ရှင်လုကာ 22:29-46
ရှင်လုကာ 22:29-46 Judson Bible (JBMLE)
ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊- သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သော အခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ်နှစ်မျိုးကို အုပ်စိုးရသော အခွင့်ကိုလည်းကောင်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။- တစ်ဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့် ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊- သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှာ ငါသည် သင့်အဖို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊- ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊- သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။ တစ်ဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစ်စုံတစ်ခုလိုသလောဟု မေးလျှင်၊ တစ်စုံတစ်ခုမျှ မလိုပါဟု လျှောက်ကြသော်၊- ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ဓားမရှိသောသူသည် အဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။- အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။- ထိုသူတို့ကလည်း၊ သခင်၊ ဓားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။ ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။- ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူပြီးမှ၊- တပည့်တော်တို့နှင့် ကျောက်ခဲတစ်ပစ်လောက် ခွာသွား၍ ဒူးထောက်လျက်၊- အို အဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။- ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။- ထိုသို့ ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်းသောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- သင်တို့သည် အဘယ်ကြောင့် အိပ်ပျော်ကြသနည်း။ ထကြ။ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
ရှင်လုကာ 22:29-46 Common Language Bible (BCL)
ခမည်းတော်သည်ငါ့အားအုပ်စိုးခွင့်ကိုပေး အပ်တော်မူသည်နည်းတူ ငါသည်လည်းသင် တို့အားအုပ်စိုးခွင့်ကိုပေး၏။- သင်တို့သည်နိုင်ငံတော်တွင်ငါ၏စားပွဲ၌စား သောက်ရကြလိမ့်မည်။ ထို့အပြင်ပလ္လင်များ ပေါ်မှာထိုင်လျက်ဣသရေလတစ်ဆယ့်နှစ်နွယ် တို့အားအုပ်စိုးရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ သခင်ယေရှုက ``ရှိမုန်၊ ရှိမုန်၊ စပါးကိုလှေ့ သကဲ့သို့သင်တို့အားလုံးကိုစစ်ဆေးရန် စာတန်ကအခွင့်ရလေပြီ။- သို့ဖြစ်၍သင်၏ယုံကြည်ခြင်းခိုင်မြဲစေရန် ငါဆုတောင်းလေပြီ။ သင်သည်သတိတရား ပြန်လည်ရရှိသောအခါသင်၏ညီအစ်ကို များအားခွန်အားဖြည့်တင်းပေးရမည်'' ဟု မိန့်တော်မူ၏။ ပေတရုက ``အရှင်၊ အကျွန်ုပ်သည်ထောင်ထဲသို့ လည်းကောင်း၊ သေရွာသို့လည်းကောင်းကိုယ်တော် ရှင်နှင့်အတူလိုက်ရန်အသင့်ရှိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ပေတရု၊ သင့်အားငါဆိုသည် ကားယနေ့ညကြက်မတွန်မီသင်သည်ငါ့ကို မသိဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့် မည်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်က ``ငါသည်သင်တို့အား ငွေအိတ်၊ လွယ်အိတ်နှင့်ဖိနပ်ကိုမယူစေဘဲ စေလွှတ်ခဲ့၏။ ထိုအခါသင်တို့တွင်တစ်စုံ တစ်ရာချို့တဲ့မှုရှိခဲ့သလော'' ဟုတပည့်တော် တို့အားမေးတော်မူ၏။ တပည့်တော်တို့က ``မရှိပါ'' ဟုလျှောက်ကြ၏။ ကိုယ်တော်က ``ယခုမူကားငွေအိတ်၊ လွယ်အိတ် ရှိလျှင်ယူခဲ့ကြ။ ဋ္ဌားမရှိလျှင်အဝတ်ကို ရောင်း၍ဋ္ဌားကိုဝယ်ကြ။- သင်တို့အားငါဆိုသည်ကား `ထိုသူသည်ရာဇဝတ် မှုကူးလွန်သူများစာရင်းတွင်ပါဝင်ရ၏' ဟူ သောကျမ်းစကားအတိုင်းငါ၌ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော်ငါ၏အကြောင်းရေး သားထားသည့်ကျမ်းစကားအရဖြစ်ပျက် လျက်ရှိနေသောကြောင့်တည်း'' ဟုမိန့်တော်မူ၏။ တပည့်တော်တို့က ``အရှင်၊ ကြည့်တော်မူပါ။ ဤ မှာဋ္ဌားနှစ်လက်ရှိပါ၏'' ဟုလျှောက်ကြ၏။ ကိုယ်တော်က ``တော်လောက်ပြီ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်သည်အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့် တော်တို့သည်နောက်တော်သို့လိုက်ကြ၏။- ထိုအရပ်သို့ရောက်တော်မူလျှင်ကိုယ်တော် က ``သင်တို့သည်စုံစမ်းသွေးဆောင်ရာသို့ မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။ ထိုနောက်တပည့်တော်တို့နှင့်ခဲတစ်ပစ်ခန့် ကွာသောအရပ်သို့ကြွတော်မူ၍ဒူးထောက် လျက်၊- ``အို အဖ၊ အလိုတော်ရှိလျှင်ဤဒုက္ခဝေဒနာ ခွက်ကိုဖယ်ရှားတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်၊ ကိုယ်တော်ရှင်၏အလို တော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆု တောင်းတော်မူ၏။- ကောင်းကင်ဘုံမှကောင်းကင်တမန်တစ်ပါး သည်လာ၍ကိုယ်တော်ကိုအားပေးလေ၏။- ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။ ကိုယ်တော်သည်ဆုတောင်းရာမှထ၍တပည့် တော်များရှိရာသို့ပြန်ကြွတော်မူသောအခါ သူတို့သည်ဝမ်းနည်းမောပန်းလျက်အိပ်ပျော် နေကြသည်ကိုမြင်တော်မူ၏။- ကိုယ်တော်က ``သင်တို့အဘယ်ကြောင့်အိပ်နေ ကြသနည်း။ ထကြလော့။ စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။
ရှင်လုကာ 22:29-46 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့် သင်တို့သည် ငါ၏နိုင်ငံတော်၌ ငါ၏စားပွဲတွင်ထိုင်လျက် စားသောက်ရကြလိမ့်မည်။ ထို့ပြင် ပလ္လင်များပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့ကို တရားစီရင်ရကြလိမ့်မည်။ ရှိမုန်၊ ရှိမုန်၊ နားထောင်လော့။ ဂျုံကိုဆန်ခါချသကဲ့သို့ စာတန်သည် သင်တို့ကို ဆန်ခါချရန် အခွင့်တောင်းလေပြီ။ သို့သော် သင်၏ယုံကြည်ခြင်းမဆုံးရှုံးမည့်အကြောင်း သင့်အတွက် ငါဆုတောင်းပြီ။ သို့ဖြစ်၍ သင်သည် သတိတရားပြန်ရသောအခါ သင်၏ညီအစ်ကိုများကို ခိုင်ခံ့မြဲမြံစေလော့”ဟု မိန့်တော်မူ၏။ ထိုအခါ ပေတရုက “သခင်၊ အကျွန်ုပ်သည် ထောင်ထဲသို့ဖြစ်စေ၊ သေခြင်းအထိဖြစ်စေ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ရှိပါသည်”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ပေတရု၊ သင့်အား ငါဆိုမည်။ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်က“ငါသည် သင်တို့ကို ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ စေလွှတ်သောအခါ သင်တို့တွင် လိုအပ်မှုတစ်စုံတစ်ရာရှိခဲ့သလော”ဟု တပည့်တော်တို့အားမေးတော်မူလျှင် သူတို့က “မရှိခဲ့ပါ”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ယခုမူကား ငွေအိတ်ရှိသောသူသည် ယူသွားစေ။ ထိုနည်းတူ လွယ်အိတ်ကိုလည်း ယူသွားစေ။ ဓားမရှိသောသူသည် မိမိအဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။ သင်တို့အား ငါဆိုသည်ကား ‘သူသည် တရားမဲ့သောသူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ဟု ရေးထားသောအရာသည် ငါ၌ပြည့်စုံရမည်။ အမှန်စင်စစ် ငါနှင့်ပတ်သက်သောအရာသည် ဆုံးခန်းသို့ရောက်နေပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့က “သခင်၊ ဤမှာဓားနှစ်လက်ရှိပါ၏”ဟု လျှောက်ကြလျှင် ကိုယ်တော်က“လုံလောက်ပြီ”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည်ထွက်ခွာ၍ ပြုလေ့ရှိသည့်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။ ထိုအရပ်သို့ရောက်တော်မူသောအခါ ကိုယ်တော်က“ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ဆုတောင်းကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ထံမှခဲတစ်ပစ်စာခန့်ခွာသွား၍ ဒူးထောက်လျက် “အို အဖ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။ ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံထင်ရှားလာ၍ကိုယ်တော်ကိုအားပေးလေ၏။ ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။ ကိုယ်တော်သည် ဆုတောင်းရာမှထ၍ တပည့်တော်တို့ထံသို့ ပြန်လာသောအခါ သူတို့သည် ဝမ်းနည်းနွမ်းလျသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင် “အဘယ်ကြောင့်အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် ထ၍ဆုတောင်းကြလော့”ဟု မိန့်တော်မူ၏။