YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှု 6:1-27

ယောရှု 6:1-27 Judson Bible (JBMLE)

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြောင့်၊ ယေ​ရိ​ခေါ​မြို့​သည် ကျပ်​တည်း​စွာ​ပိတ်​ထား​လျက်​ရှိ၍၊ ထွက်​သော​သူ၊ ဝင်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ယေ​ရိ​ခေါ​မြို့၊ ယေ​ရိ​ခေါ​မင်း​ကြီး​နှင့်​တ​ကွ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​ကို သင့်​လက်၌ ငါ​အပ်​လေ​ပြီ။ သို့​ဖြစ်၍ မြို့​ကို​လှည့်​ပတ်​ရ​ကြ​မည်။ ဣ​သ​ရေ​လ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ခြောက်​ရက်​ပတ်​လုံး လှည့်​ပတ်​ခြင်း​အ​မှု​ကို ပြု​ရ​ကြ​မည်။ ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​ရ​ကြ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​ကို​မှုတ်​ရ​ကြ​မည်။ ယု​ဘိ​လ​တံ​ပိုး​တို့​ကို ရှည်​သော​အ​သံ​နှင့် မှုတ်၍၊ တံ​ပိုး​သံ​ကို​ကြား​လျှင် လူ​အ​ပေါင်း​တို့​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ မြို့​ရိုး​သည် အ​ကုန်​အ​စင် ပြို​လဲ​ရ​လိမ့်​မည်။ ထို​အ​ခါ လူ​များ​တို့​သည် တည့်​တည့်​တက်​ရ​ကြ​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။ နုန်၏​သား​ယော​ရှု​သည် ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သွား​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ခု​နစ်​ယောက်​တို့​သည် ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို ဆောင်​သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း၊ လူ​များ​တို့​အား​လည်း၊ သင်​တို့​သွား၍ မြို့​ကို​လှည့်​ပတ်​ကြ​လော့။ လက်​နက်​ကိုင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း မှာ​ထား​လေ၏။ ယော​ရှု​သည် လူ​များ​တို့​အား​မှာ​ထား​ပြီး​မှ၊ ယု​ဘိ​လ​တံ​ပိုး ခု​နစ်​လုံး​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​ခု​နစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တံ​ပိုး​မှုတ်​လျက်​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် သူ​တို့​နောက်​သို့ လိုက်​လေ၏။ တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှေ့​မှာ လက်​နက်​ကိုင်​တို့​သည်​သွား၍၊ ယဇ်​ပု​ရော​ဟိတ်​များ တံ​ပိုး​မှုတ်​လျက်​သွား​ကြ​စဉ်၊ နောက်​တပ်​သား​တို့​သည် သေ​တ္တာ​တော်​နောက်​သို့ လိုက်​ကြ၏။ ယော​ရှု​က​လည်း၊ သင်​တို့​သည် ကြွေး​ကြော်​စေ​ခြင်း​ငှာ ငါ​မှာ​ထား​သော​နေ့​မ​ရောက်​မီ​တွင် မ​ကြွေး​ကြော်​ရ၊ အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ရ၊ စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​ရ။ ထို​နေ့​ရောက်​မှ ကြွေး​ကြော်​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​မှာ​နှင့်​လေ​ပြီ။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် မြို့​ကို​တစ်​ကြိမ် လှည့်​ပတ်​ဝိုင်း​သွား​ပြီး​လျှင်၊ တပ်​ထဲ​သို့​ဝင်​ပြန်၍ ည​ကို​လွန်​စေ​ကြ၏။ နံ​နက်​စော​စော ယော​ရှု​သည်​ထ၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​ယူ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ယု​ဘိ​လ​တံ​ပိုး​ခု​နစ်​လုံး​ကို​ဆောင်​သော ယဇ်​ပု​ရော​ဟိတ် ခု​နစ်​ယောက်​တို့​သည် သွား​မြဲ​သွား၍ တံ​ပိုး​မှုတ်​ကြ၏။ လက်​နက်​ကိုင်​တို့​သည် သူ​တို့​ရှေ့​မှာ​သွား၍ ယဇ်​ပု​ရော​ဟိတ်​များ တံ​ပိုး​မှုတ်​လျက်​သွား​ကြ​စဉ်၊ နောက်​တပ်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​နောက်​သို့ လိုက်​ကြ၏။ ဒု​တိ​ယ​နေ့၌ မြို့​ကို​တစ်​ကြိမ်​လှည့်​ပတ်​ပြီး​မှ တပ်​ထဲ​သို့ ပြန်​လာ​ကြ၏။ ထို​သို့ ခြောက်​ရက်​ပတ်​လုံး ပြု​ကြ၏။ သ​တ္တ​မ​နေ့ နံ​နက်​စော​စော မိုး​လင်း​စ​က​ထ၍ အ​ရင်​နည်း​တူ၊ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်​ကြ၏။ ထို​နေ့၌​သာ ခု​နစ်​ကြိမ်​တိုင်​အောင် မြို့​ကို​လှည့်​ပတ်​ရ​ကြ၏။ သ​တ္တ​မ​အ​ကြိမ်​တွင် ယဇ်​ပု​ရော​ဟိတ်​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ယော​ရှု​က၊ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​မြို့​ကို ပေး​တော်​မူ​မည်။ မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို​ကျိန်၍ ထာ​ဝ​ရ​ဘု​ရား၌ အပ်​ရ​မည်။ သို့​ရာ​တွင် ပြည့်​တန်​ဆာ​ရာ​ခပ်​သည် ငါ​တို့​စေ​လွှတ်​သော​တ​မန်​တို့​ကို ဝှက်​ထား​သော​ကြောင့်၊ သူ​နှင့်​တ​ကွ သူ၏​အိမ်၌​ရှိ​သ​မျှ​တို့​အား အ​သက်​ချမ်း​သာ​ပေး​ရ​မည်။ သင်​တို့​သည် ကျိန်​အပ်​သော​အ​ရာ​ကို သ​တိ​နှင့်​ရှောင်​ကြ​လော့။ သို့​မ​ဟုတ် ထို​အ​ရာ​ကို​သိမ်း​ယူ​လျှင် မိ​မိ​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တပ်​ကို​လည်း​ကောင်း အ​ကျိန်​ခံ​စေ၍၊ နှောင့်​ယှက်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ၏။ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ၍၊ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ယော​ရှု​သည်​မှာ​ထား​လေ၏။ ထို​သို့​နှင့်​အ​ညီ တံ​ပိုး​ကို​မှုတ်၍၊ လူ​များ​တို့​သည် ကြွေး​ကြော်​ကြ၏။ တံ​ပိုး​သံ​ကို​ကြား၍ ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​ကြ​သော​အ​ခါ၊ မြို့​ရိုး​သည် အ​ကုန်​အ​စင်​ပြို​လဲ၍၊ လူ​များ​အ​ပေါင်း​တို့​သည် မြို့​ထဲ​သို့ တည့်​တည့်​ဝင်​ပြီး​လျှင် သိမ်း​ယူ​ကြ၏။ မြို့​ထဲ၌​ရှိ​သ​မျှ​သော ယောက်ျား၊ မိန်း​မ၊ အ​ကြီး​အ​ငယ်၊ သိုး၊ နွား၊ မြည်း​ရှိ​သ​မျှ​တို့​ကို ဓား​နှင့် ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။ ထို​ပြည်​ကို စူး​စမ်း​သော လူ​နှစ်​ယောက်​တို့​အား ယော​ရှု​က၊ သင်​တို့​သည် ကျိန်​ဆို​သည်​အ​တိုင်း၊ ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့​သွား၍၊ သူ​နှင့်​တ​ကွ သူ၌​ရှိ​သ​မျှ​တို့​ကို ဆောင်​ခဲ့​ကြ​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ သူ​လျှို​လုပ်​သော​လု​လင်​တို့​သည် ဝင်၍၊ ရာ​ခပ်​နှင့် သူ့​မိ​ဘ၊ သူ့​မောင်​များ၊ သူ၌​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ့​ပေါက်​ဖော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ထုတ်​ဆောင်​ခဲ့၍၊ ဣ​သ​ရေ​လ​တပ်​ပြင်​မှာ ထား​ပြီး​လျှင်၊ မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ကြ၏။ သို့​ရာ​တွင် ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ကြ၏။ ယော​ရှု​သည်​လည်း၊ ပြည့်​တန်​ဆာ​ရာ​ခပ်​နှင့် သူ့​ပေါက်​ဖော်၊ သူ၌​ရှိ​သ​မျှ​တို့​ကို အ​သက်​ချမ်း​သာ​ပေး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယ​နေ့​တိုင်​အောင် နေ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ ယေ​ရိ​ခေါ​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ ယော​ရှု​စေ​လွှတ်​သော တ​မန်​တို့​ကို သူ​သည်​ဝှက်​ထား​သော​ကြောင့်​တည်း။ ထို​အ​ခါ​ယော​ရှု​က၊ အ​ကြင်​သူ​သည်​ထ၍ ယေ​ရိ​ခေါ​မြို့​ကို တည်​ပြန်၏။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျိန်​အပ်​သော​သူ ဖြစ်​ပါ​စေ။ သူ​သည် သား​ဦး​လက်​ထက်၌ မြို့​ရိုး​အ​မြစ်​ကို​တည်၍ သား​ထွေး​လက်​ထက်၌ မြို့​တံ​ခါး​တို့​ကို​ထောင်​ပါ​စေ​ဟု ကျိန်​ဆို၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​နှင့်​အ​တူ ရှိ​တော်​မူ၍၊ သူ၏​သ​တင်း​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။

ယောရှု 6:1-27 Common Language Bible (BCL)

ဣ​သ​ရေ​လ​အ​မျိုး​သား​များ​ယေ​ရိ​ခေါ​မြို့ တွင်း​သို့​မ​ဝင်​နိုင်​ရန်​မြို့​တံ​ခါး​များ​ကို​ပိတ် ၍ အ​စောင့်​များ​ချ​ထား​လေ​သည်။ မည်​သူ​မျှ မြို့​ကို​ဝင်​ထွက်​သွား​လာ​ခြင်း​မ​ပြု​နိုင်။- ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ငါ​သည် ယေ​ရိ​ခေါ​မြို့​နှင့်​တ​ကွ မြို့​ကို​အုပ်​ချုပ်​သော မင်း​ကြီး​နှင့်​သူ​ရ​သတ္တိ​ရှိ​သော​စစ်​သူ​ရဲ အ​ပေါင်း​တို့​ကို သင်​၏​လက်​တွင်း​သို့​ကျ ရောက်​စေ​မည်။- သင်​နှင့်​သင်​၏​စစ်​သည်​တို့​သည်​တစ်​နေ့​လျှင် တစ်​ကြိမ်​ကျ​ဖြင့် ခြောက်​ရက်​တိုင်​မြို့​ကို​ပတ် ၍​ချီ​တက်​ရ​ကြ​မည်။- ယဇ်​ပု​ရော​ဟိတ်​ခုနစ်​ယောက်​တို့​သည်​တံပိုး​ခ​ရာ တစ်​လုံး​စီ​ကိုင်​၍ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​က သွား​ရ​မည်။ သတ္တမ​နေ့​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​တံပိုး​ခရာ​မှုတ်​၍​ရှေ့​ဆောင်​လျက် သင်​နှင့် သင်​၏​စစ်​သည်​တို့​သည်​မြို့​ကို​ခု​နစ်​ကြိမ် ပတ်​ရ​ကြ​မည်။- ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခ​ရာ​ကို အ​သံ​ရှည်​ရှည်​တစ်​ချက်​မှုတ်​ရ​ကြ​မည်။ ထို အ​ချက်​ပေး​သံ​ကို​ကြား​ရ​လျှင် လူ​အ​ပေါင်း တို့​သည် အ​သံ​ကျယ်​စွာ​အော်​ဟစ်​ရ​ကြ​မည်။ ထို​အ​ခါ​မြို့​ရိုး​များ​ပြို​ကျ​သ​ဖြင့်​စစ်​သည် တပ်​သား​အား​လုံး မိ​မိ​တို့​ရှိ​နေ​ရာ​မှ​မြို့ တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ​ဝင်​ရောက် နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ယော​ရှု​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ပြီး လျှင်``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ လော့။ သင်​တို့​အ​နက်​ခု​နစ်​ယောက်​တို့​သည် တံ​ပိုး​ခ​ရာ​များ​ကို​ကိုင်​လျက် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​က​သွား​ကြ​လော့'' ဟု​မှာ ကြား​၏။- ရှေ့​ဆုံး​မှ​တပ်​သား​များ၊ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်၊ နောက်​ဆုံး တွင်​လူ​တို့​လိုက်​ပါ​လျက် မြို့​ကို​ပတ်​၍​ချီ တက်​ရန်​ယော​ရှု​အ​မိန့်​ပေး​လေ​၏။- ယော​ရှု​အ​မိန့်​ပေး​သည့်​အ​တိုင်း​တံပိုး​ခရာ​မှုတ် သော​ယဇ်​ပု​ရော​ဟိတ်​များ​ရှေ့​က လက်​နက်​ကိုင် တပ်​သား​များ​စ​တင်​ချီ​တက်​လေ​သည်။ သူ​တို့ နောက်​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် သော​ယဇ်​ပု​ရော​ဟိတ်​များ၊ သူ​တို့​နောက်​တွင် တပ်​သား​များ​လိုက်​ပါ​ချီ​တက်​ကြ​သည်။ သူ တို့​ချီ​တက်​နေ​စဉ်​ယဇ်​ပု​ရော​ဟိတ်​များ​က တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ကြ​သည်။- ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ငါ​အ​မိန့် မ​ပေး​မီ​မည်​သူ​မျှ​မ​အော်​ဟစ်​ရ။ စ​ကား တစ်​ခွန်း​မျှ​မ​ပြော​ရ'' ဟု​မှာ​ထား​ပြီး ဖြစ်​၏။- သို့​ဖြစ်​၍​ယော​ရှု​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အား​မြို့​ကို ပ​ထ​မ အ​ကြိမ်​လှည့်​ပတ်​စေ​၏။ ထို​နောက်​သူ​တို့​သည် စခန်း​သို့​ပြန်​လာ​၍​တစ်​ည​တာ​ရပ်​နား​ကြ သည်။ နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင်​ယော​ရှု​သည် နိုး​ထ​၏။ ယဇ်​ပု​ရော​ဟိတ်​နှင့်​စစ်​သည်​တို့​သည် ဒု​တိ​ယ​အကြိမ်​မြို့​ကို​ယ​ခင်​နည်း​အ​တိုင်း လှည့်​ပတ်​ကြ​၏။- ရှေ့​ဆုံး​က​တပ်​သား​များ၊ ထို​နောက်​တံ​ပိုး​ခ​ရာ ခု​နစ်​လုံး​ကို​မှုတ်​သော​ယဇ်​ပု​ရော​ဟိတ်​ခု​နစ် ယောက်၊ သူ​တို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​နောက်​ဆုံး​တပ်​သား​များ​လိုက် ပါ​ချီ​တက်​ကြ​၏။ သူ​တို့​ချီ​တက်​နေ​စဉ် ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​ကြ​သည်။- ဒု​တိ​ယ​နေ့​၌​သူ​တို့​သည်​တစ်​ဖန်​မြို့​ကို တစ် ကြိမ်​လှည့်​ပတ်​၍​စ​ခန်း​သို့​ပြန်​လာ​ကြ​လေ သည်။ သူ​တို့​သည်​ဤ​နည်း​နှင်​နှင်​ခြောက်​ရက် တိုင်​တိုင်​မြို့​ကို​လှည့်​ပတ်​ကြ​သည်။ သတ္တမ​နေ့​နံ​နက်​အ​ရုဏ်​တက်​အ​ချိန်​၌​သူ​တို့ သည်​နိုး​ထ​၍ ယ​ခင်​လှည့်​ပတ်​နည်း​အ​တိုင်း​မြို့ ကို​ခုနစ်​ကြိမ်​လှည့်​ပတ်​ကြ​လေ​သည်။ ထို​နေ့​၌ သာ​မြို့​ကို​ခု​နစ်​ကြိမ်​တိုင်​အောင်​လှည့်​ပတ်​ကြ သည်။- မြို့​ကို​သတ္တ​မ​အ​ကြိမ်​လှည့်​ပတ်​နေ​စဉ်​ယဇ် ပု​ရော​ဟိတ်​များ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​အံ့ ဆဲ​ဆဲ​၌​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဟစ် အော်​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​အား​မြို့​ကို​အပ်​တော်​မူ​ပြီ။- မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။- သို့​ရာ​တွင်​သင်​တို့​သည်​ဖျက်​ဆီး​ပစ်​ရ​မည့် အ​ရာ​များ​မှ​မည်​သည့်​ပစ္စည်း​မျှ​မ​ယူ​ရ။ အ​ကယ်​၍​ယူ​မိ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​စ​ခန်း​တွင်​ဘေး​ဒုက္ခ​ဆိုက်​ရောက် လိမ့်​မည်။- ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​ထား​သော ဝတ္ထု​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ကား ထာ​ဝ​ရ​ဘု​ရား အ​တွက်​သီး​သန့်​သတ်​မှတ်​ထား​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​သွင်း​ထား​ရ မည်'' ဟု​မိန့်​ဆို​လေ​သည်။ ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခရာ မှုတ်​လျှင်​မှုတ်​ခြင်း လူ​အ​ပေါင်း​တို့​သည် တ​ခဲ​နက်​ကြွေး​ကြော်​ရာ​မြို့​ရိုး​များ​ပြို​ကျ လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည်​မြို့​တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ ဝင်​ရောက်​၍​မြို့​ကို​သိမ်း​ယူ​ကြ​၏။- သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဋ္ဌား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။ ထို​နောက်​ယော​ရှု​သည်​ထို​ပြည်​ကို​ထောက်​လှမ်း ခဲ့​သော​သူ​လျှို​နှစ်​ယောက်​တို့​အား``သင်​တို့​သည် ပြည့်​တန်​ဆာ​မ​အား​က​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အိမ်​သူ​အိမ်​သား​တို့​ကို​ခေါ်​ဆောင်​ခဲ့​လော့'' ဟု စေ​ခိုင်း​လေ​၏။- ထို​ကြောင့်​သူ​တို့​သည်​ရာခပ်​နှင့်​တ​ကွ​သူ​၏ မိ​ဘ​များ၊ မောင်​နှ​မ​များ​နှင့်​အိမ်​သူ​အိမ်​သား များ​ကို​ခေါ်​ဆောင်​ခဲ့​၏။ ကျေး​ကျွန်​များ​ပါ မ​ကျန်​သူ​တို့​အား​လုံး​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စ​ခန်း​အ​နီး​လုံ​ခြုံ​သော အ​ရပ်​တွင်​နေ​ရာ​ချ​ထား​ကြ​လေ​သည်။- ထို​နောက်​သူ​တို့​သည်​မြို့​နှင့်​တ​ကွ​မြို့​တွင်း ၌​ရှိ​သ​မျှ​သော​အ​ရာ​အား​လုံး​ကို​မီး​ရှို့ ဖျက်​ဆီး​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​သော​ဝတ္ထု​ပစ္စည်း များ​ကို​သိမ်း​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဘဏ္ဍာ တော်​တိုက်​ထဲ​သို့​သွင်း​ကြ​သည်။- ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။) ထို​အ​ခါ​ယော​ရှု​က``ယေ​ရိ​ခေါ​မြို့​ကို​ပြန် လည်​တည်​ဆောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျိန်​စာ​သင့်​ပါ​စေ​သား။ မြို့​၏​အုတ်​မြစ်​ကို​တည်​သော​သူ​သည် သား​ဦး​ဆုံး​ရ​ပါ​စေ​သား။ မြို့​တံ​ခါး​ကို​ဆောက်​သော​သူ​သည်​သား​ထွေး ဆုံး​ရ​ပါ​စေ​သား'' ဟူ​၍​ကျိန်​ဆို​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​နှင့်​အ​တူ​ရှိ တော်​မူ​၍​သူ​၏​နာ​မည်​သည်​တစ်​ပြည်​လုံး တွင်​ထင်​ရှား​ကျော်​စော​လေ​၏။

ယောရှု 6:1-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​အမျိုးသား​တို့​သတင်း​ကြောင့် ဂျေရိခေါ​မြို့​တံခါး​တို့​ကို လုံခြုံ​စွာ​ပိတ်​ထား​ကြ​၏​။ ဝင်​ထွက်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ ထာဝရဘုရား​က ယောရှု​အား “​ကြည့်ရှု​လော့​။ ဂျေရိခေါ​မြို့​နှင့်တကွ ရှင်ဘုရင်​နှင့် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​ပြီ​။ သင်​နှင့်​စစ်သူရဲ​အပေါင်း​တို့​သည် မြို့​ကို​တစ်ပတ်ပြည့်​အောင် လှည့်ပတ်​ရ​မည်​။ ခြောက်​ရက်​ပတ်လုံး ထိုသို့​ပတ်​ရ​မည်​။ ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် သေတ္တာ​တော်​ရှေ့​မှ​နေ​၍ သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​သွား​ရ​မည်​။ ခုနစ်​ရက်​မြောက်​သော​နေ့​တွင် မြို့​ကို ခုနစ်​ပတ်​လှည့်ပတ်​ရ​မည်​။ တံပိုး​ကို​မှုတ်​ရ​မည်​။ ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​ကို​သံရှည်ဆွဲ​၍​မှုတ်​ရ​မည်​။ တံပိုးမှုတ်သံ​ကို​ကြား​သောအခါ လူအုပ်ကြီး​သည် ကျယ်လောင်​စွာ​အော်ဟစ်​ရ​မည်​။ ထိုအခါ မြို့ရိုး​ကြီး ပြိုကျ​လိမ့်မည်​။ လူ​တိုင်း မြို့​ထဲသို့ တန်းတန်းမတ်မတ် ဝင်သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ နုန်​၏​သား​ယောရှု​သည် ယဇ်ပုရောဟိတ်​တို့​ကို​ခေါ်​၍ “​သင်​တို့​သည် ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်းသွား​ရ​မည်​။ သင်​တို့​တွင် ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​၍ ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​မှ သွား​ရ​မည်​”​ဟု မှာကြား​လေ​၏​။ လူ​တို့​ကို​လည်း “​သွား​၍ မြို့​ကို​လှည့်ပတ်​ကြ​လော့​။ လက်နက်ကိုင်စွဲ​သော​သူ​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​မှ သွား​ရ​မည်​”​ဟု မှာကြား​လေ​၏​။ ထိုသို့ ယောရှု​က လူ​တို့​အား​မှာကြား​ပြီး​သည်​နှင့် ထာဝရဘုရား​ရှေ့​မှ သိုးချို​တံပိုး​ခုနစ်​ခု​ကို​ကိုင်ဆောင်​သော ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် တံပိုး​ကို​မှုတ်​လျက် ချီသွား​ကြ​၏​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် သူ​တို့​နောက်မှ​ပါလာ​၏​။ တံပိုး​မှုတ်​သော​ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​မှုတ်​လျက်​ချီတက်​ကြ​စဉ် လက်နက်ကိုင်​တပ်သား​တို့​သည် သူ​တို့​ရှေ့​မှ​ချီသွား​ကြ​၏​။ နောက်ရံတပ်သား​တို့​ကား သေတ္တာ​တော်​နောက်မှ ချီသွား​ကြ​၏​။ ယောရှု​က လူ​တို့​အား “ ‘​ကြွေးကြော်​ကြ​လော့​’​ဟု ငါ​အမိန့်​မ​ပေး​မ​ချင်း သင်​တို့​မ​ကြွေးကြော်​ရ​။ အသံ​မ​ပြု​ရ​။ နှုတ်​မှ စကား​တစ်ခွန်း​မျှ မ​ထွက်​ရ​။ ငါ​အမိန့်ပေး​မည့်​နေ့​ရောက်​မှ သင်​တို့​ကြွေးကြော်​ရ​မည်​”​ဟု မှာကြား​၏​။ ဤသို့ဖြင့် သူ​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​နှင့်တကွ မြို့​ကို​တစ်ပတ်​ပတ်​ပြီး တပ်စခန်း​သို့​ပြန်လာ​၍ တပ်စခန်း​တွင် ညအိပ်နား​ကြ​၏​။ ယောရှု​သည် နံနက်​စောစော​ထ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ထမ်းသွား​ကြ​၏​။ ထာဝရဘုရား​၏​ရှေ့​တော်​မှ သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​သော​ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် တံပိုး​ကို အဆက်မပြတ်​မှုတ်​၍​ချီသွား​ကြ​၏​။ ထိုစဉ် လက်နက်ကိုင်​တပ်သား​တို့​သည် သူ​တို့​ရှေ့​မှ ချီသွား​ကြ​၏​။ နောက်ရံတပ်သား​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​နောက်မှ​ချီသွား​ကြ​၏​။ ဒုတိယ​နေ့​တွင်​လည်း မြို့​ကို​တစ်ပတ်​ပတ်​ပြီး တပ်စခန်း​သို့ ပြန်လာ​ကြ​၏​။ ထိုသို့ ခြောက်​ရက်​ပတ်လုံး ပြု​ကြ​၏​။ ခုနစ်​ရက်​မြောက်​သော​နေ့​၌ အရုဏ်တက်​သည်​နှင့် သူ​တို့​သည်​ထ​၍ ယခင်​နည်း​အတိုင်း မြို့​ကို​ခုနစ်​ပတ် လှည့်ပတ်​လေ​၏​။ ဤ​နေ့​တစ်​နေ့​သာ မြို့​ကို​ခုနစ်​ပတ်​လှည့်ပတ်​ခြင်း​ဖြစ်​၏​။ ခုနစ်​ပတ်​မြောက်​တွင် ယဇ်ပုရောဟိတ်​တို့ တံပိုး​မှုတ်​သောအခါ ယောရှု​က လူ​တို့​အား “​ကြွေးကြော်​ကြ​လော့​။ ထာဝရဘုရား​သည် ဤ​မြို့​ကို သင်​တို့​အား ပေး​တော်မူ​ပြီ​။ ထို​မြို့​နှင့်တကွ မြို့​ထဲ​ရှိသမျှ​တို့​သည် ထာဝရဘုရား​၏​ကျိန်​ခြင်း​ကို ခံရ​သော​အရာ​များ​ဖြစ်​၏​။ ပြည့်တန်ဆာ​ရာခပ်​မူကား ငါ​တို့​စေလွှတ်​လိုက်​သော​သူလျှို​တို့​ကို ဝှက်​ထား​ပေး​ခဲ့​သောကြောင့် သူ​နှင့်​သူ့​အိမ်သူအိမ်သား​အားလုံး​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ရ​မည်​။ ကျိန်​ခြင်း​ခံရ​သော​အရာ​တို့​ကို သတိထား​ရှောင်​ရ​မည်​။ ထို​ကျိန်​ခြင်း​ခံရ​သော​အရာ​တို့​ကို သင်​တို့​ယူ​မိ​လျှင် သင်တို့ကိုယ်သင်တို့ အကျိန်​ခံ​စေ​ရာ​ရောက်​လိမ့်မည်​။ အစ္စရေး​တပ်စခန်း​ကို​လည်း အကျိန်​ခံ​စေ​ရာ​ရောက်​လိမ့်မည်​။ ဒုက္ခပေး​ရာ​ရောက်​လိမ့်မည်​။ ရွှေ​၊ ငွေ​မှစ၍ ကြေးနီ​၊ သံ​အသုံးအဆောင်​အလုံးစုံ​တို့​မူကား ထာဝရဘုရား​အဖို့ သန့်ရှင်း​သည်​ဖြစ်၍ ထာဝရဘုရား​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ရ​မည်​”​ဟု ဆို​လေ​၏​။ ဤသို့ဖြင့် လူ​အပေါင်း​တို့​သည်​လည်း ကြွေးကြော်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​မှုတ်​ကြ​၏​။ လူ​တို့​သည် တံပိုးမှုတ်သံ​ကို ကြား​ရ​သည်​နှင့် ကျယ်လောင်​စွာ​ကြွေးကြော်​ကြ​ရာ မြို့ရိုးကြီး ပြိုကျ​သွား​ကုန်​၏​။ လူ​တို့​က​လည်း မြို့​ထဲသို့ တန်းတန်းမတ်မတ်​ဝင်​၍ မြို့​ကို​သိမ်းပိုက်​လေ​၏​။ သူ​တို့​သည် မြို့​ထဲ​ရှိ ယောက်ျား​မိန်းမ​ကြီးကြီး​ငယ်ငယ်​တို့​နှင့် သိုး​နွား​မြည်း​အားလုံး​တို့​ကို ဓား​ဖြင့် သတ်ဖြတ်​လေ​၏​။ ယောရှု​သည် ထို​ပြည်​ကို​စူးစမ်း​ခဲ့​သော​လူ​နှစ်​ယောက်​အား “​ပြည့်တန်ဆာ​မိန်းမ​နှင့် သင်​တို့​ကျိန်ဆို​ထား​သည့်​အတိုင်း သူ့​အိမ်​သို့​သွား​၍ သူ​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ခေါ်ထုတ်​ခဲ့​လော့​”​ဟု ဆို​လေ​၏​။ ထိုအခါ ထို​ပြည်​ကို စူးစမ်း​ခဲ့​သော​လုလင်​တို့​သည် ရာခပ်​အိမ်​သို့​ဝင်​၍ ရာခပ်​အပါအဝင် သူ​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​များ​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို ခေါ်ထုတ်​လာ​၏​။ ရာခပ်​၏​ဆွေမျိုးသားချင်း​အားလုံး​ကို ခေါ်ထုတ်​လာ​၍ အစ္စရေး​တပ်စခန်း​အပြင်ဘက်​၌​ထား​လေ​၏​။ ထို့နောက် သူ​တို့​သည် မြို့​နှင့်တကွ မြို့​ထဲ၌​ရှိသမျှ​တို့​ကို မီး​ရှို့​ပစ်​၏​။ ရွှေ​၊ ငွေ​မှစ၍ ကြေးနီ​၊ သံ​အသုံးအဆောင်​တို့​ကို​မူကား ထာဝရဘုရား​၏​အိမ်​တော်​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​လေ​၏​။ ဂျေရိခေါ​မြို့​ကို​စူးစမ်း​ရန် ယောရှု​စေလွှတ်​သော​သူလျှို​တို့​ကို ပြည့်တန်ဆာ​ရာခပ်​သည် ဝှက်ထား​သောကြောင့် ယောရှု​သည် ရာခပ်​အပါအဝင် သူ့​ဖခင်​၏​မိသားစု​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​လေ​၏​။ ရာခပ်​သည် ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​တို့​နှင့်အတူ နေထိုင်​လေ​၏​။ ထို​အချိန်​တွင် ယောရှု​က “​ဂျေရိခေါ​မြို့ရိုး​ကို ထ​၍​တည်ဆောက်​သူ​သည် ထာဝရဘုရား​ထံမှ ကျိန်​ခြင်း​ကို ခံရ​ပါစေ​။ မြို့ရိုး​အုတ်မြစ်​ကို​ချ​လျှင် သားဦး​သေ​ပါစေ​။ မြို့​တံခါး​ကို​တည်​လျှင် သားထွေး​သေ​ပါစေ​”​ဟု ကျိန်​လေ​၏​။ ဤသို့ဖြင့် ထာဝရဘုရား​သည် ယောရှု​နှင့်အတူ​ပါရှိ​တော်မူ​သဖြင့် သူ​၏​ဂုဏ်​သတင်း​သည် မြေ​တစ်ပြင်လုံး​သို့ ပျံ့နှံ့​လေ​၏​။