YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 14:15-31

ရှင်ယောဟန် 14:15-31 Judson Bible (JBMLE)

ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ငါ​သည် ခ​မည်း​တော်​ကို​တောင်း၍၊- ခ​မည်း​တော်​သည် သ​မ္မာ​တ​ရား​ကို​ပြ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော တစ်​ပါး​သော​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ကို သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​တည်​နေ​စေ​ခြင်း​ငှာ သင်​တို့​အား​ပေး​တော်​မူ​မည်။- ထို​ဝိ​ညာဉ်​တော်​ကို လော​ကီ​သား​တို့​သည် မ​သိ​မ​မြင်​သော​ကြောင့် မ​ခံ​မ​ယူ​နိုင်​ကြ။ ထို​ဝိ​ညာဉ်​တော်​သည် သင်​တို့​နှင့်​အ​တူ​တည်​နေ၍၊ သင်​တို့၌ ရှိ​တော်​မူ​သော​ကြောင့် သင်​တို့​သိ​ရ​ကြ၏။- ငါ​သည် သင်​တို့​ကို မိ​ဘ​မဲ့​ဖြစ်​စေ​ခြင်း​ငှာ စွန့်​ပစ်​မည်​မ​ဟုတ်။ သင်​တို့​ဆီ​သို့ လာ​ဦး​မည်။- ခ​ဏ​ကြာ​ပြီး​မှ လော​ကီ​သား​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ သင်​တို့​မူ​ကား မြင်​ရ​ကြ​လိမ့်​မည်။ ငါ​သည် အ​သက်​ရှင်​သော​ကြောင့် သင်​တို့​သည်​လည်း အ​သက်​ရှင်​ရ​ကြ​လိမ့်​မည်။- ငါ​သည် ခ​မည်း​တော်၌​ရှိ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် ငါ၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို​နေ့၌ သင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။- ငါ့​ပ​ညတ်​တို့​ကို​ရ၍ စောင့်​ရှောက်​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်၏။ ငါ့​ကို​ချစ်​သော​သူ​ကို ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်၍ သူ့​အား​ကိုယ်​တိုင်​ထင်​ရှား​မည်​ဟု မိန့်​တော်​မူ၏။ ယု​ဒ​ရှ​ကာ​ရုတ်​မ​ဟုတ်၊ အ​ခြား​သော​ယု​ဒ​က၊ သ​ခင်၊ ကိုယ်​တော်​သည် လော​ကီ​သား​တို့​အား မ​ထင်​ရှား​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့ ထင်​ရှား​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်၏။- ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။- ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်​တို့​ကြား​သော​စ​ကား​သည် ငါ့​စ​ကား​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​စ​ကား​တော်​ဖြစ်၏။- ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​တွင် ဤ​စ​ကား​ကို​ပြော​ခဲ့​ပြီ။- ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။- ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။- ငါ​သည် ယ​ခု​သွား​သော်​လည်း သင်​တို့​ဆီ​သို့ လာ​ဦး​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ခ​မည်း​တော်​ထံ​သို့ ငါ​သွား​မည်​ကို ဝမ်း​မြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ထက်​သာ၍ ကြီး​မြတ်​တော်​မူ၏။- ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ သင်​တို့​သည်​ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင်​သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။- ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​နှင့် များ​စွာ​မ​ပြော​ရ။ အ​ကြောင်း​မူ​ကား၊ ဤ​လော​က​ကို အ​စိုး​ရ​သော​မင်း​သည် လာ​ဆဲ​ဖြစ်၏။ လာ​သော်​လည်း ငါ၌​အ​ဘယ်​အ​ခွင့်​အ​ရာ​ကို​မျှ မ​တွေ့​ရ။- ငါ​သည် ခ​မည်း​တော်​ကို ချစ်​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​မှာ​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့ သိ​မည်​အ​ကြောင်း​တည်း။ ဤ​အ​ရပ်​မှ ထ၍​သွား​ကြ​ကုန်​အံ့။

ရှင်ယောဟန် 14:15-31 Common Language Bible (BCL)

``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။- ငါ​သည်​ခ​မည်း​တော်​အား​တောင်း​လျှောက် သ​ဖြင့်​သင်​တို့​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ရှိ​၍ သင်​တို့​အား​မ​စ​တော်​မူ​သော​အ​ခြား အ​ရှင်​တစ်​ပါး​ကို​ပေး​တော်​မူ​လိမ့်​မည်။- ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ဆိုင် ရာ​သမ္မာ​တ​ရား​ကို​ဖော်​ပြ​သော​ဝိ​ညာဉ်​တော် ဖြစ်​၏။ လော​က​သား​တို့​သည်​ထို​ဝိ​ညာဉ်​တော် ကို​မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သ​ဖြင့် မ​ခံ​မ​ယူ​နိုင်။ ထို​ဝိ​ညာဉ်​တော်​သည်​သင်​တို့ နှင့်​အ​တူ​တည်​နေ​တော်​မူ​၍ သင်​တို့​စိတ်​နှ​လုံး တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့်​ထို​အ​ရှင်​ကို သင်​တို့​သိ​ကြ​၏။ ``ငါ​သည်​သင်​တို့​အား​ခို​ကိုး​ရာ​မဲ့​ဖြစ်​စေ မည်​မ​ဟုတ်။ သင်​တို့​ထံ​သို့​ငါ​လာ​ဦး​မည်။- ကာ​လ​အ​နည်း​ငယ်​ကြာ​လျှင်​ဤ​လော​က သား​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ် သော်​လည်း သင်​တို့​မူ​ကား​မြင်​ကြ​ရ​လိမ့်​မည်။ ငါ သည်​အ​သက်​ရှင်​သော​ကြောင့်​သင်​တို့​သည်​လည်း အ​သက်​ရှင်​ကြ​လိမ့်​မည်။- ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​သည်​ကို​လည်း ကောင်း၊ သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သင်​တို့​၌​တည်​နေ​သည်​ကို​လည်း​ကောင်း ထို​နေ့​ရက်​၌​သင်​တို့​သိ​ကြ​လိမ့်​မည်။'' ``ငါ့​ပ​ညတ်​များ​ကို​ခံ​ယူ​၍​စောင့်​ထိန်း​သော သူ​သည်​ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ် သော​သူ​ကို ခ​မည်း​တော်​သည်​ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း​သူ့​ကို​ချစ်​၍ မိ​မိ​ကိုယ်​ကို​သူ့ အား​ပေါ်​လွင်​ထင်​ရှား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ (ရှ​ကာ​ရုတ်​မ​ဟုတ်​သူ) အ​ခြား​ယု​ဒ​က``သ​ခင်၊ လော​က​သား​တို့​အား​မိ​မိ​ကိုယ်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မ​မူ​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့​ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​မည် နည်း'' ဟု​မေး​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​သွန်​သင်​ချက်​ကို​ခံ​ယူ​လိမ့်​မည်။ သို့​ဖြစ်​၍ ငါ့​ခ​မည်း​တော်​သည်​ထို​သူ​ကို​ချစ်​တော်​မူ လိမ့်​မည်။ ငါ့​ခမည်း​တော်​နှင့်​ငါ​သည်​လည်း​သူ့ ထံ​သို့​လာ​၍​သူ​နှင့်​အ​တူ​ကျိန်း​ဝပ်​မည်။- ငါ့​ကို​မ​ချစ်​သော​သူ​သည်​ငါ့​သွန်​သင်​ချက် ကို​မ​ခံ​မ​ယူ​တတ်။ သင်​တို့​ကြား​ရ​သော​သွန် သင်​ချက်​သည်​ငါ့​သွန်​သင်​ချက်​မ​ဟုတ်။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​သွန် သင်​ချက်​ဖြစ်​၏။ ``သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​ဤ​အ​ရာ များ​ကို​ငါ​ဖော်​ပြ​ပြီ။- သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။ ``ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။- `ငါ​ယ​ခု​သွား​သော်​လည်း​သင်​တို့​ထံ​ကို ပြန်​လာ​ဦး​မည်' ဟု​ပြော​သည်​ကို​သင်​တို့ ကြား​ခဲ့​ကြ​ပြီ။ ခ​မည်း​တော်​သည်​ငါ့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​ငါ့ ကို​ချစ်​လျှင်​ခ​မည်း​တော်​ထံ​သို့​ငါ​သွား သည်​ကို​ဝမ်း​မြောက်​ကြ​လိမ့်​မည်။- ထို​အ​မှု​အ​ရာ​ဖြစ်​ပျက်​သော​အ​ခါ​၌​သင် တို့​ယုံ​ကြည်​ကြ​စေ​ရန် ယ​ခု​က​ပင်​ကြို​တင် ၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- လော​က​ကို​အ​စိုး​ရ​သူ​သည်​ရောက်​ရှိ​လာ တော့​မည်။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​စ​ကား ကြာ​ကြာ​ပြော​နိုင်​တော့​မည်​မ​ဟုတ်။ သူ​သည် ငါ့​ကို​မည်​သို့​မျှ​မ​ပြု​နိုင်။- သို့​ရာ​တွင်​ငါ​သည်​ခ​မည်း​တော်​ကို​ချစ်​ကြောင်း ကမ္ဘာ​က​သိ​ရန်​လို​ပေ​သည်။ သို့​ဖြစ်​၍​ငါ​သည် ခ​မည်း​တော်​ငါ့​အား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ငါ​လိုက်​နာ​ဆောင်​ရွက်​၏။ ထ​၍​ဤ​နေ​ရာ​မှ​သွား​ကြ​ကုန်​အံ့'' ဟု မိန့်​တော်​မူ​၏။

ရှင်ယောဟန် 14:15-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ငါ​၏​ပညတ်​ချက်​များ​ကို စောင့်ထိန်း​ကြ​လိမ့်မည်။ ငါ​သည်​လည်း ခမည်းတော်​ကို​တောင်းလျှောက်​သဖြင့် ခမည်းတော်​သည် အခြား​သော​ကူညီ​မစ​သူ​တစ်​ပါး​ကို သင်​တို့​နှင့်အတူ ကာလ​အစဉ်အဆက်​ရှိ​စေရန် သင်​တို့​အား​ပေး​တော်မူ​မည်။ ထို​အရှင်​မှာ သမ္မာတရား​၏​ဝိညာဉ်​တော်​ဖြစ်​၏။ ဤ​လောက​သည် ထို​အရှင်​ကို မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သောကြောင့် ထို​အရှင်​ကို​မ​ခံယူ​မ​ရရှိ​နိုင်။ သို့သော် ထို​အရှင်​သည် သင်​တို့​နှင့်အတူ​တည်​နေ​၍ သင်​တို့​၌​ရှိ​နေ​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် ထို​အရှင်​ကို​သိ​ကြ​၏။ ငါ​သည် သင်​တို့​ကို မိဘမဲ့​အဖြစ် ပစ်ထား​မည်​မ​ဟုတ်။ သင်​တို့​ထံသို့ ငါ​ပြန်လာ​ဦး​မည်။ နောက်ထပ် ခဏ​ကြာ​လျှင် ဤ​လောက​သည် ငါ့​ကို​မြင်​ရ​တော့မည်​မ​ဟုတ်။ သင်​တို့​မူကား ငါ့​ကို​မြင်​ရ​ကြ​လိမ့်မည်။ ငါ​သည်​အသက်ရှင်​သောကြောင့် သင်​တို့​သည်​လည်း အသက်ရှင်​ရ​ကြ​လိမ့်မည်။ ထို​နေ့​တွင် ငါ့​ခမည်းတော်​၌ ငါ​ရှိ​သည်​ကို​လည်းကောင်း၊ သင်​တို့​သည် ငါ​၌​ရှိ​၍ ငါ​သည် သင်​တို့​၌​ရှိ​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​လိမ့်မည်။ ငါ​၏​ပညတ်​ချက်​များ​ကို​ရရှိ​၍ ၎င်း​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခမည်းတော်​သည် ချစ်​တော်မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ၌ မိမိကိုယ်ကို​ထင်ရှား​စေ​မည်”​ဟု မိန့်​တော်မူ​၏။ ယုဒ​ဣရှကာရုတ်​မ​ဟုတ်​သော​ယုဒ​က “သခင်​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံ မိမိကိုယ်ကို​ထင်ရှား​စေရန်​ကြံရွယ်​တော်မူ​သော်လည်း လောကီသား​တို့​ထံ မ​ထင်ရှား​စေ​သည်​မှာ မည်သို့​နည်း”​ဟု မေးလျှောက်​၏။ ယေရှု​က​လည်း“မည်သူမဆို ငါ့​ကို​ချစ်​လျှင် ငါ့​စကား​ကို လိုက်နာ​စောင့်ထိန်း​လိမ့်မည်။ ငါ့​ခမည်းတော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်မူ​သဖြင့် ငါ​တို့​သည် သူ့​ထံသို့​လာ​၍ သူ​နှင့်အတူ​နေထိုင်​မည်။ ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စကား​ကို​လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ။ သင်​တို့​ကြား​ရ​သော​စကား​သည် ငါ​၏​စကား​မ​ဟုတ်​ဘဲ ငါ့​ကို​စေလွှတ်​တော်မူ​သော ခမည်းတော်​၏​စကား​ဖြစ်​၏။ သင်​တို့​နှင့်အတူ​ရှိ​နေ​စဉ် ဤ​အရာ​များ​ကို ငါ​ဟောပြော​ခဲ့​ပြီ။ သို့သော် ငါ့​နာမ​၌ ခမည်းတော်​စေလွှတ်​တော်မူ​မည့် ကူညီ​မစ​သူ​တည်းဟူသော သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား​သွန်သင်​တော်မူ​၍ ငါ​ပြောဆို​ခဲ့​သမျှ​သော​အရာ​တို့​ကို သင်​တို့​အား ပြန်လည်​သတိရ​စေ​တော်မူ​လိမ့်မည်။ ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​တို့​၌​ထားခဲ့​၏။ ငါ​၏​ငြိမ်သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး​၏။ ဤ​လောက​ပေး​သည့်​အတိုင်း သင်​တို့​အား ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။ ငါ​သည် သွား​သော်လည်း သင်​တို့​ထံသို့​ပြန်လာ​ဦး​မည်​ဟု ငါ​ပြော​ခဲ့​သည်​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လျှင် ခမည်းတော်​ထံသို့ ငါ​သွား​သည့်​အတွက် ဝမ်းမြောက်​ကြ​လိမ့်မည်။ အကြောင်းမူကား ခမည်းတော်​သည် ငါ့​ထက် ကြီးမြတ်​တော်မူ​၏။ ထို​အခြင်းအရာ​ဖြစ်ပျက်​လာ​သောအခါ သင်​တို့​ယုံကြည်​ကြ​စေရန် မ​ဖြစ်ပျက်​မီ​က​ပင် သင်​တို့​ကို ယခု ငါ​ပြော​ထား​၏။ ငါ​သည် သင်​တို့​နှင့် များစွာ​ပြော​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ဤ​လောက​ကို​အုပ်ချုပ်​သူ​သည် ရောက်လာ​တော့မည်။ သူ​သည် ငါ့​အပေါ်၌ မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ သို့ရာတွင် ငါ​သည် ခမည်းတော်​ကို​ချစ်​ကြောင်း ဤ​လောက​အား​သိ​စေရန် ငါ့​ကို ခမည်းတော်​မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​ပြု​၏။ ထ​ကြ​လော့။ ဤ​အရပ်​မှ​သွား​ကြ​ကုန်စို့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။