ရှင်လုကာ 12:13-34
ရှင်လုကာ 12:13-34 Judson Bible (JBMLE)
လူအစုအဝေး၌ပါသော သူတစ်ယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ်အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင်၊- ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ်ပေးသနည်းဟု မေးတော်မူ၏။- ထိုမှတစ်ပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။ တစ်ဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတစ်ဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။- ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။- ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ၊ ငါ၏အသီးအနှံဥစ္စာရှိသမျှတို့ကို သိုထားမည်။- ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။- ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။- ထိုအတူ ကိုယ်အဖို့ ဘဏ္ဍာများကိုဆည်းပူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည်ဟု မိန့်တော်မူ၏။ တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍ ကိုယ်အဖို့ မစိုးရိမ်ကြနှင့်ဟု ငါဆို၏။- အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။- ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။- အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။- ထိုသို့ အငယ်ဆုံးသောအမှုကိုမျှ မတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့်စိုးရိမ်ကြသနည်း။- နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီး အဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကို မမီဟု ငါဆို၏။- ယုံကြည်အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။- ထိုကြောင့် အဘယ်သို့ စားရအံ့နည်း။ အဘယ်သို့ သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေနှောက်ခြင်းလည်း မရှိကြနှင့်။- ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။- သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။ သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏။- သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဖို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သောဘဏ္ဍာကို ဆည်းပူးကြလော့။- အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့စိတ်နှလုံး ရောက်တတ်၏။
ရှင်လုကာ 12:13-34 Common Language Bible (BCL)
ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်အားအမွေခွဲဝေပေးရန်အစ်ကိုဖြစ် သူကိုအမိန့်ရှိတော်မူပါ'' ဟုကိုယ်တော်အား လျှောက်ထား၏။ ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။- ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်ပုံဥပမာကိုဆောင် ၍ ``သူဌေးတစ်ဦးသည် မိမိ၏လယ်ယာမှ အသီးအနှံများစွာထွက်သဖြင့်၊- `ငါ၏လယ်ယာထွက်သီးနှံများကိုသိုထား ရန်နေရာမရှိ။ ငါသည်အဘယ်သို့ပြုရ အံ့နည်း' ဟု တစ်ကိုယ်တည်းတွေးတောလျက် နေ၏။- ထိုနောက် `ငါဤသို့ပြုမည်။ ကျီဟောင်းများ ကိုဖျက်၍ ပိုမိုကြီးမားသောကျီသစ်များ ကိုတည်ဆောက်မည်။ ငါ၏ဂျုံစပါးနှင့်အခြား ပစ္စည်းဥစ္စာများကို ထိုကျီသစ်ကြီးများတွင် သိုမှီးထားမည်။- ထိုနောက်`သင်သည်နှစ်ပေါင်းများစွာသုံးဆောင် ရန်ဥစ္စာပစ္စည်းများကိုသိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါး စွာနေလော့' ဟုငါ့ကိုယ်ကိုငါပြောမည်ဟု ဆို၏။- သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။ ``မိမိအတွက်ဘဏ္ဍာသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်တွင်ဆင်းရဲသော သူကား အဆိုပါသူဌေးနှင့်တူသတည်း'' ဟုမိန့်တော်မူ၏။ ထိုနောက်သခင်ယေရှုကတပည့်တော်တို့ အား``သို့ဖြစ်၍သင်တို့သည်အဘယ်သို့စား ရမည်နည်းဟု အသက်ရှင်ရေးအတွက်မစိုး ရိမ်ကြနှင့်။ အဘယ်အရာကိုဝတ်ရမည်နည်း ဟု ကိုယ်ခန္ဓာအတွက်မစိုးရိမ်ကြနှင့်။- အသက်သည်အစားအစာထက်အရေးကြီး ၏။ ကိုယ်ခန္ဓာသည်အဝတ်ထက်အရေးကြီး၏။- ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ အသီးအနှံများ ကိုမရိတ်မသိမ်း။ သူတို့မှာကုန်လှောင်ခန်းများ၊ ကျီများမရှိ။ သို့ရာတွင်ဘုရားသခင်သည် သူတို့အားကျွေးမွေးတော်မူ၏။ သင်တို့ ကားငှက်များထက်များစွာအဖိုးထိုက်သည် မဟုတ်လော။- သင်တို့တွင်အဘယ်သူသည်စိုးရိမ်ခြင်း အားဖြင့်မိမိ၏အသက်ကိုနှစ်အနည်း ငယ်မျှပို၍ရှည်စေနိုင်သနည်း။- ဤသို့သေးငယ်သောအမှုကိုမတတ်နိုင်လျှင် အဘယ်ကြောင့်အခြားအမှုများအတွက် စိုးရိမ်နေကြသနည်း။- တောနှင်းပန်းပင်များကိုကြည့်ရှုဆင်ခြင် ကြလော့။ ထိုပန်းပင်တို့သည်ဗိုင်းမငင်၊ ယက် ကန်းလည်းမရက်၊ သို့ရာတွင်ဘုန်းကြီးသော ရှောလမုန်မင်းကြီးပင်လျှင် ထိုပန်းများ ကဲ့သို့မဝတ်မဆင်နိုင်ဟုသင်တို့အား ငါဆို၏။- ယုံကြည်ကိုးစားခြင်းနည်းပါးသူတို့၊ ယနေ့ ကွင်းထဲတွင်ရှိ၍နက်ဖြန်မီးဖိုထဲသို့ရောက် ရသောတောမြက်ကို ဘုရားသခင်သည်ဤသို့ ဝတ်ဆင်ပေးလျှင် သင်တို့အားထိုထက်မက ဝတ်ဆင်ပေးမည်မဟုတ်လော။'' ``အဘယ်အရာကိုစားရအံ့နည်း၊ အဘယ် အရာကိုသောက်ရအံ့နည်းဟူ၍စိုးရိမ်ပူပန် မှုမရှိကြနှင့်။- ထိုအရာများကိုကမ္ဘာပေါ်ရှိဘုရားသခင် ကိုမယုံကြည်သူတို့သည်ရှာဖွေတတ်ကြ ၏။ ထိုအရာများကိုသင်တို့လိုကြောင်းကို သင်တို့အဖသိတော်မူ၏။- သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။ သို့ပြုလျှင်ထိုအရာများကို လည်းသင်တို့အားပေးတော်မူလိမ့်မည်။ ``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။- သင်တို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုရောင်း ၍ ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမမြေ့နိုင်သည့်ပိုက်ဆံအိတ်များကို ဆောင်ကြလော့။ သူခိုးမကပ်၊ ပိုးမဖျက်ဆီး ရာကောင်းကင်ဘုံ၌ ကုန်ခန်းခြင်းမရှိနိုင် သည့်ဘဏ္ဍာကိုဆည်းပူးကြလော့။- အဘယ်ကြောင့်ဆိုသော်သင်တို့၏ဘဏ္ဍာရှိရာ သို့ သင်တို့စိတ်သည်လည်းရောက်တတ်သော ကြောင့်ဖြစ်၏။''
ရှင်လုကာ 12:13-34 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ လူထုပရိသတ်ထဲမှ တစ်စုံတစ်ဦးက ကိုယ်တော်အား “ဆရာ၊ အကျွန်ုပ်ကိုအမွေခွဲဝေပေးရန် အကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။ သို့သော် ကိုယ်တော်က“အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့၏တရားသူကြီး၊သို့မဟုတ် ခုံလူကြီးအဖြစ် ခန့်ထားသနည်း”ဟု သူ့အားမိန့်တော်မူ၏။ ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။ တစ်ဖန် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ“သူဌေးတစ်ဦးသည် မိမိလယ်ကွင်းမှအသီးအနှံကောင်းစွာထွက်သဖြင့် ‘ငါ၏အသီးအနှံများကိုသိုထားရန် နေရာမရှိ။ ငါသည် မည်သို့ပြုရမည်နည်း’ဟု မိမိစိတ်ထဲ၌တွေးတောဆင်ခြင်လေ၏။ ထို့နောက် သူက ‘ငါဤသို့ပြုမည်။ ငါ့ကျီများကိုဖျက်၍ ပိုမိုကြီးမားသောကျီများကိုဆောက်ပြီးလျှင် ငါ၏ဂျုံဆန်နှင့်ကောင်းသောအရာရှိသမျှတို့ကို ထိုနေရာတွင် စုသိမ်းထားမည်။ ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။ သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။ မိမိအတွက် ဥစ္စာများကိုသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်၌ ကြွယ်ဝခြင်းမရှိသောသူသည် ဤသူဌေးနှင့်တူ၏”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ အသက်ရှင်ရေးအတွက် မည်သည့်အရာကိုစားရမည်နည်းဟူ၍လည်းကောင်း၊ ကိုယ်ခန္ဓာအတွက် မည်သည့်အရာကိုဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အကြောင်းမူကား အသက်သည် အစာထက် အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီး၏။ ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သိုလှောင်ရုံများနှင့် ကျီများလည်းမရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်တို့ထက် များစွာအဖိုးထိုက်ကြ၏။ သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။ ထိုသို့ သေးငယ်သောအမှုကိုပင် မတတ်နိုင်ကြလျှင် အဘယ်ကြောင့် အခြားသောအမှုများအတွက် စိုးရိမ်ကြသနည်း။ နှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုမည်။ မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။ ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မည်မျှပို၍ဆင်ယင်ပေးတော်မူလိမ့်မည်နည်း။ ထို့ကြောင့် သင်တို့သည် မည်သည့်အရာကိုစားရမည်နည်း၊ မည်သည့်အရာကိုသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။ အကြောင်းမူကား ဤလောကရှိ လူမျိုးခြားအပေါင်းတို့သည် ဤအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့သော် သင်တို့အဖသည် ဤအရာများကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။ သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအခါ ဤအရာများကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။ သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။ သင်တို့၏ဥစ္စာပစ္စည်းများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မိမိတို့အတွက် မဟောင်းနွမ်းနိုင်သော ပိုက်ဆံအိတ်များကိုပြုလုပ်ကြ၍ သူခိုးမကပ်၊ ပိုးမွှားလည်းမဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဥစ္စာဘဏ္ဍာကို သိုမှီးကြလော့။ အကြောင်းမူကား သင်တို့၏ဥစ္စာဘဏ္ဍာရှိသောနေရာ၌ သင်တို့၏စိတ်နှလုံးလည်းရောက်တတ်၏။