ရှင်ယောဟန် 19:31-42
ရှင်ယောဟန် 19:31-42 Judson Bible (JBMLE)
ထိုနေ့သည် အဖိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှာ ပိလတ်မင်းထံသို့ဝင်ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။- ထိုအခါစစ်သူရဲတို့သည် သွား၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူနှစ်ယောက်တို့၏ ခြေကိုချိုးလေ၏။- ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကိုမြင်လျှင် ခြေကိုမချိုးဘဲ၊- စစ်သူရဲတစ်ယောက်သည် နံဘေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့် ရေသည် ချက်ချင်းထွက်လာ၏။- ထိုအကြောင်းအရာကိုမြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။- ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက် ပြည့်စုံမည်အကြောင်းတည်း။- တစ်ဖန် ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။ ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍ ယေရှု၏အလောင်းတော်ကို ယူလေ၏။- အထက်က ညအခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပေါင်းကို ဆောင်လျက်လာ၏။- ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံ့သာမျိုးနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။- လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။- ယုဒလူတို့၏ အဖိတ်နေ့ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။
ရှင်ယောဟန် 19:31-42 Common Language Bible (BCL)
ယုဒအာဏာပိုင်တို့သည်လက်ဝါးကပ်တိုင် တွင်တင်ထားသူများ၏ခြေတို့ကိုချိုး၍ အလောင်းများကိုယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအားတောင်းလျှောက်ကြ၏။ သူတို့ ဤသို့တောင်းလျှောက်ကြရခြင်းမှာထိုနေ့ သည်အဖိတ်နေ့ဖြစ်၍ဥပုသ်နေ့၌ အလောင်း များကိုလက်ဝါးကပ်တိုင်တွင်မရှိစေလို သောကြောင့်လည်းကောင်း၊ ထိုဥပုသ်နေ့သည် လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် လည်းကောင်းဖြစ်ပေသည်။- ထို့ကြောင့်စစ်သားများသည်လာ၍သခင်ယေရှု နှင့်အတူလက်ဝါးကပ်တိုင်တွင်အတင်ခံရသော ပထမလူ၏ခြေများကိုချိုးပြီးလျှင် အခြား တစ်ယောက်၏ခြေများကိုလည်းချိုးကြ၏။- ကိုယ်တော်ထံသို့ရောက်ကြသောအခါအသက် ချုပ်တော်မူပြီးကြောင်းကိုတွေ့ရှိသဖြင့် ခြေ တော်တို့ကိုမချိုးကြတော့ချေ။- သို့ရာတွင်စစ်သားတစ်ယောက်သည်ကိုယ်တော် ၏နံတော်ကိုလှံဖြင့်ထိုးလိုက်ရာချက်ချင်း ပင်သွေးနှင့်ရေထွက်လာ၏။- (ဤအဖြစ်အပျက်ကိုသင်တို့သည်လည်းယုံ ကြည်ကြစေရန်မျက်မြင်သက်သေတစ်ဦး ကဖော်ပြပါ၏။ ထိုသူ၏ဖော်ပြချက်သည် မှန်ကန်ပါ၏။ ထိုသူကိုယ်တိုင်ပင်မိမိစကား မှန်ကန်ကြောင်းကိုသိပါ၏။)- ဤသို့ဖြစ်ပျက်ရခြင်းမှာ ``သူ၏အရိုးတစ် ချောင်းမျှမကျိုးစေရ'' ဟုကျမ်းစာတော် တွင်ပါရှိသည့်အတိုင်းပင်တည်း။- အခြားကျမ်းစာတစ်ပုဒ်တွင်လည်း ``ထိုသူ တို့သည်မိမိလှံဖြင့်ထိုးဖောက်သောသူကို ရှုကြည့်ကြရလိမ့်မည်'' ဟုပါရှိသေး၏။ ထိုနောက်အရိမဿဲမြို့သားယောသပ်သည် သခင်ယေရှု၏အလောင်းတော်ကိုယူခွင့်ပြု ရန်ပိလတ်မင်းအားတောင်းလျှောက်၏။ (ယောသပ် ကားယုဒအာဏာပိုင်တို့ကိုကြောက်သဖြင့် မထင်မရှားသခင်ယေရှု၏တပည့်တော်ဖြစ် သတည်း။) ပိလတ်မင်းခွင့်ပြုတော်မူသဖြင့် ယောသပ်သည်အလောင်းတော်ကိုလာယူ၏။- ယခင်သခင်ယေရှုကိုညအခါလာရောက် တွေ့ဆုံသူနိကောဒင်သည်လည်း မုရန်နှင့် အကျော်ရောနှောသောဆီမွှေးနံ့သာပေါင်း အချိန်နှစ်ဆယ့်ငါးပိဿာခန့်ကိုယူ၍ ယော သပ်နှင့်အတူလိုက်သွား၏။- သူတို့သည်သခင်ယေရှု၏အလောင်းတော်ကို ယူ၍ယုဒအမျိုးသားတို့၏သင်္ဂြိုဟ်ခြင်းဆိုင် ရာဋ္ဌလေ့ထုံးစံအတိုင်း နံ့သာပေါင်းနှင့်အတူ ပိတ်ဖြင့်ရစ်ပတ်ကြ၏။- ကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင်တင်၍သတ် သည့်အရပ်၌ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ် တွင်မည်သူကိုမျှမသင်္ဂြိုဟ်ဘူးသေးသည့် သင်္ချိုင်းဂူတစ်ခုရှိ၏။- ထိုနေ့သည်ယုဒအမျိုးသားတို့၏အဖိတ် နေ့ဖြစ်သောကြောင့် အလောင်းတော်ကိုအနီး တွင်ရှိသည့်ထိုဂူ၌ပင်သင်္ဂြိုဟ်ကြ၏။
ရှင်ယောဟန် 19:31-42 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်ပြီး နောက်တစ်နေ့သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်သောကြောင့် ဂျူးလူမျိုးတို့သည် ထိုဥပုသ်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်မှာ အလောင်းများမရှိစေလိုသဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသောသူများ၏ခြေတို့ကိုချိုးပြီး အလောင်းများကိုယူသွားခွင့်ပေးရန် ပိလတ်မင်းထံ တောင်းဆိုကြ၏။ ထို့ကြောင့် စစ်သားတို့သည်လာ၍ ယေရှုနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသူ ပထမတစ်ဦး၏ခြေနှင့် နောက်တစ်ဦး၏ခြေတို့ကို ချိုးကြ၏။ သို့သော် ယေရှုထံသို့ရောက်၍ ကိုယ်တော်သေဆုံးပြီဖြစ်ကြောင်း တွေ့မြင်သောအခါ ခြေတော်ကိုမချိုးဘဲ စစ်သားတစ်ဦးက နံဘေးတော်ကို လှံနှင့်ထိုးလေ၏။ ထိုအခါ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။ ဤအခြင်းအရာကိုမြင်သောသူသည် သက်သေခံခဲ့၍ သူ၏သက်သေခံချက်သည်မှန်ကန်၏။ သင်တို့သည်လည်း ယုံကြည်ကြရန် သူသည် မှန်ကန်စွာပြောဆိုနေကြောင်း သူကိုယ်တိုင်သိ၏။ ဤသို့ဖြစ်ပျက်ခဲ့သည်မှာ “သူ၏အရိုးတစ်ချောင်းမျှ ချိုးဖဲ့ခြင်းမခံရ”ဟူသောကျမ်းချက်ကို ပြည့်စုံစေရန်ဖြစ်၏။ တစ်ဖန် အခြားသောကျမ်းချက်၌ “သူတို့သည် မိမိတို့ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်”ဟု ဆိုထား၏။ ထိုသို့ဖြစ်ပြီးသည့်နောက် ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့် လျှို့ဝှက်စွာ ယေရှု၏တပည့်တော်ဖြစ်နေသော အရိမသဲမြို့သား ယောသပ်ဆိုသူသည် ယေရှု၏အလောင်းတော်ကို ယူသွားခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆိုလေ၏။ ပိလတ်မင်းသည်လည်း ခွင့်ပြုလိုက်သဖြင့် သူသည်လာ၍ အလောင်းတော်ကို ယူသွားလေ၏။ ယခင်က ယေရှုထံသို့ ညအချိန်လာဖူးသော နိကောဒင်သည်လည်း မုရန်နှင့်အကျော်ရောနှောထားသောနံ့သာ ပိဿာနှစ်ဆယ်ခန့်ကို ယူဆောင်၍လာလေ၏။ ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍ ဂျူးလူမျိုးတို့၏သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးစံအတိုင်း အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ထည်များဖြင့်ပတ်စည်းကြ၏။ လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံတော်မူသောအရပ်တွင် ဥယျာဉ်တစ်ခုရှိ၍ ထိုဥယျာဉ်၌ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူသစ်တစ်ခုရှိ၏။ ထိုနေ့သည် ဂျူးလူမျိုးတို့၏ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် ယေရှုကို ထိုဂူ၌သင်္ဂြိုဟ်ကြ၏။