ရှင်ယောဟန် 19:17-30
ရှင်ယောဟန် 19:17-30 Judson Bible (JBMLE)
ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။- ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာကျသတည်း။- ပိလတ်မင်းသည်လည်း ကမ္ပည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။- ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဖတ်ကြ၏။- ထိုကြောင့် ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟု လျှောက်ကြလျှင်၊- ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟု ပြန်ဆို၏။ စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်းတိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊- ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကို ပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့် မာဂဒလမာရိတို့သည် ရပ်နေကြ၏။- ထိုအခါ မယ်တော်နှင့် ချစ်တော်မူသောတပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊- တပည့်တော်အားလည်း၊ သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။ ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။- ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင် အကိုင်းဖျား၌တပ်၍ ခံတွင်းတော်သို့ကပ်ထားကြ၏။- ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။
ရှင်ယောဟန် 19:17-30 Common Language Bible (BCL)
ကိုယ်တော်သည်ဦးခေါင်းခွံဟုနာမည်တွင်သော အရပ်သို့မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း လျက်ကြွတော်မူ၏။ (ထိုအရပ်ကိုဟေဗြဲ ဘာသာအားဖြင့် ``ဂေါလဂေါသ'' ဟုခေါ် သတည်း။)- ထိုအရပ်မှာကိုယ်တော်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။ ကိုယ်တော်နှင့်အတူအခြား သူနှစ်ယောက်ကိုလည်းကိုယ်တော်၏လက်ယာ ဘက်တွင်တစ်ယောက် လက်ဝဲဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ကြ၏။ ကိုယ်တော်ကိုမူကားအလယ်တွင်ထား သတည်း။- ပိလတ်မင်းသည်ကမ္ပည်းလိပ်စာရေး၍ကိုယ်တော် ၏လက်ဝါးကပ်တိုင်ပေါ်မှာကပ်ထားစေ၏။ ထို ကမ္ပည်းလိပ်စာကား ``ယုဒဘုရင်၊ နာဇရက်မြို့ သားယေရှု'' ဟူ၍ဖြစ်သတည်း။- သခင်ယေရှုကိုလက်ဝါးကပ်တိုင်တွင်တင် ၍သတ်သည့်အရပ်မှာမြို့နှင့်နီးကပ်သဖြင့် လူအများပင်ထိုကမ္ပည်းလိပ်စာကိုဖတ် ကြည့်ကြ၏။ ကမ္ပည်းလိပ်စာကိုယုဒဘာသာ၊ လက်တင်ဘာသာနှင့်ဂရိဘာသာတို့ဖြင့် ရေးသားထားသည်။- ယဇ်ပုရောဟိတ်ကြီးများက ``ယုဒဘုရင် ဟူ၍ရေးတော်မမူပါနှင့်။ `ဤသူကငါ သည်ယုဒရှင်ဘုရင်ဖြစ်သည်ဟုဆိုသည်' ဟူ၍သာရေးတော်မူပါ'' ဟုပိလတ်မင်း အားလျှောက်ထားကြ၏။ ပိလတ်မင်းက ``ငါရေးပြီးသည့်အတိုင်း အတည်ဖြစ်စေရမည်'' ဟုပြန်ပြော၏။ စစ်သားတို့သည်သခင်ယေရှုကိုလက်ဝါးကပ် တိုင်တွင်တင်ကြပြီးသောအခါ ကိုယ်တော်၏ အဝတ်တော်တို့ကိုလေးပိုင်းပိုင်း၍တစ်ယောက် တစ်ပိုင်းစီယူကြ၏။ သူတို့သည်အထဲခံ အင်္ကျီကိုလည်းယူကြ၏။ သို့ရာတွင်ထိုအင်္ကျီ မှာချုပ်ရိုးမဲ့ရက်လုပ်ထားသည်ဖြစ်၍၊- စစ်သားများက ``ဤအင်္ကျီကိုမဆုတ်ကြ နှင့်။ မဲချ၍ယူကြကုန်အံ့'' ဟုအချင်း အချင်းပြောဆိုကြ၏။ ဤစစ်သားများ ပြုမူကြခြင်းမှာကျမ်းစာတော်တွင် ``ထိုသူတို့သည်ငါ၏အဝတ်များကိုခွဲဝေ ယူကြ၏။ ငါ၏အင်္ကျီကိုမဲချယူကြ၏'' ဟုပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်ပင်တည်း။- ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။- သခင်ယေရှုသည်မယ်တော်နှင့်မယ်တော်၏ အနီးတွင်ကိုယ်တော်ချစ်တော်မူသောတပည့် တော်ရပ်လျက်နေသည်ကိုတွေ့မြင်တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်က ``မယ်တော်၊ ဤမှာ မယ်တော်၏သား'' ဟုမြွက်ဆိုတော်မူ၏။ ထိုနောက်တပည့်တော်အား ``ဤမှာသင်၏ အမိ'' ဟုမိန့်မြွက်တော်မူ၏။ ထိုအခါမှ စ၍ထိုတပည့်တော်သည်မယ်တော်အား မိမိ၏အိမ်တွင်ပြုစုစောင့်ရှောက်ထားလေ သည်။ ထိုအချိန်၌အမှုခပ်သိမ်းပြီးစီးပြီဖြစ် ကြောင်းကိုသခင်ယေရှုသိတော်မူသဖြင့် ကျမ်းစာတော်လာသည်အတိုင်းဖြစ်ပျက် စေရန်ကိုယ်တော်က ``ငါရေငတ်သည်'' ဟု မိန့်တော်မူ၏။ ထိုနေရာတွင်ပုန်းရည်အပြည့်ထည့်ထား သောအိုးတစ်လုံးရှိ၏။ ထိုသူတို့သည်ရေ မြှုပ်တစ်ခုကိုပုန်းရည်တွင်နှစ်၍ဟုဿုပ်ပင် အကိုင်းအဖျား၌တပ်ပြီးလျှင်ကိုယ်တော် ၏ခံတွင်းတော်သို့ကမ်းပေးကြ၏။- သခင်ယေရှုသည်ထိုပုန်းရည်ကိုသောက်တော် မူပြီးမှ ``အမှုပြီးပြီ'' ဟုမိန့်တော်မူကာ ဦးခေါင်းတော်ကိုငိုက်လျက်အသက်ချုပ် တော်မူ၏။
ရှင်ယောဟန် 19:17-30 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းလျက် ဦးခေါင်းခွံအရပ်ဟုခေါ်သောနေရာသို့ ထွက်သွားတော်မူ၏။ (ထိုအရပ်ကို ဟေဗြဲဘာသာစကားအားဖြင့် ဂေါလဂေါသဟုခေါ်သည်။) သူတို့သည် ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ဦးတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ ယေရှုကိုအလယ်၌ထား၍ ထိုသူနှစ်ဦးတို့ကို ကိုယ်တော်၏တစ်ဖက်တစ်ချက်စီ၌ထားကြ၏။ ပိလတ်မင်းသည် ကမ္ပည်းကိုလည်း ရေးထိုး၍ လက်ဝါးကပ်တိုင်ပေါ်မှာတပ်ထား၏။ ထိုကမ္ပည်းတွင် “ဂျူးလူမျိုးတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု”ဟု ရေးထား၏။ ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသောအရပ်သည် မြို့နှင့်နီးသည့်အပြင် ထိုကမ္ပည်းကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးထားသည်ဖြစ်၍ များစွာသောဂျူးလူမျိုးတို့သည် ၎င်းကိုဖတ်ကြ၏။ ထို့ကြောင့် ဂျူးလူမျိုးတို့၏ယဇ်ပုရောဟိတ်အကြီးအကဲများက “ဂျူးလူမျိုးတို့၏ဘုရင်ဟု မရေးဘဲ ဤသူက ငါသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်သည်ဟုဆိုခဲ့၏ဟူ၍ ရေးပေးပါ”ဟု ပိလတ်မင်းအား လျှောက်ထားကြ၏။ ပိလတ်မင်းကလည်း “ငါရေးပြီးသည့်အတိုင်း ငါရေးပြီ”ဟု ပြန်ပြောလေ၏။ စစ်သားတို့သည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီးသောအခါ ကိုယ်တော်၏ဝတ်ရုံတော်ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီယူကြ၏။ အတွင်းအဝတ်တော်ကိုလည်းယူကြရာ ၎င်းသည် ချုပ်ရိုးမရှိဘဲ အထက်စွန်းမှ တစ်ထည်လုံးကို တစ်ဆက်တည်းရက်ထားသည့် အဝတ်ဖြစ်သောကြောင့် “ဤအဝတ်ကိုမဆုတ်ဘဲ မည်သူရမည်ကို မဲချကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ စစ်သားတို့ ဤသို့ပြုကြခြင်းမှာ “သူတို့သည် အကျွန်ုပ်၏ဝတ်ရုံကို အချင်းချင်းခွဲဝေကြ၍ အကျွန်ုပ်၏အဝတ်အတွက် မဲချကြ၏”ဟု ကျမ်းစာ၌ဆိုထားသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ ယေရှု၏လက်ဝါးကပ်တိုင်တော်အနီး၌ကား ယေရှု၏မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမြို့သူမာရိတို့သည် ရပ်နေကြ၏။ ယေရှုသည် အနီး၌ရပ်နေသည့် ချစ်တော်မူသောတပည့်တော်နှင့် မယ်တော်ကို မြင်တော်မူလျှင် မယ်တော်အား“အသင်အမျိုးသမီး၊ ကြည့်လော့။ သင်၏သားပေတည်း”ဟု မိန့်တော်မူ၏။ ထို့နောက် ထိုတပည့်တော်အား“ကြည့်လော့။ သင်၏အမိပေတည်း”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ခေါ်ထားလေ၏။ ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန်“ငါရေငတ်သည်”ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ဝိုင်ချဉ်အပြည့်ရှိသော အိုးတစ်လုံးကိုထားရှိသည်ဖြစ်၍ လူတို့သည် ဝိုင်ချဉ်ဝနေသောရေမြှုပ်ကို ဟုဿုပ်ရိုးတံအဖျား၌တပ်လျက် နှုတ်ခမ်းတော်နားသို့ကပ်ပေးကြ၏။ ထိုသို့ ဝိုင်ချဉ်ကိုခံယူပြီးသောအခါ ယေရှုသည်“အမှုပြီးပြီ”ဟု မိန့်တော်မူလျက် ဦးခေါင်းတော်ငိုက်စိုက်ကျကာ အသက်ကိုစွန့်တော်မူ၏။