ရှင်ယောဟန် 4:1-30
ရှင်ယောဟန် 4:1-30 Judson Bible (JBMLE)
ယေရှုသည် ကိုယ်တိုင်ဗတ္တိဇံကို ပေးတော်မမူ။- တပည့်တော်တို့သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက် သာ၍များသော သူတို့ကို တပည့်တော်ဖြစ်စေ၍၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ၊- ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တစ်ဖန် ကြွတော်မူစဉ်တွင်၊- ရှမာရိပြည်အလယ်၌ လျှောက်သွားရ၏။- ယာကုပ်သည် မိမိသားယောသပ်အား ပေးသော မြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ ရောက်တော်မူ၏။- ထိုအရပ်၌ ယာကုပ်၏ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။ ရှမာရိမိန်းမတစ်ယောက်သည် ရေခပ်ခြင်းငှာ လာ၍၊ ယေရှုက၊ ငါသောက်ဖို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။- အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှာ မြို့ထဲသို့သွားကြသည်အခိုက် ဖြစ်သတည်း။- ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကို အဘယ်ကြောင့် သောက်ဖို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ။- ယေရှုကလည်း၊ ဘုရားသခင် ကျေးဇူးတော်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ဆိုသောသူကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော်မူသော်၊- မိန်းမက၊ သခင်၌ ရေခပ်စရာမရှိ၊ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါမည်နည်း။- ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ်သလောဟုဆို၏။- ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တစ်ဖန် ရေငတ်ဦးမည်။- ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကိုလာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊- ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။- မိန်းမကလည်း၊ အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည် မှန်၏။- အကြောင်းမူကား၊ သင်၌ လင်ငါးယောက်ရှိဖူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။- အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊- ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကိုကိုးကွယ်ရမည် အချိန်ကာလ ရောက်ဆဲရှိ၏။- သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။- ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။- ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။- မိန်းမကလည်း၊ မေရှိယကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိယအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။- ယေရှုကလည်း၊ သင်နှင့်စကားပြောသောငါသည် မေရှိယပင်ဖြစ်သည်ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။- ထိုမိန်းမသည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွားပြီးလျှင်၊- အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်၊- သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။
ရှင်ယောဟန် 4:1-30 Common Language Bible (BCL)
သခင်ယေရှုသည်ယောဟန်ထက်ပို၍များ သောတပည့်များကို ဗတ္တိဇံမင်္ဂလာပေးလျက် နေသည်ကိုဖာရိရှဲတို့ကြားသိကြ၏။- (အမှန်မှာသခင်ယေရှုကိုယ်တော်တိုင်ဗတ္တိဇံ မင်္ဂလာကိုပေးတော်မမူ။ တပည့်တော်တို့သာ လျှင်ပေးခြင်းဖြစ်၏။)- ယင်းသို့ဖာရိရှဲတို့ကြားသိကြကြောင်းကို သခင်ယေရှုသိတော်မူလျှင် ယုဒပြည်မှ ထွက်ခွာတော်မူ၍ဂါလိလဲပြည်သို့ကြွ တော်မူ၏။- လမ်းတွင်ရှမာရိပြည်ကိုဖြတ်၍သွားရ၏။ ရှုခါနာမည်ရှိသောမြို့သို့ရောက်တော်မူ၏။ ထိုမြို့သည်ယာကုပ်ကသားယောသပ်အား ပေးသည့်မြေယာအနီးတွင်တည်ရှိ၏။- ထိုအရပ်တွင်ယာကုပ်၏ရေတွင်းရှိ၏။ သခင် ယေရှုသည်ခရီးပန်းတော်မူသဖြင့်ရေတွင်း အနီးတွင်ထိုင်တော်မူ၏။ ထိုအချိန်ကားမွန်း တည့်အချိန်ခန့်ဖြစ်သတည်း။ ရှမာရိအမျိုးသမီးတစ်ဦးသည်ရေခပ်ရန် ရောက်ရှိလာ၏။ သခင်ယေရှုက ``ငါ့အား သောက်ရေတစ်ခွက်ပေးပါ'' ဟုထိုအမျိုး သမီးအားမိန့်တော်မူ၏။- (တပည့်တော်တို့သည်အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။) ရှမာရိအမျိုးသမီးက ``သင်သည်ယုဒ အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူကျွန်မထံမှသောက်ရေ ကိုအဘယ်ကြောင့်တောင်းပါသနည်း'' ဟုမေး၏။ (ဤသို့မေးရသည့်အကြောင်းမှာယုဒအမျိုး သားများသည် ရှမာရိအမျိုးသားတို့၏ခွက် ယောက်များကိုအသုံးပြုလေ့မရှိကြသော ကြောင့်ဖြစ်၏။) သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုအမျိုးသမီးက ``အရှင်၊ ရေတွင်းသည် နက်ပါ၏။ အရှင့်မှာခပ်စရာရေပုံးမရှိ ပါ။ အဘယ်မှာလျှင်အသက်ရေကိုရပါ မည်နည်း။- အဖယာကုပ်သည်သူကိုယ်တိုင်မှစ၍သား များ၊ သိုးများ၊ နွားများသည်ဤရေတွင်းရေ ကိုသောက်ခဲ့ကြပါ၏။ အရှင်သည်အဖ ယာကုပ်ထက်ပင်ကြီးမြတ်ပါသလော'' ဟု ဆို၏။ သခင်ယေရှုက ``ဤရေကိုသောက်သူတိုင်း နောက်တစ်ဖန်ရေငတ်လိမ့်ဦးမည်။- ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုအမျိုးသမီးက ``အရှင်၊ ကျွန်မသည်နောက် တစ်ဖန်ရေမငတ်စေရန်လည်းကောင်း၊ ဤအရပ် သို့လာ၍ရေမခပ်ရစေရန်လည်းကောင်း ထိုရေ ကိုကျွန်မအားပေးတော်မူပါ'' ဟုလျှောက်၏။ ကိုယ်တော်က ``သွားလော့။ သင့်ခင်ပွန်းကိုခေါ် ခဲ့လော့'' ဟုမိန့်တော်မူ၏။ ထိုအမျိုးသမီးက ``ကျွန်မမှာခင်ပွန်းမရှိ ပါ'' ဟုဆို၏။ ကိုယ်တော်က ``ကျွန်မမှာခင်ပွန်းမရှိဟုဆို သည်မှာမှန်ပေ၏။- သင့်မှာခင်ပွန်းငါးယောက်ရှိခဲ့ဖူးပြီ။ ယခု သင်နှင့်အတူနေသူကားသင်၏ခင်ပွန်းမ ဟုတ်။ သင်သည်မှန်သောစကားကိုပြော၏'' ဟု မိန့်တော်မူ၏။ အမျိုးသမီးက ``အရှင်သည်ပရောဖက် ဖြစ်တော်မူကြောင်းကိုကျွန်မသိမြင်နိုင် ပါ၏။- ကျွန်မတို့၏ဘိုးဘေးများသည်ဤတောင် ပေါ်မှာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လေ့ ရှိကြပါ၏။ အရှင်တို့ယုဒအမျိုးသားများ ကမူယေရုရှလင်မြို့၌သာ ဘုရားသခင် ကိုဝတ်ပြုကိုးကွယ်ရမည်ဟုဆိုကြပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``အချင်းအမျိုးသမီး၊ ငါ့ စကားကိုယုံလော့။ ဤတောင်ပေါ်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်းခမည်းတော်ကို ဝတ်ပြုကိုးကွယ်ခြင်းမပြုတော့မည့်အချိန် ရောက်ရှိလာပေအံ့။- ရှမာရိလူမျိုးဖြစ်သောသင်တို့သည် မိမိတို့ မသိသည့်ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ငါတို့မူကားငါတို့သိသည့်ဘုရားကိုဝတ် ပြုကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းကျေးဇူးတော်သည် ယုဒအမျိုး သားများထံမှတစ်ဆင့်သက်ရောက်လာသော ကြောင့်ဖြစ်၏။- ဝတ်ပြုကိုးကွယ်သူတို့သည်ခမည်းတော်အား အမှန်စင်စစ်ဖြစ်တော်မူသည့်အတိုင်း ဝိညာဉ် တော်တန်ခိုးအားဖြင့်မှန်ကန်စွာဝတ်ပြုကိုး ကွယ်ရမည့်အချိန်ရောက်လာလိမ့်မည်။ ယခု ပင်ရောက်လျက်ရှိ၏။ ထိုသို့ဝတ်ပြုကိုးကွယ် သူတို့ကိုခမည်းတော်နှစ်သက်တော်မူ၏။- ဘုရားသခင်သည်နာမ်ဝိညာဉ်ဖြစ်တော်မူ သဖြင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူတို့ သည်လည်းကိုယ်တော်အမှန်စင်စစ်ဖြစ်တော်မူ သည့်အတိုင်း ကိုယ်တော်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်မှန်ကန်စွာဝတ်ပြုကိုးကွယ်နိုင်ကြ မည်'' ဟုမိန့်တော်မူ၏။ အမျိုးသမီးက ``မေရှိယအရှင်ကြွလာတော် မူမည်ကိုကျွန်မသိပါ၏။ ထိုအရှင်ကြွလာ တော်မူသောအခါ ကျွန်မတို့အားအမှုအရာ ခပ်သိမ်းကိုရှင်းလင်းဖော်ပြတော်မူပါလိမ့်မည်'' ဟုလျှောက်၏။ သခင်ယေရှုက ``ထိုအရှင်ကားသင်နှင့်ယခု စကားပြောနေသူငါပင်ဖြစ်၏'' ဟုမိန့်တော် မူ၏။ ထိုအချိန်၌တပည့်တော်တို့ပြန်ရောက်လာ ကြ၏။ သူတို့သည်အမျိုးသမီးနှင့်ကိုယ်တော် စကားပြောလျက်နေသည်ကိုတွေ့ရသဖြင့် အံ့သြကြ၏။ သို့ရာတွင်အမျိုးသမီးအား ``အဘယ်အရာကိုအလိုရှိပါသနည်း'' ဟူ၍လည်းကောင်း၊ ကိုယ်တော်အား ``အဘယ် ကြောင့်ထိုအမျိုးသမီးနှင့်စကားပြော လျက်နေတော်မူပါသနည်း'' ဟူ၍လည်း ကောင်းအဘယ်သူမှမမေးလျှောက်ကြ။ အမျိုးသမီးသည်ရေအိုးကိုထားခဲ့၍မြို့ ထဲသို့သွားပြီးလျှင်၊- ``ကျွန်မပြုခဲ့သမျှသောအမှုအရာများ အကြောင်းကိုပြောပြသူကိုလာ၍ကြည့်ကြ ပါ။ သူသည်ခရစ်တော်ပင်ဖြစ်လိမ့်မည်လော'' ဟုလူတို့အားဆို၏။- သို့ဖြစ်၍လူတို့သည်မြို့ထဲမှထွက်၍ ကိုယ်တော်၏ထံသို့လာကြ၏။
ရှင်ယောဟန် 4:1-30 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် ယောဟန်ထက် ပို၍များသောသူတို့ကိုတပည့်တော်ဖြစ်စေ၍ ဗတ္တိဇံပေးနေသည်ဟု ဖာရိရှဲတို့ကြားသိကြောင်း ယေရှုသိတော်မူသောအခါ (အမှန်အားဖြင့် ယေရှုကိုယ်တိုင်ဗတ္တိဇံပေးတော်မူသည်မဟုတ်ဘဲ တပည့်တော်တို့ကသာပေးခြင်းဖြစ်၏။) ကိုယ်တော်သည် ယုဒနယ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ တစ်ဖန်ကြွတော်မူ၏။ ကိုယ်တော်သည် ရှမာရိနယ်ကိုဖြတ်သွားရသည်ဖြစ်၍ ယာကုပ်က မိမိ၏သားယောသပ်အား ပေးခဲ့သည့်မြေကွက်အနီးရှိ ရှုခါဟုခေါ်သော ရှမာရိနယ်မှ မြို့တစ်မြို့သို့ရောက်တော်မူ၏။ ထိုအရပ်၌ ယာကုပ်၏ရေတွင်းရှိလေရာ ယေရှုသည် ခရီးပန်းသဖြင့် ထိုရေတွင်းနားမှာထိုင်နေတော်မူ၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ရန်ရောက်ရှိလာရာ ယေရှုက“ငါသောက်ဖို့ရေပေးပါ”ဟု ထိုအမျိုးသမီးအား မိန့်တော်မူ၏။ တပည့်တော်တို့ကား အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။ ထိုရှမာရိအမျိုးသမီးကလည်း “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သောကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းရသနည်း”ဟု ဆို၏။ [ထိုသို့ဆိုသည့်အကြောင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိနယ်သားတို့နှင့် ပေါင်းသင်းဆက်ဆံလေ့မရှိသောကြောင့်ဖြစ်၏။] ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအမျိုးသမီးက “အရှင်၊ အရှင့်မှာရေခပ်စရာတစ်စုံတစ်ခုမျှမရှိ။ ဤရေတွင်းလည်းနက်သည်ဖြစ်၍ ထိုအသက်ရေကို အဘယ်ကရပါမည်နည်း။ အရှင်သည် ကျွန်မတို့၏အဖ ယာကုပ်ထက် ကြီးမြတ်ပါသလော။ ယာကုပ်သည် ဤရေတွင်းကို ကျွန်မတို့အားပေးခဲ့ပြီး သူကိုယ်တိုင်မှစ၍ သူ၏သားသမီးများနှင့် သူမွေးမြူသောတိရစ္ဆာန်များသည်လည်း ဤတွင်းရေကို သောက်ခဲ့ကြပါသည်”ဟု လျှောက်လေ၏။ ယေရှုကလည်း“ဤရေကိုသောက်သောသူတိုင်း နောက်တစ်ဖန်ရေငတ်ဦးမည်။ ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအမျိုးသမီးက “အရှင်၊ ကျွန်မသည် ရေမငတ်စေရန်နှင့် ဤနေရာသို့လာ၍ ရေမခပ်ရလေအောင် ထိုရေကို ကျွန်မအားပေးတော်မူပါ”ဟု လျှောက်လျှင် ယေရှုက“သွား၍ သင်၏ယောက်ျားကိုခေါ်ပြီး ဤနေရာသို့လာခဲ့လော့”ဟု မိန့်တော်မူ၏။ ထိုအမျိုးသမီးကလည်း “ကျွန်မမှာ ယောက်ျားမရှိပါ”ဟု ပြန်လျှောက်လေ၏။ ယေရှုက“ယောက်ျားမရှိဟု သင်ပြောသည်မှာ မှန်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်၌ ယောက်ျားငါးယောက်ရှိခဲ့လေပြီ။ ယခု သင်ပေါင်းနေသောသူသည်လည်း သင်၏ယောက်ျားမဟုတ်သောကြောင့် သင်ပြောသောစကားသည် မှန်ပေ၏”ဟု မိန့်တော်မူ၏။ ထိုအမျိုးသမီးကလည်း “အရှင်၊ အရှင်သည် ပရောဖက်ဖြစ်သည်ကို ကျွန်မရိပ်မိပါ၏။ ကျွန်မတို့၏ဘိုးဘေးများသည် ဤတောင်ပေါ်၌ ဝတ်ပြုကိုးကွယ်ခဲ့ကြပါ၏။ အရှင်တို့ကမူ ဝတ်ပြုကိုးကွယ်ရမည့်နေရာသည် ဂျေရုဆလင်မြို့၌ရှိသည်ဟူ၍ ပြောဆိုကြပါ၏”ဟု လျှောက်လေ၏။ ယေရှုက“အသင်မိန်းမ၊ ငါ့စကားကိုယုံလော့။ သင်တို့သည် ဤတောင်ပေါ်၌လည်းမဟုတ်၊ ဂျေရုဆလင်မြို့၌လည်းမဟုတ်သည့်အရပ်တွင် ခမည်းတော်ကို ကိုးကွယ်မည့်အချိန်ကာလရောက်လာလိမ့်မည်။ ကယ်တင်ခြင်းသည် ဂျူးလူမျိုးတို့ထဲမှဖြစ်ပေါ်လာသည်ဖြစ်၍ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ သို့သော် စစ်မှန်သောကိုးကွယ်သူတို့သည် ဝိညာဉ်နှင့်သမ္မာတရားအားဖြင့် ခမည်းတော်ကို ကိုးကွယ်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ အကြောင်းမူကား ခမည်းတော်သည် ထိုသို့ကိုးကွယ်သောသူတို့ကို အလိုရှိတော်မူ၏။ ဘုရားသခင်သည် ဝိညာဉ်ဖြစ်တော်မူ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည် ဝိညာဉ်နှင့်သမ္မာတရားအားဖြင့် ကိုးကွယ်ရမည်”ဟု မိန့်တော်မူ၏။ ထိုအမျိုးသမီးကလည်း “ခရစ်တော်ဟုခေါ်ဝေါ်သော မေရှိယကြွလာတော်မူမည်ကို ကျွန်မသိပါ၏။ ထိုအရှင်ကြွလာတော်မူသောအခါ ကျွန်မတို့အား အလုံးစုံတို့ကိုဖော်ပြတော်မူလိမ့်မည်”ဟု လျှောက်လျှင် ယေရှုက“သင်နှင့်စကားပြောနေသောငါသည် ထိုအရှင်ပင်ဖြစ်၏”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် တပည့်တော်တို့သည်ပြန်လာ၍ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောလျက်နေတော်မူသည်ကို အံ့သြကြ၏။ သို့သော် “မည်သည့်အလိုရှိတော်မူသနည်း”ဟူ၍လည်းကောင်း၊ “အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောလျက်နေတော်မူသနည်း”ဟူ၍လည်းကောင်း မည်သူမျှ မမေးလျှောက်ကြချေ။ ထိုအမျိုးသမီးသည်လည်း မိမိ၏ရေအိုးကိုထားခဲ့၍ မြို့ထဲသို့သွားပြီးလျှင် “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့် လူတို့သည် မြို့ထဲမှထွက်၍ ကိုယ်တော်ထံသို့လာကြ၏။