ရှင်ယောဟန် 11:17-57
ရှင်ယောဟန် 11:17-57 Judson Bible (JBMLE)
ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကို သင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။- ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တစ်တိုင်လောက်သာ ကွာဝေးသည်ဖြစ်၍၊- မာသနှင့် မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှာ ယုဒလူများတို့သည် လာကြ၏။- ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှာ သွား၏။- မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။- ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။- မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။- ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။- ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။- ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။ ထိုသို့လျှောက်ပြီးမှ မာသသည်သွား၍ မိမိညီမ မာရိအား၊ အရှင်ဘုရား ရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။- မာရိသည် ထိုစကားကိုကြားလျှင် အလျင်တဆောထ၍ အထံတော်သို့ သွားလေ၏။- ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး။ မာသခရီးဦးကြိုပြုသောအရပ်၌ ရှိတော်မူသတည်း။- ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူ အိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ၍ထွက်သွားသည်ကို မြင်ကြလျှင်၊ ငိုကြွေးခြင်းငှာ သင်္ချိုင်းသို့သွားပြီဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။- မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါဟု လျှောက်၏။- မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊- အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။- ယေရှုသည် မျက်ရည်ကျတော်မူ၏။- ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။- အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှာ မတတ်နိုင်သလောဟုဆိုကြ၏။ တစ်ဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့် ပိတ်ထား၏။- ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူ၏နှမ မာသက၊ သခင်၊ ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီဟု လျှောက်၏။- ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။- ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှ ကျောက်ကို ရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။- ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ၊- လာဇရု ထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။- ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။- အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့သည် အဘယ်သို့ပြုလျက် နေကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကိုပြ၏။- သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။- ထိုသူတို့အဝင် ထိုနှစ်တွင် ယဇ်ပုရာဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက၊ သင်တို့အလျှင်း မသိကြ။- ယုဒလူမျိုးအကုန်အစင် ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့အတွက်သေသော် သာ၍ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟု ပြောဆို၏။- ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍လည်းကောင်း၊- ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှာ သေရမည်ဟူ၍လည်းကောင်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။- ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။- ထိုကြောင့်၊ ယေရှုသည် နောက်တစ်ဖန် ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။- ထိုသူတို့သည် ယေရှုကိုရှာဖွေ၍၊ အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း။ သူသည် ပွဲသို့မလာသလောဟု ဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။- ထိုအခါ အဘယ်သူသည် ယေရှုရှိရာအရပ်ကိုသိလျှင် သူ့ကိုဖမ်းဆီးစေခြင်းငှာ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့သည် မှာခဲ့ကြပြီ။
ရှင်ယောဟန် 11:17-57 Common Language Bible (BCL)
သခင်ယေရှုရောက်တော်မူသောအခါလာဇရု အားသင်္ဂြိုဟ်ခဲ့သည်မှာလေးရက်မျှရှိပြီဖြစ် ကြောင်းတွေ့ရှိတော်မူ၏။- ဗေသနိရွာသည်ယေရုရှလင်မြို့နှင့်နှစ် မိုင်ပင်မဝေးချေ။ ယုဒအမျိုးသားအမြောက်အမြားပင် မာရိနှင့်မာသတို့၏မောင်သေဆုံးသော ကြောင့်သူတို့ကိုနှစ်သိမ့်ရန်လာရောက်ကြ ၏။ မာသသည်သခင်ယေရှုကြွလာတော်မူ ကြောင်းကိုကြားလျှင် ခရီးဦးကြိုပြုရန် ထွက်သွား၏။ မာရိမူကားအိမ်တွင်ထိုင် လျက်နေရစ်၏။- မာသက ``အရှင်ဘုရား၊ အရှင်သာဤ အရပ်တွင်ရှိခဲ့ပါမူကျွန်မ၏မောင်သေ မည်မဟုတ်ပါ။- ယခုပင်လျှင်အရှင်တောင်းခံသမျှသော အရာတို့ကိုဘုရားသခင်ချပေးတော် မူမည်ကိုကျွန်မသိပါ၏'' ဟုသခင် ယေရှုအားလျှောက်၏။ သခင်ယေရှုက ``သင်၏မောင်သည်အသက် ပြန်၍ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။ မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။- သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။- ငါ့ကိုယုံကြည်၍ယခုအသက်ရှင်လျက်ရှိ သောသူသည်လည်း အဘယ်အခါမျှသေရ လိမ့်မည်မဟုတ်။ ငါ့စကားကိုသင်ယုံပါ သလော'' ဟုမေးတော်မူ၏။ မာသက ``ယုံပါ၏သခင်။ အရှင်သည်ဤ လောကသို့ကြွလာမည့်ဘုရားသခင်၏ သားတော်မေရှိယဖြစ်တော်မူသည်ကို ကျွန်မယုံပါ၏'' ဟုလျှောက်၏။ ဤသို့လျှောက်ထားပြီးလျှင်မာသသည်အိမ် သို့ပြန်၍ညီမမာရိကိုတိတ်တဆိတ်ခေါ် ပြီးနောက် ``ဆရာတော်ကြွလာတော်မူပြီ။ သင့်အားမေးလျက်နေသည်'' ဟုပြောကြား၏။- ထိုစကားကိုကြားလျှင်မာရိသည်အလျင် အမြန်ထ၍အထံတော်သို့သွားလေ၏။- သခင်ယေရှုသည်ကားရွာထဲသို့မဝင်ရသေး။ မာသသွားရောက်ကြိုဆိုရာအရပ်မှာပင်ရှိ တော်မူ၏။- မာရိအားနှစ်သိမ့်စကားပြောကြားရန်အိမ် တွင်ရှိနေကြသောလူတို့သည်မာရိအလျင် အမြန်ထ၍ထွက်သွားသည်ကိုမြင်လျှင် ငို ကြွေးရန်သင်္ချိုင်းသို့သွားသည်ဟုထင်မှတ် ကြ၏။ သို့ဖြစ်၍သူတို့သည်မာရိ၏နောက် သို့လိုက်သွားကြ၏။ မာရိသည်သခင်ယေရှုရှိရာအရပ်သို့ရောက် သောအခါ ကိုယ်တော်ကိုမြင်သဖြင့်ခြေတော် ရင်းမှာပျပ်ဝပ်လျက် ``အရှင်ဘုရား၊ အရှင် သာဤအရပ်မှာရှိတော်မူခဲ့ပါလျှင်ကျွန်မ မောင်သည်သေမည်မဟုတ်ပါ'' ဟုလျှောက် ထား၏။ သခင်ယေရှုသည်မာရိငိုယိုနေသည်ကို လည်းကောင်း၊ သူနှင့်အတူပါလာကြသော လူတို့သည်လည်းငိုယိုနေကြသည်ကိုလည်း ကောင်းမြင်တော်မူသဖြင့် စိတ်တော်အလွန် လှုပ်ရှားလျက်စိတ်မချမ်းမသာဖြစ်တော်မူ၏။- ကိုယ်တော်က ``သူ့အလောင်းကိုအဘယ်မှာ သင်္ဂြိုဟ်ကြသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သခင်ကြွ၍ကြည့်တော်မူ ပါ'' ဟုလျှောက်ထားကြ၏။- သခင်ယေရှုသည်မျက်ရည်ကျတော်မူ၏။ ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။- အချို့သောသူတို့ကမူ ``မျက်မမြင်ကို မျက်စိမြင်စေသောသူသည်လာဇရုကို မသေရအောင်မတတ်နိုင်ပါသလော'' ဟု ဆိုကြ၏။ သခင်ယေရှုသည်တစ်ဖန်စိတ်တော်အလွန် လှုပ်ရှားလျက်သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထို ဂူ၏အဝင်ဝကိုကျောက်တုံးဖြင့်ပိတ်ထား၏။- သခင်ယေရှုက ``ကျောက်တုံးကိုရွှေ့လိုက်ကြ လော့'' ဟုမိန့်တော်မူ၏။ သေလွန်သူ၏အစ်မ၊ မာသက ``အရှင် ဘုရား၊ ယခုအခါဆိုလျှင်အနံ့ထွက် နေပါလိမ့်မည်။ သူသေသည်မှာလေးရက် ရှိပါပြီ'' ဟုလျှောက်၏။ သခင်ယေရှုက ``သင်ယုံကြည်လျှင်ဘုရား သခင်၏ဘုန်းအသရေတော်ကိုမြင်ရလိမ့် မည်ဟူ၍ငါပြောသည်မဟုတ်လော'' ဟု မိန့်တော်မူ၏။- သို့ဖြစ်၍လူတို့သည်ကျောက်တုံးကိုရွှေ့လိုက် ကြ၏။ ထိုအခါသခင်ယေရှုသည်အထက် သို့မျှော်ကြည့်လျက် ``ခမည်းတော်၊ ကိုယ်တော် ရှင်သည်အကျွန်ုပ်၏ပတ္ထနာကိုနားညောင်း တော်မူသဖြင့်ကျေးဇူးတော်ကြီးပါ၏။- ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။- ထိုနောက် ``လာဇရု၊ ထွက်ခဲ့လော့'' ဟုကျယ်စွာ အမိန့်ပေးတော်မူ၏။- ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါမာရိထံသို့လာကြသည့်လူ အမြောက်အမြားပင်သခင်ယေရှုပြုတော် မူသောအမှုကိုတွေ့မြင်ကြသဖြင့်ကိုယ် တော်ကိုယုံကြည်လာကြ၏။- သို့ရာတွင်အချို့တို့သည်ဖာရိရှဲများ၏ ထံသို့သွား၍ သခင်ယေရှုပြုတော်မူသော အမှုကိုပြောကြားကြ၏။- သို့ဖြစ်၍ယဇ်ပုရောဟိတ်ကြီးများနှင့် ဖာရိရှဲများသည်ယုဒတရားလွှတ်တော်ဆိုင် ရာအစည်းအဝေးကိုခေါ်ဖိတ်၍ ``ဤသူသည် များစွာသောအံ့သြဖွယ်နိမိတ်လက္ခဏာတို့ ကိုပြလျက်နေ၏။ ငါတို့အဘယ်ကြောင့်မည် သို့မျှမပြုဘဲနေကြသနည်း။- သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။ ထိုသူတို့တွင်ထိုနှစ်အတွက် ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖဆိုသူက ``သင်တို့ သည်ပညာမဲ့ကြပါသည်တကား။- ယုဒအမျိုးသားတစ်ရပ်လုံးသေကျေပျက် စီးသည်ထက် တစ်မျိုးသားလုံးအတွက်လူ တစ်ယောက်သေရသည်က သင်တို့အဖို့ပို၍ ကောင်းသည်ကိုသင်တို့မသိကြသလော'' ဟုဆို၏။- ယင်းသို့ဆိုရာ၌သူသည် မိမိကိုယ်ပိုင်ဉာဏ် ဖြင့်ဆိုသည်မဟုတ်။ ထိုနှစ်အတွက်ယဇ်ပု ရောဟိတ်မင်းဖြစ်လျက် ယုဒအမျိုးသား တစ်ရပ်လုံးအတွက်လည်းကောင်း၊ ထိုမျှမက အရပ်ရပ်တွင် ကွဲလွင့်နေသောဘုရားသခင် ၏လူစုတော်ဝင်များကိုတစ်စုတစ်ရုံးတည်း ဖြစ်စေရန်လည်းကောင်း ကိုယ်တော်အသေခံ တော်မူမည့်အကြောင်းကြိုတင်ဟောကြား ခြင်းဖြစ်သတည်း။ ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။- သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။ ယုဒအမျိုးသားတို့၏ပသခါပွဲတော်အခါ နီးကပ်လာပြီဖြစ်၍ ကျေးလက်တောရွာများ မှလူအများပင်သန့်စင်ခြင်းဝတ်ကိုပြုရန် ပွဲတော်မစမီယေရုရှလင်မြို့သို့တက်လာ ကြ၏။- ထိုသူတို့သည်သခင်ယေရှုကိုရှာလျက်နေ ကြ၏။ သူတို့သည်ဗိမာန်တော်တွင်စုရုံးမိ ကြသောအခါ ``သူသည်ဤပွဲတော်သို့လာ ပါမည်လော။ မလာမည်မှာသေချာ၏။ သင် တို့အဘယ်သို့ထင်ကြသနည်း'' ဟုအချင်း ချင်းမေးမြန်းပြောဆိုကြ၏။- ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများ ကမည်သူမဆိုသခင်ယေရှုရှိရာအရပ် ကိုသိလျှင် သူ့ကိုဖမ်းဆီးနိုင်ရန်အကြောင်း ကြားရမည်ဟုအမိန့်ထုတ်ပြန်ထားပြီး ဖြစ်သတည်း။
ရှင်ယောဟန် 11:17-57 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုရောက်တော်မူသောအခါ လာဇရုကို ဂူသွင်းသင်္ဂြိုဟ်ပြီး လေးရက်ပင်ရှိပြီဖြစ်ကြောင်းကို တွေ့ရှိတော်မူ၏။ ဗေသနိရွာသည် ဂျေရုဆလင်မြို့အနီး နှစ်မိုင်ခန့်အကွာ၌ရှိသည်ဖြစ်၍ များစွာသောဂျူးလူမျိုးတို့သည် မာသနှင့်မာရိတို့ကို သူတို့၏မောင်အတွက်နှစ်သိမ့်ရန် သူတို့ထံသို့ရောက်နေကြ၏။ မာသသည် ယေရှုကြွလာတော်မူကြောင်းကိုကြားသောအခါ ကိုယ်တော်ကိုဆီးကြိုလေ၏။ မာရိမူကား အိမ်၌ ထိုင်လျက်နေ၏။ မာသက ယေရှုအား “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ။ သို့သော် ဘုရားသခင်ထံ ကိုယ်တော်တောင်းလျှောက်သမျှသောအရာတို့ကို ကိုယ်တော်အား ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း ယခုလည်း ကျွန်မသိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“သင်၏မောင်သည် ထမြောက်မည်”ဟု မိန့်တော်မူလျှင် မာသက “နောက်ဆုံးသောနေ့တည်းဟူသော ရှင်ပြန်ထမြောက်ရာကာလ၌ သူထမြောက်မည်ကို ကျွန်မသိပါသည်”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေခဲ့လျှင်ပင် အသက်ရှင်လိမ့်မည်။ အသက်ရှင်နေလျက် ငါ့ကိုယုံကြည်သောသူတိုင်း ကာလအစဉ်အဆက် မည်သည့်အခါမျှမသေရ။ ဤအရာကို သင်ယုံကြည်သလော”ဟု မိန့်တော်မူ၏။ မာသက “ယုံကြည်ပါ၏ သခင်ဘုရား။ ကိုယ်တော်သည် ဤလောကသို့ကြွလာရမည့် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို ကျွန်မယုံကြည်ပါ၏”ဟု လျှောက်ထားလေ၏။ ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ မိမိ၏ညီမ မာရိကိုခေါ်လျက် “ဆရာရောက်လာပြီး သင့်ကိုခေါ်နေသည်”ဟု တိတ်တဆိတ်ပြောလေ၏။ မာရိသည် ထိုစကားကိုကြားသောအခါ အလျင်အမြန်ထ၍ ကိုယ်တော်ထံသို့သွားလေ၏။ ယေရှုမူကား ရွာထဲသို့မဝင်သေးဘဲ သူ့အား မာသဆီးကြိုခဲ့သောအရပ်၌ပင် ရှိတော်မူ၏။ အိမ်၌ မာရိနှင့်အတူရှိ၍ သူ့ကိုနှစ်သိမ့်နေသောဂျူးလူမျိုးတို့သည် မာရိအလျင်အမြန်ထ၍ ထွက်သွားသည်ကိုမြင်ကြလျှင် ငိုကြွေးရန် သင်္ချိုင်းဂူသို့သွားသည်ဟု ထင်မှတ်လျက် သူ့နောက်သို့လိုက်သွားကြ၏။ မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ”ဟု လျှောက်လေ၏။ ယေရှုသည် မာရိငိုကြွေးနေသည်ကိုလည်းကောင်း၊ လိုက်လာသောဂျူးလူမျိုးတို့သည်လည်း ငိုကြွေးနေကြသည်ကိုလည်းကောင်း မြင်တော်မူလျှင် စိတ်တော်ထဲတွင်ညည်းတွားလျက် ရင်တွင်း၌မငြိမ်မသက်ဖြစ်ကာ “သူ့ကိုအဘယ်မှာသင်္ဂြိုဟ်ကြသနည်း”ဟု မေးတော်မူ၏။ သူတို့ကလည်း “သခင်ဘုရား၊ ကြွ၍ကြည့်ရှုတော်မူပါ”ဟု လျှောက်ကြ၏။ ယေရှုသည် မျက်ရည်ကျတော်မူ၏။ ထိုအခါ ဂျူးလူမျိုးတို့က “ကြည့်ပါ။ လာဇရုကို အလွန်ချစ်ခင်ပါသည်တကား”ဟု ဆိုကြ၏။ သို့သော် သူတို့ထဲမှအချို့တို့က “မျက်မမြင်ကိုမျက်စိမြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်းမသေစေရန် မတတ်နိုင်သလော”ဟု ဆိုကြ၏။ ထို့နောက် ယေရှုသည် နောက်တစ်ဖန် ရင်တွင်း၌ ညည်းတွားလျက် သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူသည် ကျောက်လိုဏ်ဂူဖြစ်ပြီး အဝင်ဝကို ကျောက်တုံးဖြင့်ပိတ်ထား၏။ ယေရှုက“ကျောက်တုံးကိုဖယ်ရှားကြလော့”ဟု မိန့်တော်မူ၏။ သေဆုံးသောသူ၏အစ်မ မာသက “သခင်ဘုရား၊ လေးရက်ပင်ရှိပြီဖြစ်၍ ယခုဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်”ဟု လျှောက်လေ၏။ ယေရှုကလည်း“သင်ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရလိမ့်မည်ဟူ၍ သင့်အား ငါပြောခဲ့ပြီမဟုတ်လော”ဟု မိန့်တော်မူ၏။ ထို့ကြောင့် လူတို့သည် ကျောက်တုံးကိုဖယ်ရှားကြ၏။ ထိုအခါ ယေရှုသည် အထက်သို့မော်ကြည့်လျက်“အို အဖ၊ အကျွန်ုပ်တောင်းလျှောက်သည်ကို နားညောင်းတော်မူပြီဖြစ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းသံကို အစဉ်နားညောင်းတော်မူကြောင်း အကျွန်ုပ်သိပါ၏။ သို့ရာတွင် ဤသို့တောင်းလျှောက်ခြင်းမှာ ဝိုင်းရံလျက်ရှိသောလူထုပရိသတ်အတွက်ဖြစ်ပြီး အကျွန်ုပ်ကိုကိုယ်တော်စေလွှတ်တော်မူကြောင်း သူတို့ယုံကြည်ကြစေရန်အတွက်ဖြစ်ပါ၏”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မြွက်ဆိုတော်မူပြီးနောက် ကျယ်လောင်သောအသံဖြင့်“လာဇရု၊ ထွက်လာလော့”ဟု ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက“သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။ ထို့ကြောင့် မာရိထံသို့လာ၍ ယေရှုပြုတော်မူသောအရာတို့ကိုမြင်ရသည့် များစွာသောဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ သို့သော် အချို့တို့သည် ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအရာတို့ကို ပြောကြားကြ၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်အဖွဲ့ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။ ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။ သို့ရာတွင် သူတို့ထဲမှတစ်ဦးဖြစ်ပြီး ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖက “သင်တို့သည် မည်သည့်အရာကိုမျှမသိကြ။ တစ်မျိုးသားလုံးပျက်စီးသည်ထက် လူတစ်ဦးက လူထုကိုယ်စား အသေခံခြင်းသည် သင်တို့အတွက် ပို၍ကောင်းသည်ကိုလည်း သင်တို့မဆင်ခြင်ကြပါတကား”ဟု ဆို၏။ သို့သော် ဤစကားကို မိမိဆန္ဒအလျောက် သူပြောဆိုသည်မဟုတ်။ သူသည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ယေရှုသည် ထိုလူမျိုးအတွက် အသေခံတော်မူမည်ဖြစ်ကြောင်းနှင့် ထိုလူမျိုးအတွက်သာမက ကွဲလွင့်နေသော ဘုရားသခင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ကိုယ်တော်ကိုသတ်ရန် တိုင်ပင်ကြံစည်ကြ၏။ သို့ဖြစ်၍ ယေရှုသည် ဂျူးလူမျိုးတို့ထဲတွင် ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှထွက်ခွာ၍ တောကန္တာရနှင့်နီးသောအရပ်ဒေသ၌ရှိသည့် ဧဖရိမ်ဟုခေါ်သောမြို့သို့ကြွပြီးလျှင် တပည့်တော်တို့နှင့်အတူ ထိုမြို့၌နေတော်မူ၏။ ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။ သူတို့သည် ယေရှုကိုရှာရင်း ဗိမာန်တော်ထဲ၌ရပ်လျက် “သင်တို့မည်သို့ထင်ကြသနည်း။ သူသည် ဤပွဲတော်သို့ လုံးဝမလာဘဲနေမည်လော”ဟု အချင်းချင်းပြောဆိုကြ၏။ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့မူကား ကိုယ်တော်ကိုဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုရှိရာအရပ်ကိုသိလျှင် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။