ထိုသူကို ထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ်တည်း ဟစ်ကြော်ကြ၏။- ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင်ထားသောသူ ဖြစ်သတည်း။ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အား တစ်ဖန်ပြောဆိုလေ၏။- သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။- ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သောအပြစ် တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။ ထိုကြောင့် သူ့ကိုငါဆုံးမ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင်၊- လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ကြီးစွာသောအသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏ အသံသည် နိုင်လေ၏။- ပိလတ်မင်းသည်လည်း သူတို့တောင်းသည်အတိုင်း ဖြစ်စေခြင်းငှာ စီရင်၍၊- ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူများတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ၏။
ရှင်လုကာ 23:13-25 Common Language Bible (BCL)
ပိလတ်မင်းသည်ယဇ်ပုရောဟိတ်ကြီးများ၊ ယုဒခေါင်းဆောင်များနှင့်ယုဒအမျိုးသား များအားစုဝေးစေ၏။- ထိုနောက် ``ဤသူသည်ပုန်ကန်ရန်ပြည်သူတို့ အားလှုံ့ဆော်သူဖြစ်သည်ဟုဆို၍ သူ့အား သင်တို့ငါ့ထံသို့ခေါ်ခဲ့ကြ၏။ သင်တို့ရှေ့ မှာပင်ငါစစ်ဆေးခဲ့၏။ သို့ရာတွင်သင်တို့ ဆိုသည့်အတိုင်းထိုသူအားစွပ်စွဲနိုင်ရန် အကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့။- ဟေရုဒ်မင်းသည်လည်းမတွေ့။ ထို့ကြောင့်သူ့ ကိုငါ့ထံသို့ပြန်၍ပို့၏။ ဤသူသည်သေ ဒဏ်ခံထိုက်သောအပြစ်တစ်စုံတစ်ရာကို မျှမကူးမလွန်ခဲ့ပေ။- သို့ဖြစ်၍သူ့ကိုကြိမ်ဒဏ်ဖြင့်ဆုံးမ၍လွှတ် လိုက်မည်'' ဟုဆို၏။- (ပိလတ်မင်းသည်ပသခါပွဲ၌လူတို့အတွက် အကျဉ်းသားတစ်ယောက်ကိုလွတ်ငြိမ်းချမ်း သာခွင့်ပေးရမြဲဖြစ်သတည်း။) လူပရိသတ်အားလုံးက ``ဤသူကိုသေဒဏ် ပေးပါ။ အကျွန်ုပ်တို့အတွက်ဗာရဗ္ဗကိုလွတ် ငြိမ်းချမ်းသာခွင့်ပေးပါ'' ဟုတစ်ပြိုင်နက် ဟစ်အော်ကြ၏။- (ဗာရဗ္ဗကားမြို့ထဲတွင်ပုန်ကန်ထကြွမှုနှင့် လူသတ်မှုတို့ဖြင့်ထောင်ကျခံနေရသူဖြစ်၏။) ပိလတ်မင်းသည်သခင်ယေရှုအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးလို၍လူတို့အားတစ်ဖန် တင်ပြ၏။- သို့ရာတွင်လူတို့သည် ``သူ့ကိုလက်ဝါးကပ်တိုင် မှာတင်၍သတ်ပါ၊ လက်ဝါးကပ်တိုင်မှာတင်၍ သတ်ပါ'' ဟုဟစ်အော်ကြ၏။ ပိလတ်မင်းက ``သူသည်အဘယ်ပြစ်မှုကို ကူးလွန်သနည်း။ သူ့အားသေဒဏ်ပေးထိုက် သောအကြောင်းတစ်စုံတစ်ရာကိုမျှငါမတွေ့၊ သို့ဖြစ်၍သူ့ကိုကြိမ်ဒဏ်ဖြင့်ဆုံးမ၍လွှတ် လိုက်မည်'' ဟုတတိယအကြိမ်ဆို၏။ သို့ရာတွင်လူတို့သည်ကိုယ်တော်အားလက်ဝါး ကပ်တိုင်မှာတင်၍သတ်ရန် အသံကုန်အော်ဟစ် တောင်းဆိုကြသဖြင့်နောက်ဆုံး၌တောင်းဆို ချက်ရသွား၏။- ပိလတ်မင်းသည်သူတို့တောင်းဆိုသည့်အတိုင်း စီရင်ချက်ချမှတ်လိုက်၏။- ပုန်ကန်ထကြွမှုနှင့်လူသတ်မှုတို့အတွက် ထောင်ကျသူအား သူတို့တောင်းဆိုသည့်အတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၏။ သခင်ယေရှု ကိုမူသူတို့ပြုလိုသည့်အတိုင်းပြုစေရန်အပ် လိုက်၏။
ရှင်လုကာ 23:13-25 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ အုပ်ချုပ်သူများနှင့် လူများကို စုဝေးစေ၍ “သင်တို့သည် လူထုကိုမှားယွင်းစေရန်လှုံ့ဆော်သူအဖြစ် ဤသူကို ငါ့ထံသို့ခေါ်ဆောင်လာကြ၏။ သို့သော် ကြည့်လော့။ ငါသည် သင်တို့ရှေ့မှာပင် သူ့ကိုစစ်ဆေးခဲ့သော်လည်း ဤသူအပေါ် သင်တို့စွပ်စွဲသည့်အပြစ်တစ်စုံတစ်ခုမျှမတွေ့။ ဟေရုဒ်သည်လည်း အပြစ်မတွေ့သဖြင့် သူ့ကို ငါတို့ထံသို့ ပြန်ပို့လိုက်၏။ သူသည် သေထိုက်သောအပြစ်တစ်စုံတစ်ခုကိုမျှ မပြုခဲ့ချေ။ ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု ဆို၏။ [ထိုသို့ဆိုခြင်းမှာ ပိလတ်မင်းသည် ပွဲတော်တွင် လူတစ်ဦးကို လွှတ်ပေးရသောကြောင့်ဖြစ်၏။] သို့သော် သူတို့က “ထိုသူကိုသုတ်သင်လိုက်ပါ။ အကျွန်ုပ်တို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု တစ်ပြိုင်တည်းအော်ဟစ်ကြ၏။ ဗာရဗ္ဗသည် မြို့ထဲတွင်ဖြစ်ခဲ့သည့် ဆူပူအုံကြွမှုနှင့် လူသတ်မှုတို့ကြောင့် ထောင်ထဲ၌ ထည့်ထားခြင်းခံရသူဖြစ်၏။ ပိလတ်မင်းသည် ယေရှုကိုလွှတ်လို၍ လူတို့အား နောက်တစ်ဖန်မိန့်ကြားလေ၏။ သို့သော် သူတို့က “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ။ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ ဤသူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း။ ငါသည် သူ၌ သေထိုက်သောအပြစ်ကိုမတွေ့။ ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု တတိယအကြိမ် သူတို့အား ဆိုလေ၏။ သို့သော် လူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကျယ်လောင်သောအသံဖြင့် မရမကတောင်းဆိုကြသဖြင့် သူတို့၏အသံများသည် အနိုင်ရသွားလေ၏။ ထိုအခါ ပိလတ်မင်းသည် သူတို့၏တောင်းဆိုချက်အတိုင်းလုပ်ပေးရန် စီရင်ဆုံးဖြတ်၍ ဆူပူအုံကြွမှုနှင့် လူသတ်မှုတို့အတွက် ထောင်ထဲ၌ ထည့်ထားခြင်းခံရသူကို သူတို့တောင်းဆိုသည့်အတိုင်း လွှတ်ပေးပြီး ယေရှုကိုမူ သူတို့ဆန္ဒအတိုင်းပြုရန် အပ်နှံလိုက်လေ၏။