ရှင်လုကာ 12:22-27
ရှင်လုကာ 12:22-27 Judson Bible (JBMLE)
တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍ ကိုယ်အဖို့ မစိုးရိမ်ကြနှင့်ဟု ငါဆို၏။- အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။- ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။- အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။- ထိုသို့ အငယ်ဆုံးသောအမှုကိုမျှ မတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့်စိုးရိမ်ကြသနည်း။- နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီး အဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကို မမီဟု ငါဆို၏။
ရှင်လုကာ 12:22-27 Common Language Bible (BCL)
ထိုနောက်သခင်ယေရှုကတပည့်တော်တို့ အား``သို့ဖြစ်၍သင်တို့သည်အဘယ်သို့စား ရမည်နည်းဟု အသက်ရှင်ရေးအတွက်မစိုး ရိမ်ကြနှင့်။ အဘယ်အရာကိုဝတ်ရမည်နည်း ဟု ကိုယ်ခန္ဓာအတွက်မစိုးရိမ်ကြနှင့်။- အသက်သည်အစားအစာထက်အရေးကြီး ၏။ ကိုယ်ခန္ဓာသည်အဝတ်ထက်အရေးကြီး၏။- ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ အသီးအနှံများ ကိုမရိတ်မသိမ်း။ သူတို့မှာကုန်လှောင်ခန်းများ၊ ကျီများမရှိ။ သို့ရာတွင်ဘုရားသခင်သည် သူတို့အားကျွေးမွေးတော်မူ၏။ သင်တို့ ကားငှက်များထက်များစွာအဖိုးထိုက်သည် မဟုတ်လော။- သင်တို့တွင်အဘယ်သူသည်စိုးရိမ်ခြင်း အားဖြင့်မိမိ၏အသက်ကိုနှစ်အနည်း ငယ်မျှပို၍ရှည်စေနိုင်သနည်း။- ဤသို့သေးငယ်သောအမှုကိုမတတ်နိုင်လျှင် အဘယ်ကြောင့်အခြားအမှုများအတွက် စိုးရိမ်နေကြသနည်း။- တောနှင်းပန်းပင်များကိုကြည့်ရှုဆင်ခြင် ကြလော့။ ထိုပန်းပင်တို့သည်ဗိုင်းမငင်၊ ယက် ကန်းလည်းမရက်၊ သို့ရာတွင်ဘုန်းကြီးသော ရှောလမုန်မင်းကြီးပင်လျှင် ထိုပန်းများ ကဲ့သို့မဝတ်မဆင်နိုင်ဟုသင်တို့အား ငါဆို၏။
ရှင်လုကာ 12:22-27 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အကြောင်းမူကား အသက်သည် အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီး၏။ ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သိုလှောင်ရုံများနှင့် ကျီများလည်းမရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်တို့ထက် များစွာအဖိုးထိုက်ကြ၏။ သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။ ထိုသို့ သေးငယ်သောအမှုကိုပင် မတတ်နိုင်ကြလျှင် အဘယ်ကြောင့် အခြားသောအမှုများအတွက် စိုးရိမ်ကြသနည်း။ နှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုမည်။ မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။