YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုရာ 16:1-34

ဝတ်ပြုရာ 16:1-34 Judson Bible (JBMLE)

အာ​ရုန်၏​သား​နှစ်​ယောက်​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်၍ သေ​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ သင်၏​အစ်​ကို​အာ​ရုန်​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော​အ​ဖုံး​ကို ကွယ်​ကာ​သော ကု​လား​ကာ​အ​တွင်း​သို့ အ​ခါ​ခပ်​သိမ်း​မ​ဝင်​စေ​ခြင်း​ငှာ ဆင့်​ဆို​လော့။ ငါ​သည် သေ​တ္တာ​ဖုံး​အ​ပေါ်၊ မိုး​တိမ်၌​ထင်​ရှား​မည်။ အာ​ရုန်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ​သို့ အ​ဘယ်​သို့​ဝင်​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ပါ​ရ​မည်။ သန့်​ရှင်း​သော​ပိတ်​ချော​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်၍၊ ပိတ်​ချော​ခါး​ပန်း​ကို စည်း​ရ​မည်။ ပိတ်​ချော​ဗောင်း​ကို​လည်း ဆောင်း​ရ​မည်။ ထို​အ​ဝတ်​တန်​ဆာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ ကိုယ်​ကို​ရေ​ချိုး​ပြီး​မှ ဝတ်​ဆင်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​နှစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​လက်​မှ ခံ​ယူ​ရ​မည်။ အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော မိ​မိ​အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​ပူ​ဇော်၍၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ဆိတ်​နှစ်​ကောင်​ကို​လည်း​ယူ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။ အာ​ရုန်​သည် ထို​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​တစ်​တံ၊ လွတ်​လပ်​လ​ဟာ​အ​ဖို့​တစ်​တံ၊ စာ​ရေး​တံ​နှစ်​တံ​ချ၍၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​ကျ​သော​ဆိတ်​ကို​ဆောင်​ခဲ့၍ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်​ရ​မည်။ လွတ်​လပ်​လ​ဟာ​အ​ဖို့ စာ​ရေး​တံ​ကျ​သော​ဆိတ်​ကို၊ အ​သက်​ရှင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆက်၍၊ သူ့​အ​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​လျှင်၊ တော၌ လွတ်​လပ်​လ​ဟာ​သို့ လွှတ်​လိုက်​ရ​မည်။ အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို ဆောင်​ခဲ့​ပြီး​လျှင်၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍၊ မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို သတ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​မီး​ခဲ​နှင့် ပြည့်​သော လင်​ပန်း​ကို​ကိုင်​လျက်၊ ညက်​စွာ​သော နံ့​သာ​ပေါင်း​မွှေး​အ​မှုန့်​ကို မိ​မိ​လက်၌​အ​ပြည့်​ယူ၍၊ ကု​လား​ကာ​အ​တွင်း​သို့ ဆောင်​သွား​ရ​မည်။ ထို​အ​ခါ​သူ​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ နံ့​သာ​ပေါင်း​အ​ခိုး​အ​ငွေ့​သည် သက်​သေ​ခံ​ချက်​အ​ပေါ်​မှာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို မွှန်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နံ့​သာ​ပေါင်း​ကို မီး​ပေါ်​မှာ​တင်​ရ​မည်။ နွား​အ​သွေး​အ​ချို့​ကို​လည်း​ယူ၍ အ​ရှေ့​မျက်​နှာ​ဘက် သေ​တ္တာ​ဖုံး​အ​ပေါ်၌ လက်​ညှိုး​နှင့်​ဖျန်း​ရ​မည်။ သေ​တ္တာ​ဖုံး​ရှေ့၌​လည်း ခု​နစ်​ကြိမ်​တိုင်​အောင် လက်​ညှိုး​နှင့်​ဖျန်း​ရ​မည်။ ထို​နောက် လူ​များ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​သတ်၍၊ အ​သွေး​ကို ကု​လား​ကာ​အ​တွင်း​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ နွား​အ​သွေး​ကို ဖျန်း​သ​ကဲ့​သို့၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌​လည်း​ကောင်း၊ ရှေ့၌​လည်း​ကောင်း ဖျန်း​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပြစ်​မှား​သော အ​ပြစ်​အ​မျိုး​မျိုး​တို့​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​ထဲ​မှာ​နေ​ရ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့ ပြု​ရ​မည်။ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဝင်​သော​အ​ခါ၊ မိ​မိ​အ​ဖို့၊ မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့၊ ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ မ​ထွက်​မီ​တိုင်​အောင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​မှာ အ​ဘယ်​သူ​မျှ​မ​နေ​ရ။ နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​သို့​ထွက်​လာ၍ ထို​ပ​လ္လင်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ နွား​အ​သွေး၊ ဆိတ်​အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပတ်​လည် ဦး​ချို​တို့၌​ထည့်​ရ​မည်။ ယဇ်​ပ​လ္လင်​အ​ပေါ်၌​လည်း ထို​အ​သွေး​ကို​လက်​ညှိုး​နှင့် ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​မှ စင်​ကြယ်​သန့်​ရှင်း​စေ​ရ​မည်။ ထို​သို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြီး​စီး​ပြီး​မှ၊ အ​သက်​ရှင်​သော​ဆိတ်​ကို ဆောင်​ခဲ့​ရ​မည်။ အာ​ရုန်​သည် အ​သက်​ရှင်​သော​ဆိတ်​ခေါင်း​ပေါ်​မှာ လက်​နှစ်​ဖက်​ကို​တင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဒု​စ​ရိုက်​မှ​စ၍ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို​ဖော်​ပြ၍၊ ဆိတ်​ခေါင်း​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ တော်​လျော်​သော​လူ​တွင် တော​သို့​စေ​လွှတ်​ရ​မည်။ သူ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို၊ လူ​မ​နေ​သော အ​ရပ်​သို့​ဆောင်​သွား​သော​ထို​ဆိတ်​ကို တော၌​လွှတ်​လိုက်​ရ​မည်။ တစ်​ဖန် အာ​ရုန်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ထဲ​သို့​ဝင်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့ အ​ရင်​ဝင်​သော​အ​ခါ၊ ဝတ်​သော​ပိတ်​ချော​အ​ဝတ်​ကို​ချွတ်၍ ထို​အ​ရပ်၌​ထား​ရ​မည်။ သန့်​ရှင်း​ရာ​ဌာ​န၌ ကိုယ်​ကို​ရေ​ချိုး၍၊ မိ​မိ​အ​ဝတ်​ကို​ဝတ်​ပြီး​မှ တစ်​ဖန်​ထွက်​လာ၍၊ မိ​မိ​မီး​ရှို့​ရာ​ယဇ်၊ လူ​များ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ မိ​မိ​အ​ဖို့​နှင့် လူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ဆီ​ဥ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ လွတ်​လပ်​လ​ဟာ​သို့ ဆိတ်​ကို​လွှတ်​လိုက်​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဆောင်​သွင်း​သော အ​သွေး​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​လည်း​ကောင်း၊ တပ်​ပြင်​သို့​ယူ​သွား၍ အ​ရေ၊ အ​သား၊ ချေး​နု​ကို မီး​ရှို့​ရ​မည်။ မီး​ရှို့​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။ သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဟူ​မူ​ကား၊ အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ သ​တ္တ​မ​လ​ဆယ်​ရက်​နေ့၌ အ​လုပ်​ကို​အ​လျှင်း​မ​လုပ်၊ ခြိုး​ခြံ​စွာ​ကျင့်​လျက်​နေ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် ကင်း​စင်​မည်​အ​ကြောင်း၊ ထို​နေ့​ရက်၌ ယဇ်​ပု​ရော​ဟိတ်​သည် သင်​တို့​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​နေ့​ရက်​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ သင်​တို့​ငြိမ်​ဝပ်​ရာ​ဥ​ပုသ်​နေ့၊ ခြိုး​ခြံ​စွာ​ကျင့်​ရ​သော​နေ့​ဖြစ်​သ​တည်း။ အ​ဘ​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ အ​ရင်​ယဇ်​ပု​ရော​ဟိတ်​လက်​မှ ဘိ​သိက်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ခံ​သော​သူ​သည်၊ ထို​အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​ယဇ်​ပု​ရော​ဟိတ်​သည် သန့်​ရှင်း​သော ပိတ်​ချော​အ​ဝတ်​ကို​ဝတ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖို့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။ ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​မည်​အ​ကြောင်း၊ သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း အာ​ရုန်​ပြု​လေ၏။

ဝတ်ပြုရာ 16:1-34 Common Language Bible (BCL)

အာ​ရုန်​၏​သား​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​မ​သန့်​စင်​သော​မီး​ဖြင့်​ပူ​ဇော် သော​ကြောင့် သေ​ဆုံး​ကြ​ပြီး​နောက်​ကိုယ် တော်​သည်​မော​ရှေ​အား၊- ``သင်​၏​အစ်​ကို​အာ​ရုန်​သည် ကန့်​လန့်​ကာ အ​တွင်း​ရှိ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ သတ်​မှတ်​သည့်​အ​ချိန်​၌​သာ​ဝင်​ရ​မည် ဖြစ်​ကြောင်း​ပြော​ကြား​လော့။ အ​ဘယ်​ကြောင့် ဆို​သော် ငါ​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှိ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​မိုး တိမ်​၌​ထင်​ရှား​တော်​မူ​မည်​ဖြစ်​သည်။ သူ သည်​ဤ​ပ​ညတ်​ကို​မ​နာ​ခံ​လျှင်​သေ​ရ လိမ့်​မည်။- သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် နွား ပျို​တစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး ထီး​တစ်​ကောင်​ကို​ယူ​ဆောင်​လာ​ပြီး​မှ အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ဝင်​ရ​မည်'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ညွှန် ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။ အာ​ရုန်​သည် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​မ​ဝင်​မီ ရေ​ချိုး​၍​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သော​ပိတ်​ချော​ဝတ်​ရုံ၊ ဘောင်း​ဘီ၊ ခါး​စည်း နှင့်​ဗောင်း​ထုပ်​များ​ကို​ဝတ်​ဆင်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​ထီး​နှစ်​ကောင်​နှင့် မီး​ရှို့​ရာ​ယဇ်​အ​တွက်​သိုး​ထီး​တစ်​ကောင် ကို​အာ​ရုန်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။- သူ​သည်​မိ​မိ​အ​ပြစ်​များ​နှင့် မိ​မိ​၏ မိ​သား​စု​အ​ပြစ်​များ​ဖြေ​ရန် နွား​ထီး ကို​ပူ​ဇော်​ရ​မည်။- ထို​နောက်​သူ​သည်​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊- ကျောက်​တုံး​နှစ်​တုံး​ကို​ယူ​လျက်၊ ကျောက်​တုံး တစ်​တုံး​ကို``ထာ​ဝရ​ဘု​ရား​အ​တွက်'' ဟူ​၍ လည်း​ကောင်း၊ အ​ခြား​ကျောက်​တုံး​ကို``အ​ဇာ ဇယ်​အ​တွက်'' ဟူ​၍​လည်း​ကောင်း​မှတ်​သား​ပြီး​နောက် ဆိတ် နှစ်​ကောင်​ကို​စာ​ရေး​တံ​ချ​ရ​မည်။- အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် စား ရေး​တံ​ကျ​သော​ဆိတ်​ကို​အ​ပြစ်​ပြေ​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ပူ​ဇော်​ရ​မည်။- အ​ဇာ​ဇယ်​အ​တွက်​စာ​ရေး​တံ​ကျ​သော​ဆိတ် အ​ရှင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၍ လူ​တို့​၏​အ​ပြစ်​များ​ကို​ယူ​ဆောင်​သွား​စေ ရန် ထို​ဆိတ်​ကို​တော​ကန္တာ​ရ​သို့​စေ​လွှတ်​လိုက် ရ​မည်။ အာ​ရုန်​သည်​မိ​မိ​၏​မိ​သား​စု​အ​တွက် အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နွား​ထီး​ကို ပူ​ဇော်​သော​အ​ခါ၊- ယဇ်​ပလ္လင်​မှ​မီး​ခဲ​များ​ကို​မီး​ကျီး​ခံ​လင်​ပန်း ၌ အ​ပြည့်​ထည့်​၍​နံ့​သာ​မှုန့်​လက်​နှစ်​ဆုပ်​ကို ယူ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့​ဝင်​ရ​မည်။- ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် နံ့​သာ​ကို​မီး​ခဲ​ပေါ်​၌​ဖြူး​ရ​မည်။ နံ့​သာ မှ​ထွက်​သော​မီး​ခိုး​သည်​ပ​ဋိ​ညာဉ်​သေတ္တာ ဖုံး​ကို​ကွယ်​ထား​သ​ဖြင့် သူ​သည်​အ​ဖုံး​ကို မ​မြင်​နိုင်​သော​ကြောင့်​အ​သက်​ချမ်း​သာ ရာ​ရ​လိမ့်​မည်။- သူ​သည်​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ လက် ညှိုး​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​အ​ရှေ့​ပိုင်း​ကို ဖျန်း​ရ​မည်။ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌​လည်း ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။ ထို​နောက်​သူ​သည် လူ​တို့​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော် သ​ကာ​ဖြစ်​သော​ဆိတ်​ကို​သတ်​၍ သွေး​ကို​အ​လွန် သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့​ယူ​ခဲ့​ရ​မည်။ နွား ၏​သွေး​ကို​ဖျန်း​သည့်​နည်း​တူ​ဆိတ်​၏​သွေး​ကို ပ​ဋိ​ညာဉ်​သေတ္တာ​ဖုံး​ပေါ်​တွင်​လည်း​ကောင်း၊ သေတ္တာ​အ​ရှေ့​တွင်​လည်း​ကောင်း​ဖျန်း​ရ မည်။- ဤ​နည်း​အား​ဖြင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မ​သန့်​စင်​ခြင်း​နှင့်​အ​ပြစ် အ​မျိုး​မျိုး​တို့​ကြောင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ မည်။ တဲ​တော်​သည်​မ​သန့်​စင်​သော​စ​ခန်း​အ​လယ် တွင်​တည်​ရှိ​သ​ဖြင့် တဲ​တော်​အ​တွက်​သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။- အာ​ရုန်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့​ဝင်​၍ သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင်​ရွက် သည့်​အ​ချိန်​မှ​စ​၍ ပြန်​ထွက်​လာ​သည့်​အ​ချိန် အ​ထိ​တဲ​တော်​အ​တွင်း​၌​မည်​သူ​မျှ​မ​ရှိ စေ​ရ။ သူ​သည်​မိ​မိ​နှင့်​မိ​မိ​၏​မိ​သား​စု အ​တွက်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​မျိုး သား​လုံး​အ​တွက်​လည်း​ကောင်း အ​ပြစ်​ပြေ ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ၊- မီး​ရှို့​ရာ​ယဇ်​ပလ္လင်​သို့​ထွက်​လာ​၍ ထို​ပလ္လင် အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ သူ သည်​နွား​၏​သွေး​နှင့်​ဆိတ်​၏​သွေး​အ​နည်း ငယ်​စီ​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​တွင်​သုတ်​လိမ်း​ရ​မည်။- ယဇ်​ပလ္လင်​အ​ပေါ်​သို့​လည်း​သွေး​ကို​လက်​ညှိုး ဖြင့်​ခု​နစ်​ကြိမ်​ဖြန်း​ရ​မည်။ ဤ​နည်း​အား ဖြင့်​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​အ​ပြစ်​များ​အ​တွက် ယဇ်​ပလ္လင်​ကို​သန့်​စင် စေ​ပြီး​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လေ​သည်။ အာ​ရုန်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​နှင့် ယဇ်​ပလ္လင်​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ပြီး​သော​အ​ခါ အ​ဇာ​ဇယ်​အ​တွက်​ရွေး ချယ်​ထား​သော​ဆိတ်​အ​ရှင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​ဆက်​ကပ်​ရ​မည်။- သူ​သည်​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက် နှစ်​ဘက်​ကို​တင်​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဒု​စ​ရိုက်​အ​ပြစ်​နှင့်​ပုန်​ကန်​မှု ရှိ​သ​မျှ​ကို​ဝန်​ချ​သော​အား​ဖြင့် ထို​ဒု​စ​ရိုက် အ​ပြစ်​များ​ကို​ဆိတ်​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ရောက်​စေ​သည်။ ထို​နောက်​တာ​ဝန်​ကျ သော​သူ​သည် ဆိတ်​ကို​တော​ကန္တာ​ရ​ထဲ သို့​မောင်း​နှင်​ရ​မည်။- ဤ​နည်း​အား​ဖြင့်​ဆိတ်​သည်​လူ​သူ​ကင်း​မဲ့​သော အ​ရပ်​သို့ လူ​၏​ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့ ကို​သယ်​ဆောင်​သွား​လိမ့်​မည်။ ထို​နောက်​အာ​ရုန်​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​မ​ဝင်​မီ​က ဝတ်​ဆင်​ခဲ့​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ချွတ်​ထား​ခဲ့​ရ​မည်။- သူ​သည်​သီး​သန့်​နေ​ရာ​တွင်​ရေ​ချိုး​ပြီး​နောက် မိ​မိ​၏​အ​ဝတ်​အင်္ကျီ​များ​ကို​ဝတ်​ဆင်​ရ​မည်။ ထို့​နောက်​သူ​သည်​ယဇ်​ပလ္လင်​သို့​ထွက်​သွား​၍ မိ​မိ​၏​အ​ပြစ်​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​အ​တွက် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။- သူ​သည်​ယဇ်​ပလ္လင်​ပေါ်​တွင်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​၏​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​ရ​မည်။- တော​ကန္တာ​ရ​ထဲ​သို့​အ​ဇာ​ဇယ်​ကို​မောင်း​နှင် သွား​ရ​သူ​သည် မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍​ရေ​ချိုး​ပြီး​မှ စ​ခန်း​အ​တွင်း​သို့ ပြန်​ဝင်​ရ​မည်။- အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​များ​ဖြစ်​သည့်​နွား နှင့်​ဆိတ်​သွေး​ကို အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ထဲ​သို့​ယူ​ဆောင်​ပြီး​နောက် ယဇ်​ကောင် များ​၏​အ​သား၊ သား​ရေ၊ ဝမ်း​တွင်း​သား​ရှိ သ​မျှ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​၍ မီး​ရှို့​ပစ်​ရ​မည်။- ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရ​သူ​သည် မိ​မိ ၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ပြီး မှ စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင်​ရ​မည်။ သင်​တို့​သည်​အောက်​တွင်​ဖော်​ပြ​ပါ​ပ​ညတ်​ကို ထာ​ဝ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ သတ္တမ​လ၊ ဆယ်​ရက်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့် သူ​တို့​ထံ​၌​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည် အ​စာ​ရှောင်​၍​မည်​သည့်​အ​လုပ်​ကို မျှ​မ​လုပ်​ရ။- ထို​နေ့​တွင်​သူ​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ခြင်း ဝတ်​ကို​ပြု​ရ​မည်။- ထို​နေ့​သည်​အ​လွန်​သန့်​ရှင်း​သော​နေ့​ဖြစ်​သည်။ ထို​နေ့​၌​မည်​သည့်​အ​လုပ်​ကို​မျှ​မ​လုပ်​ရ။ ဤ ပ​ညတ်​ကို​သား​စဉ်​မြေး​ဆက်​စောင့်​ထိန်း​ရ​မည်။- ဖ​ခင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန် သိက္ခာ တင်​ဆက်​ကပ်​ပြီး​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​က သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။ ထို​ယဇ်​ပု​ရော ဟိတ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို ဝတ်​ဆင်​၍၊- အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော်​အ​ပါ​အ​ဝင် ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်၊ ယဇ် ပလ္လင်၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အ​တွက် သန့်​စင် ခြင်း​ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။- သင်​တို့​သည်​ဤ​ပညတ်​ချက်​များ​ကို​ထာ​ဝ စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​မိ​သ​မျှ​သော​အ​ပြစ်​မှ​ပြေ​စေ အံ့​သော​ငှာ ဤ​ဝတ်​ကို​တစ်​နှစ်​လျှင်​တစ်​ကြိမ် ပြု​ရ​မည်။ သို့​ဖြစ်​ပါ​၍​မော​ရှေ သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​လေ​၏။

ဝတ်ပြုရာ 16:1-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာရုန်​၏​သား​နှစ်​ယောက်​သည် ထာဝရဘုရား​ရှေ့​တော်​သို့​ချဉ်းကပ်​၍ သေ​သွား​ကြ​ပြီးနောက် ထာဝရဘုရား​က မောရှေ​အား “​ငါ​သည် ကရုဏာ​တော်​ပလ္လင်​အထက်​တွင် မိုးတိမ်​အားဖြင့်​ထင်ရှား​မည်​ဖြစ်၍ သင်​၏​အစ်ကို​အာရုန်​မ​သေ​ရ​မည့်​အကြောင်း သေတ္တာ​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ရှေ့​၊ ကန့်လန့်ကာ​အတွင်း​ဘက်​ရှိ သန့်ရှင်းရာဌာန​ထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​ရန် သူ့​အား​ပြော​လော့​။ အာရုန်​သည် သန့်ရှင်းရာဌာန​သို့ လာ​သောအခါ သူ​သည် အပြစ်ဖြေရာယဇ်​အတွက် နွားအုပ်​ထဲမှ​နွားထီးပျို​တစ်​ကောင်​၊ မီးရှို့ရာယဇ်​အတွက် သိုးထီး​တစ်​ကောင်​ယူလာ​ရ​မည်​။ သူ​သည် ကိုယ်​ပေါ်၌ သန့်ရှင်း​သော​ပိတ်ချော​အတွင်းသင်တိုင်း​နှင့် ပိတ်ချော​ဘောင်းဘီ​ကို​ဝတ်​ရ​မည်​။ ပိတ်ချော​ခါးစည်း​ကို​စည်း​၍ ပိတ်ချော​ခေါင်းပေါင်း​ကို ဆောင်း​ရ​မည်​။ ဤ​အဝတ်တန်ဆာ​တို့​သည် သန့်ရှင်း​သည်​ဖြစ်၍ ရေချိုး​ပြီးမှ ဝတ်ဆင်​ရ​မည်​။ အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​အထီး​နှစ်​ကောင်​၊ မီးရှို့ရာယဇ်​အတွက် သိုးထီး​တစ်​ကောင်​ကို အစ္စရေး​အမျိုးသား​လူထု​ထံမှ ယူ​ရ​မည်​။ အာရုန်​သည် မိမိ​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး​ကို ပူဇော်​ရ​မည်​။ မိမိ​နှင့်​မိမိ​အိမ်သူအိမ်သား​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။ ဆိတ်သငယ်​နှစ်​ကောင်​ကို​လည်း​ယူ​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၌ ထား​ရ​မည်​။ အာရုန်​သည် ထို​ဆိတ်သငယ်​နှစ်​ကောင်​ကို မဲချ​ရ​မည်​။ မဲ​တစ်​ခု​သည် ထာဝရဘုရား​အဖို့​ဖြစ်၍ ကျန်​မဲ​တစ်​ခု​သည် အဇာဇယ်​အဖို့​ဖြစ်​၏​။ အာရုန်​သည် ထာဝရဘုရား​အဖို့ မဲ​ကျ​သော​ဆိတ်သငယ်​ကို ယူဆောင်​လာ​၍ အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။ အဇာဇယ်​အဖို့ မဲ​ကျ​သော​ဆိတ်သငယ်​ကို​ကား အပြစ်ဖြေလွှတ်​ခြင်း​အတွက်​အသုံးပြု​၍ အဇာဇယ်​အဖို့ တောကန္တာရ​ထဲသို့ လွှတ်​ရန် ထာဝရဘုရား​ထံ အသက်ရှင်​လျက် ဆက်သ​ရ​မည်​။ အာရုန်​သည် မိမိ​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး​ကို ပူဇော်​ရ​မည်​။ မိမိ​နှင့်​မိမိ​အိမ်သူအိမ်သား​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။ မိမိ​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​ကို သတ်​ရ​မည်​။ ထာဝရဘုရား​ရှေ့​တော်​ရှိ ယဇ်ပလ္လင်​ပေါ်​မှ မီးခဲ​များ​ကို မီးကျီးခံဗန်း​နှင့်​အပြည့်​၊ အမွှေးနံ့သာပေါင်း​အမှုန့်​ကို လက်ခုပ်​နှင့်​အပြည့်​ယူ​၍ ကန့်လန့်ကာ​၏​အတွင်း​ဘက်​သို့ ယူဆောင်​လာ​ရ​မည်​။ သူ​မ​သေ​ရ​မည့်​အကြောင်း သက်သေခံချက်​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ကို နံ့သာပေါင်း​၏​မီးခိုးငွေ့​ဖြင့် ဖုံးလွှမ်း​စေရန် နံ့သာပေါင်း​ကို ထာဝရဘုရား​ရှေ့​တော်​ရှိ မီး​ပေါ်၌ တင်ထား​ရ​မည်​။ သူ​သည် နွားထီး​၏​သွေး​အချို့​ကို​ယူ​၍ ၎င်း​ကို မိမိ​လက်ချောင်း​ဖြင့် ကရုဏာ​တော်​ပလ္လင်​၏​မျက်နှာစာ​ပေါ်၌ ဖျန်း​ရ​မည်​။ သွေး​အချို့​ကို မိမိ​၏​လက်ချောင်း​ဖြင့် ကရုဏာ​တော်​ပလ္လင်​ရှေ့​၌ ခုနစ်​ကြိမ်​ဖျန်း​ရ​မည်​။ ထို့နောက် လူ​တို့​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော ဆိတ်သငယ်​ကို​သတ်​၍ ၎င်း​၏​သွေး​ကို ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ယူဆောင်​လာ​ရ​မည်​။ နွားထီး​၏​သွေး​ကို​ဖျန်း​သကဲ့သို့ ဆိတ်ထီးကလေး​၏​သွေး​ကို​လည်း ကရုဏာ​တော်​ပလ္လင်​ပေါ်၌​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင်​ရှေ့​၌​လည်းကောင်း ဖျန်း​ရ​မည်​။ ဤသို့ဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​၏​မစင်ကြယ်​ခြင်း​ကြောင့်​၊ သူ​တို့​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကြောင့် သန့်ရှင်းရာဌာန​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ ထိုနည်းတူ သူ​တို့​နှင့်အတူ သူ​တို့​၏​မစင်ကြယ်​ခြင်း​အလယ်​၌ တည်​နေ​သော တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အတွက်​လည်း ပြု​ရ​မည်​။ သူ​သည် မိမိ​အတွက်​၊ မိမိ​၏​အိမ်သူအိမ်သား​အတွက်​၊ အစ္စရေး​လူအစုအဝေး​အပေါင်း​တို့​အတွက် သန့်ရှင်းရာဌာန​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ဝင်​သော​အချိန်​မှစ၍ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပြီး ပြန်ထွက်လာ​သည့်​အချိန်​ထိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲ၌ မည်သူ​တစ်ဦးတစ်ယောက်​မျှ​မ​ရှိ​ရ​။ ထို့နောက် ထာဝရဘုရား​ရှေ့​တော်​ရှိ ယဇ်ပလ္လင်​သို့ ထွက်လာ​၍ ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ နွားထီး​၏​သွေး​အချို့​နှင့် ဆိတ်သငယ်​၏​သွေး​အချို့​ကို​ယူ​၍ ယဇ်ပလ္လင်​ပတ်လည်​ရှိ​ချို​များ​ကို သုတ်လိမ်း​ရ​မည်​။ သွေး​အချို့​ကို မိမိ​၏​လက်ချောင်း​ဖြင့် ယဇ်ပလ္လင်​ပေါ်၌ ခုနစ်​ကြိမ်​ဖျန်း​ပြီး စင်ကြယ်​စေ​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပလ္လင်​ကို အစ္စရေး​အမျိုးသား​တို့​၏​မစင်ကြယ်​ခြင်း​မှ စင်ကြယ်​အောင် ပြု​ရ​မည်​။ ထိုသို့ သန့်ရှင်းရာဌာန​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် ယဇ်ပလ္လင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပြီး​သောအခါ အသက်ရှင်​သော​ဆိတ်သငယ်​ကို ယူလာ​ရ​မည်​။ အာရုန်​သည် မိမိ​လက်​နှစ်​ဖက်​ကို အသက်ရှင်​သော​ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌ တင်​၍ အစ္စရေး​အမျိုးသား​တို့​၏​ဒုစရိုက်​ရှိသမျှ​၊ သူ​တို့​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကို ဖော်ပြဝန်ခံ​ရ​မည်​။ ထို​အပြစ်​တို့​ကို ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌​တင်ထား​ပြီး ထို​ဆိတ်သငယ်​ကို တာဝန်​ရှိ​သူ​မှတစ်ဆင့် တောကန္တာရ​ထဲသို့ လွှတ်လိုက်​ရ​မည်​။ ဆိတ်သငယ်​သည် သူ​တို့​၏​အပြစ်​ရှိသမျှ​ကို လူသူကင်းဝေး​ရာ​အရပ်​သို့ ယူဆောင်​သွား​မည်​။ တာဝန်​ရှိ​သူ​သည် ဆိတ်သငယ်​ကို တောကန္တာရ​ထဲသို့ လွှတ်လိုက်​ရ​မည်​။ ထို့နောက် အာရုန်​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ဝင်​ပြီးလျှင် သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​စဉ်က ဝတ်​ခဲ့​သည့်​ပိတ်ချော​အဝတ်တန်ဆာ​ကို​ချွတ်​၍ ထို​နေရာ​၌ ထားခဲ့​ရ​မည်​။ သူ​သည် သန့်ရှင်း​သော​နေရာ​၌ ရေချိုး​ပြီးလျှင် မိမိ​အဝတ်​ကို​ဝတ်​ရ​မည်​။ ထို့နောက် ထွက်လာ​၍ မိမိ​၏​မီးရှို့ရာယဇ်​၊ လူ​တို့​၏​မီးရှို့ရာယဇ်​တို့​ကို ပူဇော်​ခြင်း​ဖြင့် မိမိ​အတွက်​၊ လူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ အပြစ်ဖြေရာယဇ်ကောင်​၏​အဆီ​ကို​လည်း ယဇ်ပလ္လင်​ပေါ်၌ ရှို့​ရ​မည်​။ အဇာဇယ်​အဖို့ ဆိတ်သငယ်​ကို လွှတ်​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို့နောက်မှ တပ်စခန်း​ထဲသို့ ပြန်ဝင်​ရ​မည်​။ သန့်ရှင်းရာဌာန​ထဲ၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် အသွေး​ယူဆောင်​သွား​ခြင်း​ခံရ​သည့် အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​နှင့် အပြစ်ဖြေရာယဇ်​ဖြစ်​သော​ဆိတ်သငယ်​ကို တပ်စခန်း​၏​အပြင်ဘက်​သို့ ယူဆောင်​သွား​၍ ၎င်း​တို့​၏​အရေခွံ​၊ အသား​၊ မစင်​တို့​ကို မီး​ရှို့​ပစ်​ရ​မည်​။ ထို​အရာ​တို့​ကို​ရှို့​သော​သူ​သည် မိမိ​အဝတ်​ကို​လျှော်​၍ ရေချိုး​ရ​မည်​။ ထို့နောက်မှ တပ်စခန်း​ထဲသို့ ပြန်ဝင်​ရ​မည်​။ သင်​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ကား ဤသို့​ဖြစ်​၏​။ သင်​တို့​၏​အမျိုးသားချင်း​ဖြစ်စေ​၊ သင်​တို့​ထဲတွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ဖြစ်စေ သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ်​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။ အကြောင်းမူကား သင်​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​တို့​၏​အပြစ်​ရှိသမျှ​မှ စင်ကြယ်​ကြ​မည့်​အကြောင်း ထို​နေ့​၌ ယဇ်ပုရောဟိတ်​သည် သင်​တို့​စင်ကြယ်​စေရန် သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​မည်​။ ထို​နေ့​သည် သင်​တို့​အဖို့ ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​၏​စိတ်ဆန္ဒ​ကို​ငြင်းပယ်​ရ​မည်​။ ဤသည်ကား အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။ မိမိ​ဖခင်​အရိုက်အရာ​၌ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ကို​ဆောင်ရွက်​ရန် ဘိသိက်ပေး​၍ ခန့်အပ်​ခြင်း​ခံရ​သော ယဇ်ပုရောဟိတ်​သည် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ သူ​သည် သန့်ရှင်း​သော​အဝတ်တန်ဆာ​ဖြစ်​သည့် ပိတ်ချော​အဝတ်တန်ဆာ​ကို ဝတ်ဆင်​၍ အသန့်ရှင်းဆုံး သန့်ရှင်းရာဌာန​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့်​ယဇ်ပလ္လင်​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ ယဇ်ပုရောဟိတ်​များ​နှင့်​လူ​အစုအဝေး​အပေါင်း​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။ ဤသည်ကား တစ်​နှစ်​လျှင်​တစ်ကြိမ် အစ္စရေး​အမျိုးသား​တို့​၏​အပြစ်​ရှိသမျှ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် သင်​တို့ အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ အာရုန်​သည်​လည်း မောရှေ​အား​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြု​လေ​၏​။