ယောရှု 24:1-28
ယောရှု 24:1-28 Judson Bible (JBMLE)
တစ်ဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်းတို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။ ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟောပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ်တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာလ၌ မြစ်ကြီးတစ်ဖက်မှာနေ၍ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုကြ၏။ သင်တို့အဘအာဗြဟံကို မြစ်ကြီးတစ်ဖက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကိုပေး၏။ ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။ မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူတို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နုတ်ဆောင်လေ၏။ ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သဖြင့်၊ သူတို့သည် ဧဒုံပင်လယ်သို့ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင်လယ်တိုင်အောင် လိုက်ကြ၏။ ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကိုငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြုသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌လည်း ကာလကြာမြင့်စွာ နေရကြ၏။ နောက်တစ်ဖန် ယော်ဒန်မြစ် အရှေ့ဘက်၌နေသော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည်စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ၏။ သူတို့ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။ မောဘရှင်ဘုရင် ဇိဖော်၏သားဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှာ၊ ဗောရ၏သားဗာလမ်ကိုခေါ်သောအခါ၊ ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းချီးပေး၍ သူ့လက်မှ သင်တို့ကို ငါကယ်လွှတ်လေ၏။ တစ်ဖန် သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကိုစစ်တိုက်၍ သူတို့ကို သင်တို့လက်၌ ငါအပ်လေ၏။ သင်တို့၌ ဓားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင်တို့ရှေ့မှ ငါနှင်ထုတ်လေ၏။ သင်တို့မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။ ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီးတစ်ဖက်၌လည်းကောင်း၊ အဲဂုတ္တုပြည်၌လည်းကောင်း၊ ဘိုးဘေးတို့ဝတ်ပြုသော ဘုရားများကိုပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။ သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်းဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတစ်ဖက်၌ ဘိုးဘေးတို့ဝတ်ပြုသောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊ လူများတို့က အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှာ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော။ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကိုနုတ်ဆောင်၍၊ ကြီးစွာသောနိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ လျှောက်လေရာရာလူမျိုးတို့တွင် စောင့်တော်မူပြီ။ ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသောသူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော်မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထိုဘုရားသည် ငါတို့ဘုရားသခင် ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။ ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားအား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင်တို့ လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော်မမူ။ သင်တို့သည် ထာဝရဘုရားကိုစွန့်၍ တစ်ကျွန်းတစ်နိုင်ငံဘုရားတို့ကို ဝတ်ပြုလျှင်၊ သင်တို့၌ ကျေးဇူးပြုတော်မူပြီးမှ တစ်ဖန်လှည့်၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်ဟု ဆိုလျှင်၊ လူများတို့က၊ မဟုတ်ပါ။ ထာဝရဘုရားကိုသာဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏။ ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုခြင်းငှာ ထိုဘုရားကို ရွေးကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေခံကြသည်ဟုဆိုလျှင် သူတို့က၊ သက်သေခံကြပါ၏ဟု လျှောက်ကြသော်၊ ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တစ်ကျွန်းတစ်နိုင်ငံဘုရားတို့ကိုပယ်၍ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကိုညွှတ်ကြလော့ဟု ဆိုလေ၏။ လူများတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါမည်ဟု ဝန်ခံပြီးမှ၊ ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။ ထိုစကားကိုလည်း ဘုရားသခင်၏ဓမ္မကျမ်းစာ၌ရေးထား၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်နားမှာရှိသော သပိတ်ပင်အောက်၌ ကျောက်ကြီးကို ထောင်လျက်၊ ဤကျောက်သည် ငါတို့အားသက်သေဖြစ်ရလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အားပြောဆိုပြီးမှ၊ အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွားရသောအခွင့်ကို ပေးလေ၏။
ယောရှု 24:1-28 Common Language Bible (BCL)
ယောရှုသည်ဣသရေလအနွယ်ဝင်အပေါင်း တို့ကိုရှေခင်မြို့တွင်စုရုံးစေ၏။ သူသည် ဣသရေလအမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများ၊ အရာ ရှိများကိုဆင့်ခေါ်သဖြင့်သူတို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရှိလာကြ လေသည်။- ထိုအခါယောရှုသည်လူအပေါင်းတို့အား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကဤသို့မိန့်တော်မူသည်။ `ရှေးအခါက သင်တို့၏ဘိုးဘေးများဖြစ်ကြသောတေရ၊ သူ၏သားအာဗြဟံနှင့်နာခေါ်တို့သည် ဥဖရတ်မြစ်တစ်ဘက်တွင်နေထိုင်၍အခြား သောဘုရားများကိုကိုးကွယ်ကြ၏။- ငါသည်သင်တို့၏ဘိုးဘေးအာဗြဟံကို ဥဖရတ်မြစ်တစ်ဘက်ရှိဒေသမှခေါ်ဆောင် ပြီးလျှင် ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်၍ သူ၏အဆက်အနွယ်ကိုများပြားစေခဲ့ သည်။ သူ၌သားဣဇာက်ထွန်းကားစေ၏။- ဣဇာက်၌သားများဖြစ်ကြသောယာကုပ်နှင့် ဧသောတို့ကိုထွန်းကားစေ၏။ ငါသည်ဧသော အားဧဒုံတောင်ကုန်းဒေသကိုအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကားအီဂျစ်ပြည် သို့သွားရောက်နေထိုင်ခဲ့ကြသည်။- ထိုနောက်ငါသည်မောရှေနှင့်အာရုန်တို့ကို စေလွှတ်၍ အီဂျစ်ပြည်တွင်ဘေးဆိုးများ ဆိုက်ရောက်စေပြီးနောက်သင်တို့ကိုထုတ် ဆောင်ခဲ့၏။- ငါသည်သင်တို့၏ဘိုးဘေးများကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောအခါ အီဂျစ်အမျိုး သားတို့သည်သူတို့နောက်သို့ရထားတပ်၊ မြင်း တပ်များနှင့်လိုက်၍တိုက်ခိုက်ကြသည်။ သူတို့ သည်ပင်လယ်နီသို့ရောက်ရှိလာသောအခါ၊- ငါ့ထံသို့အော်ဟစ်၍အကူအညီတောင်းခံ ကြသည်။ ထိုအခါငါသည်သူတို့နှင့်အီဂျစ် တပ်သားများအကြားတွင်အမှောင်ထုကို ကျစေ၏။ ရန်သူများအပေါ်သို့ပင်လယ်ရေ လွှမ်းစေသဖြင့် သူတို့သည်ရေနစ်သေဆုံး ကြကုန်၏။ ငါသည်အီဂျစ်ပြည်အားမည်ကဲ့ သို့ဆုံးမခဲ့သည်ကိုသင်တို့သိကြ၏။ ```သင်တို့သည်တောကန္တာရတွင်ကြာမြင့်စွာနေ ထိုင်ခဲ့ရကြ၏။- ထိုနောက်ငါသည်သင်တို့ကိုအာမောရိအမျိုး သားတို့နေထိုင်ရာယော်ဒန်မြစ်အရှေ့ဘက်သို့ ပို့ဆောင်ခဲ့သည်။ သူတို့သည်သင်တို့ကိုတိုက်ခိုက် ကြသော်လည်းငါသည်သင်တို့အားအနိုင်ရစေ၏။ သင်တို့သည်သူတို့၏ပြည်ကိုချီတက်သိမ်းပိုက် သောအခါငါသည်သူတို့ကိုသုတ်သင်ပယ်ရှင်း ခဲ့၏။- ထိုနောက်ဇိဖော်၏သားမောဘပြည်ဘုရင် ဗာလက်သည်ဣသရေလအမျိုးသားတို့ကို တိုက်ခိုက်လေသည်။ သူသည်သင်တို့ကိုကျိန်ဆဲ ရန်ဗောရ၏သားဗာလမ်ကိုခေါ်စေသည်။- သို့ရာတွင်ငါသည်ဗာလမ်၏လျှောက်ဆိုချက် ကိုလက်မခံသဖြင့် သူသည်သင်တို့ကိုကောင်း ချီးပေးလေသည်။ ဤနည်းအားဖြင့်ငါသည် သင်တို့အားဗာလက်၏လက်မှကယ်တင်ခဲ့ သည်။- ထိုနောက်သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍ ယေရိခေါမြို့သို့ရောက်ရှိကြသည်။ ယေရိခေါ မြို့သား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုး သား၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဂိရ ဂါရှိအမျိုးသား၊ ဟိဝိအမျိုးသားနှင့်ယေ ဗုသိအမျိုးသားတို့သည်သင်တို့ကိုတိုက်ခိုက် ကြသည်။ သို့ရာတွင်ငါသည်သင်တို့အားသူ တို့အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်စေ သည်။- သင်တို့ချီတက်လာစဉ်ငါသည်သူတို့ကို ကစဥ့်ကလျားဖြစ်စေပြီးလျှင် အာမောရိ ဘုရင်နှစ်ပါးကိုနှင်ထုတ်ခဲ့၏။ သင်တို့၏ဋ္ဌား နှင့်လေးလက်နက်တို့ဖြင့်အနိုင်ရကြသည် မဟုတ်။- သင်တို့မထွန်ယက်၊ မလုပ်ကိုင်ခဲ့ဘူးသောလယ် ယာနှင့်မတည်ခဲ့ဘူးသောမြို့များကိုသင်တို့ အားငါပေးခဲ့၏။ ယခုအခါသင်တို့သည်ထို မြေပေါ်တွင်နေထိုင်၍ သင်တို့မစိုက်သောစပျစ် ခြံနှင့်သံလွင်ခြံတို့မှအသီးကိုစားသုံးရ ကြ၏' ဟုဆို၏။ ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။- အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။ ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် မည်သည့်အချိန်၌မျှ ထာဝရဘုရားကိုစွန့် ၍အခြားသောဘုရားများကိုကိုးကွယ်မည် မဟုတ်ပါ။- အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား သည် အကျွန်ုပ်တို့၏ဖခင်များနှင့်အကျွန်ုပ်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့ပါပြီ။ ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာအမှုများကိုအကျွန်ုပ်တို့မြင်ခဲ့ရ ကြပါပြီ။ နိုင်ငံအသီးသီးကိုဖြတ်သန်း ရာခရီးတစ်လျှောက်တွင်ကိုယ်တော်သည် အကျွန်ုပ်တို့အားကာကွယ်စောင့်ရှောက် တော်မူခဲ့ပါသည်။- အကျွန်ုပ်တို့သည်ဤပြည်ထဲသို့ချီတက် လာစဉ်က ကိုယ်တော်သည်ဤဒေသရှိအာ မောရိအမျိုးသားအပေါင်းတို့ကိုနှင်ထုတ် တော်မူခဲ့ပါသည်။ သို့ဖြစ်၍အကျွန်ုပ်တို့ သည်ထာဝရဘုရားကိုသာဝတ်ပြုကိုး ကွယ်ပါမည်။ ကိုယ်တော်သည်အကျွန်ုပ်တို့ ၏ဘုရားဖြစ်တော်မူ၏'' ဟုဖြေကြား ကြ၏။ ထိုအခါယောရှုကလူတို့အား``သင်တို့သည် ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်နိုင်စွမ်း ရှိကြမည်မဟုတ်။ ကိုယ်တော်သည်သန့်ရှင်း မြင့်မြတ်သောဘုရားဖြစ်၍သင်တို့၏ အပြစ်များကိုလွှတ်တော်မူမည်မဟုတ်။ ကိုယ် တော်သည်ပြိုင်ဘက်ကိုလုံးဝလက်ခံတော် မမူ။- သင်တို့သည်ထာဝရဘုရားကိုစွန့်၍ အခြားသောဘုရားများကိုဝတ်ပြုလျှင် သင်တို့ကိုကျေးဇူးပြုတော်မူခဲ့သော ထာဝရဘုရားသည် သင်တို့ကိုရန်ဘက် ပြု၍သေကြေပျက်စီးရန်ဒဏ်ခတ်တော် မူလိမ့်မည်'' ဟုပြောကြားလေသည်။ လူတို့က``အကျွန်ုပ်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုကိုးကွယ်ပါမည်'' ဟုယောရှု အားပြန်၍လျှောက်ထားကြ၏။ ယောရှုကလည်း``သင်တို့သည်ထာဝရဘုရား ကိုသာဝတ်ပြုမည်ဟုထွက်ဆိုရာ၌သင်တို့ ကိုယ်တိုင်သက်သေဖြစ်ကြ၏'' ဟုဆို၏။ ထိုအခါသူတို့က``အကျွန်ုပ်တို့ကိုယ်တိုင် သက်သေဖြစ်ကြောင်းဝန်ခံပါ၏'' ဟုပြန် လျှောက်ကြ၏။ ယောရှုက``သို့ဖြစ်လျှင်သင်တို့တွင်ရှိသော အခြားဘုရားများကိုစွန့်ပယ်၍ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားဆည်းကပ်ကိုးကွယ်ကြလော့'' ဟုဆိုလေ၏။ ထိုအခါလူတို့ကယောရှုအား``အကျွန်ုပ်တို့ သည်အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်၍ ကိုယ်တော်၏ စကားတော်ကိုနားထောင်ပါမည်'' ဟုကတိ ပေးကြ၏။ ထို့ကြောင့်ယောရှုသည်ထိုနေ့၌လူတို့နှင့် ပဋိညာဉ်ပြုပြီးလျှင် ရှေခင်မြို့တွင်သူတို့ လိုက်နာရမည့်ပညတ်များကိုပြဋ္ဌာန်းပေး လေသည်။- ယောရှုသည်ဤပညတ်များကိုဘုရားသခင်၏ ပညတ်ကျမ်းစာတွင်ရေးထားလေ၏။ ထိုနောက်သူ သည်ကျောက်တုံးကြီးတစ်တုံးကိုထာဝရဘုရား ၏သန့်ရှင်းရာဌာနတော်ရှိဝက်သစ်ချပင် အောက်တွင်စိုက်ထူလေသည်။- ယောရှုကလူအပေါင်းတို့အား``ဤကျောက်တုံး သည်ငါတို့အတွက်သက်သေဖြစ်စေမည်။ ငါတို့ အားထာဝရဘုရားမိန့်တော်မူသမျှကိုဤ ကျောက်တုံးသည်ကြားရပြီ။ သို့ဖြစ်၍သင်တို့ သည်သင်တို့၏ဘုရားသခင်ကိုပုန်ကန်လျှင် ဤကျောက်တုံးသည်သက်သေဖြစ်ကြလိမ့် မည်'' ဟုမိန့်ကြားလေ၏။- ထိုနောက်ယောရှုသည်လူအပေါင်းတို့ကို ပြန်ခွင့်ပြုသဖြင့်သူတို့သည် မိမိတို့၏ နေရပ်သို့ပြန်သွားကြလေသည်။
ယောရှု 24:1-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ယောရှုသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ကို ရှေခင်မြို့၌ စုဝေးစေပြီးလျှင် အစ္စရေးသက်ကြီးဝါကြီးများ၊ ခေါင်းဆောင်များ၊ တရားသူကြီးများနှင့် ကြီးကြပ်သူများကို ဆင့်ခေါ်သဖြင့် သူတို့သည်လည်း ဘုရားသခင်၏ရှေ့တော်၌ရပ်နေကြ၏။ ထိုအခါ ယောရှုက လူအပေါင်းတို့အား “အစ္စရေး၏ဘုရားသခင်ထာဝရဘုရားက ‘အာဗြဟံနှင့် နာခေါ်တို့၏ဖခင် တေရ မှစ၍ သင်တို့၏ဘိုးဘေးတို့သည် ရှေးယခင်က ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌နေထိုင်၍ အခြားဘုရားများကိုဝတ်ပြုခဲ့ကြ၏။ ငါသည် သင်တို့အဖအာဗြဟံကို ယူဖရေးတီးမြစ်တစ်ဖက်မှ ခေါ်ထုတ်၍ ခါနာန်ပြည်အရပ်ရပ်သို့ပို့ဆောင်ခဲ့၏။ သူ၏သားစဉ်မြေးဆက်ကို များပြားစေ၏။ သူ့အား သားဣဇက်ကို ငါပေး၏။ ဣဇက်အား သားယာကုပ်နှင့်ဧသောကို ငါပေး၏။ ဧသောအား စိရတောင်ကို ငါအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကား အီဂျစ်ပြည်သို့ဆင်းသွားကြ၏။ ငါသည် မောရှေနှင့်အာရုန်ကိုစေလွှတ်၍ အီဂျစ်ပြည်၌ ဘေးအမျိုးမျိုးကျရောက်စေခြင်းအားဖြင့် ဒဏ်ခတ်ပြီးနောက် သင်တို့ကို ထုတ်ဆောင်ခဲ့၏။ ငါသည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်၍ ပင်လယ်နီသို့ ရောက်သောအခါ အီဂျစ်လူမျိုးတို့သည် စစ်ရထား၊ မြင်းစီးသူရဲတို့ဖြင့် ထိုပင်လယ်တိုင်အောင် သင်တို့ဘိုးဘေးတို့နောက်သို့လိုက်ကြ၏။ ထိုအခါ သူတို့သည် ထာဝရဘုရားထံအော်ဟစ်တောင်းလျှောက်ကြသဖြင့် ငါသည် သင်တို့နှင့်အီဂျစ်လူမျိုးတို့ကြား၌ အမှောင်ထု ခြားစေ၏။ အီဂျစ်လူမျိုးတို့ကို ပင်လယ်ရေလွှမ်းမိုးသွားစေ၏။ အီဂျစ်လူမျိုးတို့အား ငါ ဒဏ်ခတ်ခဲ့သည်ကို သင်တို့ကိုယ်တိုင်မျက်စိဖြင့်မြင်ခဲ့ကြ၏။ ထို့နောက်မှ သင်တို့သည် တောကန္တာရ၌ ကာလကြာမြင့်စွာနေထိုင်ကြရ၏။ ငါသည် သင်တို့ကို ဂျော်ဒန်မြစ်အရှေ့ဘက်၌နေထိုင်သော အာမောရိလူမျိုးတို့၏ပြည်သို့ ပို့ဆောင်၏။ ထိုသူတို့သည် သင်တို့ကိုတိုက်ခိုက်ကြသော်လည်း ငါသည် သူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်တို့သည် သူတို့၏ပြည်ကို အပိုင်ရကြ၏။ ငါသည် သူတို့ကို သင်တို့၏ရှေ့မှာပင် ဖျက်ဆီးခဲ့၏။ ထို့နောက် ဇိဖော်၏သား၊ မောဘဘုရင်ဗာလက်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ထ၍တိုက်ခိုက်၏။ သူသည် ဗောရ၏သားဗာလမ်ကို လူလွှတ်ခေါ်၍ သင်တို့အား ကျိန်ဆဲစေ၏။ သို့ရာတွင် ငါသည် ဗာလမ်၏စကားကိုနားမထောင်။ သို့ဖြစ်၍ သူသည် သင်တို့ကို မကျိန်ဆဲဘဲ အကြိမ်ကြိမ်ကောင်းချီးပေးရ၏။ ငါသည် သင်တို့ကို သူ၏လက်မှကယ်နုတ်ခဲ့၏။ သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။ သင်တို့၏ဓားအားဖြင့်မဟုတ်၊ လေးအားဖြင့်လည်းမဟုတ်။ ငါသည် ပျားတူများကို သင်တို့ရှေ့မှ စေလွှတ်၍ အာမောရိလူမျိုးတို့ရှင်ဘုရင်နှစ်ပါးကို သင်တို့ရှေ့မှနှင်ထုတ်၏။ ငါသည် သင်တို့မထွန်ယက်သောမြေ၊ သင်တို့မတည်ဆောက်သောမြို့များကို သင်တို့အားပေးသဖြင့် သင်တို့သည် ထိုမြို့တို့တွင် နေထိုင်ရကြ၏။ သင်တို့မစိုက်ပျိုးသောစပျစ်ခြံများ၊ သံလွင်ခြံများမှ အသီးကိုလည်းစားရကြ၏’ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ ယခု ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလျက် ရိုးသားဖြူစင်စွာ၊ သစ္စာရှိစွာ ဝတ်ပြုကြလော့။ ယူဖရေးတီးမြစ်တစ်ဖက်၌လည်းကောင်း၊ အီဂျစ်ပြည်၌လည်းကောင်း သင်တို့ဘိုးဘေးတို့ဝတ်ပြုခဲ့သောဘုရားများကိုဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။ ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။ ထိုအခါ လူတို့က “ထာဝရဘုရားကို စွန့်၍ အခြားဘုရားများကို ဝတ်ပြုခြင်းအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တကွ ဘိုးဘေးတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်ပေးခဲ့သောအရှင်၊ အကျွန်ုပ်တို့ မျက်စိရှေ့တွင်ပင် ကြီးမားသောနိမိတ်လက္ခဏာများကို ပြတော်မူသောအရှင်၊ လူမျိုးခြားတို့အကြား ဖြတ်ကျော်လာရသောလမ်းခရီးတစ်လျှောက်လုံးတွင် အကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဤပြည်၌နေထိုင်သောအာမောရိလူမျိုးအပါအဝင် လူမျိုးခြားအပေါင်းတို့ကို အကျွန်ုပ်တို့ရှေ့မှ နှင်ထုတ်ပေးတော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသောကြောင့် ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ပြန်ဖြေကြ၏။ ထိုအခါ ယောရှုက လူတို့အား “သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုနိုင်မည် မဟုတ်။ ထာဝရဘုရားသည် သန့်ရှင်းသောဘုရား၊ သဝန်တိုတတ်သောဘုရားဖြစ်၏။ သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။ သင်တို့သည် ထာဝရဘုရားကို စွန့်၍ တိုင်းတစ်ပါးသားတို့၏ဘုရားကိုဝတ်ပြုမည်ဆိုလျှင် သင်တို့ကို ကောင်းစားစေခဲ့ရာမှ သင်တို့ကို ဒုက္ခရောက်စေမည်၊ သုတ်သင်ပယ်ရှင်းတော်မူမည်ကို သင်တို့သိသလော”ဟု ဆို၏။ လူတို့ကလည်း ယောရှုအား “မဟုတ်ပါ။ ထာဝရဘုရားကိုသာ အကျွန်ုပ်တို့ ဝတ်ပြုပါမည်”ဟု ပြန်ပြောကြ၏။ ယောရှုကလည်း လူတို့အား “ထာဝရဘုရားကိုသာဝတ်ပြုမည်ဟု သင်တို့ရွေးချယ်ခြင်းအမှုမှာ သင်တို့ကိုယ်တိုင်ပင် သက်သေဖြစ်၏”ဟုဆိုလျှင် သူတို့ကလည်း “အကျွန်ုပ်တို့သည် သက်သေဖြစ်ကြပါ၏”ဟု ပြန်ပြောကြ၏။ ယောရှုကလည်း “သို့ဖြစ်လျှင် သင်တို့တွင်ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားများကို ဖယ်ရှားပြီး သင်တို့၏စိတ်နှလုံးကို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားထံ တိမ်းညွတ်ကြလော့”ဟု ဆို၏။ လူတို့ကလည်း “အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်။ ကိုယ်တော်၏စကားကိုသာ နားထောင်ပါမည်”ဟု ယောရှုအား ပြန်ပြောကြ၏။ ထိုနေ့တွင် ယောရှုသည် လူတို့နှင့် ပဋိညာဉ်ဖွဲ့ပြီး ရှေခင်မြို့၌ သူတို့အဖို့ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို ချမှတ်ပေးလေ၏။ ထို့နောက် ယောရှုသည် ထိုတရားစကားတို့ကို ဘုရားသခင်၏ပညတ်တရားကျမ်းများ၌ ရေးမှတ်ထား၏။ ထို့နောက် ကျောက်တုံးကြီးတစ်တုံးကိုယူ၍ ထာဝရဘုရား၏သန့်ရှင်းရာဌာနတော်အနီးရှိ ဝက်သစ်ချပင်အောက်တွင် စိုက်ထူထားလေ၏။ ထို့နောက် ယောရှုက လူအပေါင်းတို့အား “ကြည့်ပါ။ ငါတို့အား ထာဝရဘုရားမိန့်တော်မူသောစကားတော်အလုံးစုံကို ဤကျောက်တုံးသည်လည်း ကြားပြီဖြစ်၍ ငါတို့အဖို့ သက်သေဖြစ်လိမ့်မည်။ ဘုရားသခင်၏စကားတော်ကို သင်တို့ငြင်းပယ်လျှင် ဤကျောက်တုံးသည် သက်သေဖြစ်လိမ့်မည်”ဟု ဆို၏။ ထို့နောက် ယောရှုသည် လူတို့ကို သူတို့၏အမွေမြေအသီးသီးသို့ ပြန်စေလေ၏။