YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 11:33-45

ရှင်ယောဟန် 11:33-45 Judson Bible (JBMLE)

မာ​ရိ​မှ​စ၍ လိုက်​လာ​သော​ယု​ဒ​လူ​တို့​သည် ငို​ကြွေး​ကြ​သည်​ကို ယေ​ရှု​သည်​မြင်​တော်​မူ​သော​အ​ခါ၊ အ​လွန်​ညှိုး​ငယ်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​ရှိ၍၊- အ​လောင်း​ကို အ​ဘယ်​မှာ​ထား​ကြ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သ​ခင်​ကြွ၍ ကြည့်​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​သည် မျက်​ရည်​ကျ​တော်​မူ၏။- ယု​ဒ​လူ​တို့​က၊ ကြည့်​ပါ၊ လာ​ဇ​ရု​ကို အ​လွန်​ချစ်​တော်​မူ​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။- အ​ချို့​တို့​က၊ မျက်​စိ​ကန်း​သော​သူ​ကို မြင်​စေ​တော်​မူ​သော ဤ​သ​ခင်​သည်၊ လာ​ဇ​ရု​ကို မ​သေ​စေ​ခြင်း​ငှာ မ​တတ်​နိုင်​သ​လော​ဟု​ဆို​ကြ၏။ တစ်​ဖန်​ယေ​ရှု​သည် အ​လွန်​ညှိုး​ငယ်​သော​စိတ်​နှင့် သင်္ချိုင်း​တွင်း​သို့ ရောက်​တော်​မူ၏။ ထို​တွင်း​သည် မြေ​တွင်း​ဖြစ်၏။ ကျောက်​နှင့် ပိတ်​ထား၏။- ကျောက်​ကို​ရွှေ့​ကြ​လော့​ဟု ယေ​ရှု​သည်​မိန့်​တော်​မူ​လျှင်၊ သေ​လွန်​သော​သူ၏​နှ​မ မာ​သ​က၊ သ​ခင်၊ ယ​ခု​ဖြစ်​လျှင် နံ​လိမ့်​မည်။ လေး​ရက်​ရှိ​ပါ​ပြီ​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်​သည်​ယုံ​လျှင် ဘု​ရား​သ​ခင်၏​ဘုန်း​အာ​နု​ဘော်​တော်​ကို မြင်​ရ​လိမ့်​မည်၊ ငါ​ပြော​ပြီ မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ သေ​လွန်​သော​သူ၏​သင်္ချိုင်း​မှ ကျောက်​ကို ရွှေ့​ကြ၏။ ယေ​ရှု​သည်​လည်း အ​ထက်​သို့​ကြည့်​မျှော်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏။- ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​စဉ်​မ​ပြတ်​နား​ထောင်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ဝန်း​ရံ​လျက်​ရှိ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ သူ​တို့၏​အ​ကျိုး​ကို​ထောက်၍ ဤ​သို့ အ​ကျွန်ုပ်​လျှောက်​ပါ၏​ဟု မိန့်​မြွက်​တော်​မူ​ပြီး​မှ၊- လာ​ဇ​ရု ထွက်၍​လာ​လော့​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ဟစ်​ခေါ်​တော်​မူ၏။- ထို​အ​ခါ သေ​လွန်​သော​သူ​သည် မိ​မိ​ခြေ​လက်၌ ပု​ဆိုး​နံ​ငယ်​နှင့်​ရစ်​ပတ်​လျက်၊ မျက်​နှာ​ကို​လည်း ပု​ဝါ​နှင့် စည်း​လျက်​ထွက်​လာ၏။ ယေ​ရှု​က​လည်း၊ သူ့​ကို​ဖြည်၍ လွှတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ မာ​ရိ​ဆီ​သို့​လာ​သော ယု​ဒ​လူ​အ​များ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို မြင်​လျှင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​ကြ၏။

ရှင်ယောဟန် 11:33-45 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​မာ​ရိ​ငို​ယို​နေ​သည်​ကို လည်း​ကောင်း၊ သူ​နှင့်​အ​တူ​ပါ​လာ​ကြ​သော လူ​တို့​သည်​လည်း​ငို​ယို​နေ​ကြ​သည်​ကို​လည်း ကောင်း​မြင်​တော်​မူ​သ​ဖြင့် စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​တော်​မူ​၏။- ကိုယ်​တော်​က ``သူ့​အလောင်း​ကို​အ​ဘယ်​မှာ သင်္ဂြိုဟ်​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ထို​သူ​တို့​က ``သ​ခင်​ကြွ​၍​ကြည့်​တော်​မူ ပါ'' ဟု​လျှောက်​ထား​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​မျက်​ရည်​ကျ​တော်​မူ​၏။ ထို​အ​ခါ​လူ​တို့​က ``ကြည့်​ပါ၊ သူ​သည် လာ​ဇ​ရု​ကို​အ​လွန်​ချစ်​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။- အ​ချို့​သော​သူ​တို့​က​မူ ``မျက်​မ​မြင်​ကို မျက်​စိ​မြင်​စေ​သော​သူ​သည်​လာ​ဇ​ရု​ကို မ​သေ​ရ​အောင်​မ​တတ်​နိုင်​ပါ​သ​လော'' ဟု ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။- သ​ခင်​ယေ​ရှု​က ``ကျောက်​တုံး​ကို​ရွှေ့​လိုက်​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။ သေ​လွန်​သူ​၏​အစ်​မ၊ မာ​သ​က ``အ​ရှင် ဘု​ရား၊ ယ​ခု​အ​ခါ​ဆို​လျှင်​အ​နံ့​ထွက် နေ​ပါ​လိမ့်​မည်။ သူ​သေ​သည်​မှာ​လေး​ရက် ရှိ​ပါ​ပြီ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​ယုံ​ကြည်​လျှင်​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​လိမ့် မည်​ဟူ​၍​ငါ​ပြော​သည်​မ​ဟုတ်​လော'' ဟု မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​လူ​တို့​သည်​ကျောက်​တုံး​ကို​ရွှေ့​လိုက် ကြ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​အ​ထက် သို့​မျှော်​ကြည့်​လျက် ``ခ​မည်း​တော်၊ ကိုယ်​တော် ရှင်​သည်​အ​ကျွန်ုပ်​၏​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကြီး​ပါ​၏။- ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​ကျွန်ုပ် ၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​အား ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ဤ လူ​အ​ပေါင်း​တို့​ယုံ​ကြည်​ကြ​စေ​ရန် သူ​တို့​၏ အ​ကျိုး​ကို​ထောက်​၍​အ​ကျွန်ုပ်​ဤ​သို့​လျှောက် ပါ​၏'' ဟု​မြွက်​ဆို​တော်​မူ​၏။- ထို​နောက် ``လာ​ဇ​ရု၊ ထွက်​ခဲ့​လော့'' ဟု​ကျယ်​စွာ အ​မိန့်​ပေး​တော်​မူ​၏။- ထို​အ​ခါ​သေ​လွန်​သော​သူ​သည်​ခြေ​လက်​၌ အ​ဝတ်​ဖြင့်​ပတ်​လျက်၊ မျက်​နှာ​၌​ပ​ဝါ​ဖြင့် စည်း​လျက်​ထွက်​လာ​လေ​သည်။ သ​ခင်​ယေ​ရှု က ``သူ့​အား​ပတ်​ထား​သည့်​အ​ဝတ်​များ​ကို ဖြေ​ပေး​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​မာ​ရိ​ထံ​သို့​လာ​ကြ​သည့်​လူ အ​မြောက်​အ​မြား​ပင်​သ​ခင်​ယေ​ရှု​ပြု​တော် မူ​သော​အ​မှု​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​ကိုယ် တော်​ကို​ယုံ​ကြည်​လာ​ကြ​၏။

ရှင်ယောဟန် 11:33-45 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ “သူ့​ကို​အဘယ်မှာ​သင်္ဂြိုဟ်​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား၊ ကြွ​၍​ကြည့်ရှု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ယေရှု​သည် မျက်ရည်​ကျ​တော်မူ​၏။ ထိုအခါ ဂျူး​လူမျိုး​တို့​က “ကြည့်​ပါ။ လာဇရု​ကို အလွန်​ချစ်ခင်​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။ သို့သော် သူ​တို့​ထဲမှ​အချို့​တို့​က “မျက်မမြင်​ကို​မျက်စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာဇရု​ကို​လည်း​မ​သေ​စေရန် မ​တတ်နိုင်​သလော”​ဟု ဆို​ကြ​၏။ ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။ ယေရှု​က“ကျောက်တုံး​ကို​ဖယ်ရှား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ သေဆုံး​သော​သူ​၏​အစ်မ မာသ​က “သခင်​ဘုရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်၍ ယခု​ဆို​လျှင် အနံ့​ထွက်​နေ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“သင်​ယုံကြည်​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်မည်​ဟူ၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် လူ​တို့​သည် ကျောက်တုံး​ကို​ဖယ်ရှား​ကြ​၏။ ထိုအခါ ယေရှု​သည် အထက်​သို့​မော်ကြည့်​လျက်“အို အဖ၊ အကျွန်ုပ်​တောင်းလျှောက်​သည်​ကို နားညောင်း​တော်မူ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဆုတောင်း​သံ​ကို အစဉ်​နားညောင်း​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏။ သို့ရာတွင် ဤသို့​တောင်းလျှောက်​ခြင်း​မှာ ဝိုင်းရံ​လျက်​ရှိ​သော​လူထု​ပရိသတ်​အတွက်​ဖြစ်​ပြီး အကျွန်ုပ်​ကို​ကိုယ်တော်​စေလွှတ်​တော်မူ​ကြောင်း သူ​တို့​ယုံကြည်​ကြ​စေရန်​အတွက်​ဖြစ်​ပါ​၏”​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် ကျယ်လောင်​သော​အသံ​ဖြင့်“လာဇရု၊ ထွက်လာ​လော့”​ဟု ဟစ်ခေါ်​တော်မူ​၏။ ထိုအခါ သေလွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်စ​ဖြင့်​ပတ်စည်း​လျက် မျက်နှာ​ကို​လည်း ပဝါ​ဖြင့်​စည်း​ထား​သည့်​အတိုင်း ထွက်လာ​၏။ ယေရှု​က“သူ့​ကို ဖြေ​ပေး​၍ သွား​ခွင့်ပေး​ကြ​လော့”​ဟု လူ​တို့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် မာရိ​ထံသို့​လာ​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို​မြင်​ရ​သည့် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။