YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 2:6-23

တရားသူကြီး 2:6-23 Judson Bible (JBMLE)

အ​ထက်​က ယော​ရှု​သည် လူ​များ​တို့​ကို လွှတ်​လိုက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​မွေ​ခံ​ရာ​မြေ​ကို သိမ်း​ယူ​ခြင်း​ငှာ သွား​ကြ၏။ ယော​ရှု​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သိ​မြင်၍၊ ယော​ရှု​မ​ရှိ​သော​နောက် အ​သက်​ရှင်​သေး​သော အ​သက်​ကြီး​သူ​တို့ လက်​ထက်၌​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်၊ နုန်၏​သား​ယော​ရှု​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဂါ​ရှ​ကုန်း​မြောက်​မှာ​ရှိ​သော သူ၏​အ​မွေ​ခံ​ရာ တိ​မ​နဿေ​ရ​မြို့​နယ်​မြေ၌ သင်္ဂြိုဟ်​ကြ၏။ ယော​ရှု​လက်​ထက် ကာ​လ၌ ဖြစ်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ဘိုး​ဘေး​တို့ စု​ဝေး​ရာ​သို့​ရောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော​အ​မှု​တို့​ကို​လည်း​ကောင်း မ​သိ​သော နောင်​ကာ​လ​အ​မျိုး​သား​တို့​သည် ပေါ်​လာ​ကြ၏။ ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ၏။ အဲ​ဂု​တ္တု​ပြည်​မှ သူ​တို့​ကို ဆောင်​ခဲ့​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​မျိုး​တို့၏ ဘု​ရား​တစ်​ပါး​တို့​နောက်​သို့ လိုက်​လျက်​ဦး​ညွှတ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို ထွက်​စေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။ သူ​တို့​သည် ထွက်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား မိန့်​မြွက်​ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ လက်​တော်​အ​ဆီး​အ​တား​နှင့် တွေ့၍ အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ကြ၏။ သို့​ရာ​တွင် လု​ယူ​သော​သူ​တို့​လက်​မှ ကယ်​လွှတ်​သော တ​ရား​သူ​ကြီး​တို့​ကို ထာ​ဝ​ရ​ဘု​ရား ပေါ်​ထွန်း​စေ​တော်​မူ၏။ ထို​တ​ရား​သူ​ကြီး​တို့​စ​ကား​ကို​လည်း သူ​တို့​သည် နား​မ​ထောင်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နှင့်​မှား​ယွင်း၍ ဦး​ညွှတ်​ကြ၏။ ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​ကျင့်၍ လိုက်​သော​လမ်း​မှ သူ​တို့​သည် အ​လျင်​အ​မြန်​လွဲ​သွား​သ​ဖြင့်၊ ဘိုး​ဘေး​ကျင့်​သည်​အ​တိုင်း မ​ကျင့်​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​ကို ပေါ်​ထွန်း​စေ​သော​အ​ခါ သူ​နှင့်​အ​တူ​ရှိ၍၊ သူ့​လက်​ထက်​ပတ်​လုံး ဣ​သ​ရေ​လ​လူ​တို့​ကို ရန်​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ မြည်​တမ်း​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ​တော်​မူ၏။ တ​ရား​သူ​ကြီး​သေ​သော​နောက်၊ သူ​တို့​သည် တစ်​ဖန် ဘိုး​ဘေး​ထက်​သာ၍ ဆိုး​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နောက်​သို့​လိုက်​လျက် ဝတ်​ပြု၍ ဦး​ညွှတ်​ကြ၏။ မိ​မိ​တို့​အ​ကျင့်​ဓ​လေ့​နှင့် ကြမ်း​တမ်း​သော​လမ်း​ကို မ​စွန့်​မ​ပယ်​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ ဤ​လူ​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်။ သူ​တို့​ဘိုး​ဘေး​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​ကြောင့်၊ ယော​ရှု​သေ​သော​နောက် ကျန်​ကြွင်း​ရစ်​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​ကို သူ​တို့​ရှေ့​မှ နောက်​တစ်​ဖန် ငါ​မ​နှင်​ထုတ်။ သူ​တို့​ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​သို့ လိုက်​ခြင်း​ငှာ စောင့်​ရှောက်​သ​ကဲ့​သို့ သူ​တို့​သည်​စောင့်​ရှောက်​မည်​လော၊ မ​စောင့်​ရှောက်​လော​ဟု ကျန်​သေး​သော​လူ​မျိုး​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​စုံ​စမ်း​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ ထို​လူ​မျိုး​ကို ယော​ရှု​လက်၌​မ​အပ်၊ အ​လျင်​အ​မြန် မ​နှင်​ထုတ်​ဘဲ​နေ​တော်​မူ၏။

တရားသူကြီး 2:6-23 Common Language Bible (BCL)

ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား လူ​တိုင်း​ပင်​မိ​မိ​တို့​ဝေ​စု​ကျ​ရာ​မြေ ယာ​ကို​သိမ်း​ယူ​ရန်​ထွက်​သွား​စေ​၏။- ယော​ရှု​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ​ကာ​လ ပတ်​လုံး​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​၏။ ယော​ရှု ကွယ်​လွန်​ပြီး​သည့်​နောက်​၌​ပင်​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို မိ​မိ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​သူ​ခေါင်း ဆောင်​များ​အ​သက်​ရှင်​လျက်​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး လူ​တို့​သည်​ဆက်​လက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ကြ​သေး​၏။- ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ၊ နုန်​၏​သား ယော​ရှု​သည်​အ​သက်​တစ်​ရာ့​တစ်​ဆယ်​ရှိ သော်​ကွယ်​လွန်​လေ​သည်။- သူ​၏​အ​လောင်း​ကို​ဂါရှာ​ကုန်း​မြောက်​ဘက်၊ ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​တိ​မ​နတ်​ဿေ​ရ မြို့၊ သူ​ပိုင်​မြေ​တွင်​သင်္ဂြိုဟ်​ကြ​၏။- ယော​ရှု​၏​ခေတ်​က​လူ​အ​ပေါင်း​တို့​သည်​ကွယ် လွန်​သွား​ကြ​သ​ဖြင့် နောက်​တစ်​ခေတ်​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ လူ​မျိုး​အ​တွက်​ကိုယ်​တော်​ပြု​မူ​ခဲ့​သော​အ​မှု တော်​တို့​ကို​လည်း​ကောင်း​မေ့​လျော့​၍​သွား ကြ​ကုန်​၏။ ထို​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။- သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်၊ မိ​မိ​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ကိုး​ကွယ်​မှု​မ​ပြု​ကြ​တော့​ဘဲ​မိ​မိ​တို့ ပတ်​ဝန်း​ကျင်​မှ လူ​တို့​ကိုး​ကွယ်​သော​ဘု​ရား များ​ကို​ကိုး​ကွယ်​ကြ​လေ​သည်။ သူ​တို့​သည် ထို​ဘု​ရား​များ​ရှေ့​တွင်​ဦး​ညွှတ်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ကို​ထွက်​စေ ကြ​လေ​သည်။- သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​မှု ကို​စွန့်​၍ ဗာ​လ​ဘု​ရား​များ​နှင့်​အာ​ရှ​တ​ရက် ဘု​ရား​များ​ကို​ရှိ​ခိုး​ကြ​၏။- သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ပြင်း​စွာ​အ​မျက်​ထွက်​တော် မူ​သ​ဖြင့် ရန်​သူ​တို့​ကို​သူ​တို့​အား​လု​ယက် တိုက်​ခိုက်​ရန်​အ​ခွင့်​ပြု​တော်​မူ​၏။ ကိုယ်​တော် သည်​ပတ်​ဝန်း​ကျင်​ရှိ​ရန်​သူ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​ခွင့် ပေး​တော်​မူ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ကာ​ကွယ်​နိုင်​စွမ်း မ​ရှိ​ကြ​တော့​ချေ။- သူ​တို့​တိုက်​ပွဲ​ဝင်​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် သည် မိ​မိ​မိန့်​မြွက်​တော်​မူ​ခဲ့​သည်​အ​တိုင်း​သူ တို့​အား​အ​ရေး​နိမ့်​စေ​တော်​မူ​သ​ဖြင့် သူ တို့​သည်​အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား လု​ယက်​တိုက်​ခိုက်​သူ​တို့​၏​လက်​မှ​ကယ်​ဆယ် မည့်​ခေါင်း​ဆောင်​များ​ကို​ပေါ်​ထွန်း​စေ​တော် မူ​၏။- သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မူ ထို​ခေါင်း​ဆောင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား သစ္စာ​ဖောက်​၍​အ​ခြား​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​တို့​ကို​ဘိုး​ဘေး​များ​စောင့်​ထိန်း ခဲ့​ကြ​သ​ကဲ့​သို့​မ​စောင့်​ထိန်း​ကြ​တော့​ပေ။- ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တစ်​ဦး​ကို​ပေါ်​ထွန်း​စေ​သည့် အ​ခါ​တိုင်း ထို​သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး​သူ့​ကို​ကူ​မ​တော်​မူ​၍ သူ​တို့​ကို​ရန် သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​သည်။ သူ​တို့ သည်​ဆင်း​ရဲ​ဒုက္ခ​နှင့်​ညှင်း​ပန်း​နှိပ်​စက်​ခြင်း ကို​ခံ​ရ​၍​ညည်း​ညူ​ကြ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပေ​သည်။- သို့​ရာ​တွင်​သူ​တို့​သည်​မိ​မိ​တို့​၏​ခေါင်း​ဆောင် ကွယ်​လွန်​သွား​သော​အ​ခါ​၌​မူ ဒုံ​ရင်း​သို့​ပြန် လည်​ဆိုက်​ရောက်​ကြ​လျက် ယ​ခင်​လူ​မျိုး​ဆက် မှ​လူ​တို့​ထက်​ပင်​ပို​မို​ဆိုး​ရွား​စွာ​ပြု​မူ​ကျင့် ကြံ​တတ်​ကြ​၏။ အ​ခြား​ဘု​ရား​များ​ကို​ကိုး ကွယ်​ကာ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လမ်း​စဉ်​ကို လိုက်​မြဲ​လိုက်​ကြ​ကုန်​သည်။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ လူ​မျိုး​အား လွန်​စွာ​အ​မျက်​ထွက်​တော်​မူ​၍``ဤ လူ​မျိုး​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်။ စောင့် ထိန်း​ရန်​အ​တွက်​သူ​တို့​၏​ဘိုး​ဘေး​များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက် ကြ​၏။- ထို့​ကြောင့်​ယော​ရှု​ကွယ်​လွန်​စဉ်​အ​ခါ​က​ပင် ဤ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သည့်​အ​ဘယ် လူ​မျိုး​ကို​မျှ​ငါ​နှင်​ထုတ်​တော့​မည်​မ​ဟုတ်။- ဤ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ​၏ လမ်း​စဉ်​ကို​သူ​တို့​ဘိုး​ဘေး​များ​လိုက်​လျှောက် ခဲ့​ကြ​သ​ကဲ့​သို့ လိုက်​လျှောက်​မည်​မ​လိုက်​လျှောက် မည်​ကို​သိ​ရှိ​စေ​ရန် ငါ​သည်​ဤ​ပြည်​ရှိ​လူ​မျိုး တို့​ကို​အ​သုံး​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​လူ​မျိုး တို့​အား ထို​ပြည်​၌​ပင်​ဆက်​လက်​နေ​ထိုင်​ခွင့်​ပြု တော်​မူ​၏။ ကိုယ်​တော်​သည်​ယော​ရှု​အား​ထို​သူ တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​ခွင့်​ပေး​တော်​မ​မူ။ ယော​ရှု​ကွယ်​လွန်​ပြီး​သော​အ​ခါ​၌​လည်း​သူ တို့​အား​အ​ဆော​တ​လျင်​နှင်​ထုတ်​ခြင်း​ကို ပြု​တော်​မ​မူ။

တရားသူကြီး 2:6-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောရှု​သည် အစ္စရေး​အမျိုးသား​တို့​ကို ပြန်လွှတ်​လိုက်​သောအခါ သူ​တို့​သည် မိမိ​အမွေ​မြေ​ကို သိမ်းပိုက်​ရန် အသီးသီး သွား​ကြ​၏​။ အစ္စရေး​လူမျိုး​တို့​သည် ယောရှု​အသက်ရှင်​စဉ်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း​၊ ယောရှု​သေဆုံး​သွား​ပြီးနောက် အသက်ရှင်​ကျန်ရစ်​သေး​သော​သူ​များ​ဖြစ်​သည့် အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​သော​ကြီးမြတ်​သည့်​အမှု​ရှိသမျှ​တို့​ကို သိမြင်​ခဲ့​ရ​သော​သက်ကြီးဝါကြီး​တို့​လက်ထက်​တွင်​လည်းကောင်း ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။ ထာဝရဘုရား​၏​အစေအပါး နုန်​၏​သား​ယောရှု​သည် အသက်​တစ်ရာ့​တစ်ဆယ်​တွင် သေဆုံး​လေ​၏​။ ဂါရှ​တောင်​၏​မြောက်ဘက်​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​အမွေ​မြေ​ရ​ထား​သော တိမနသေရ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ ယောရှု​လက်ထက်​မျိုးဆက်​တစ်ဆက်လုံး သေဆုံး​၍​ဘိုးဘေး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။ ထို​မျိုးဆက်​ပြီးမှ ထာဝရဘုရား​ကို မ​သိ​သော​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​ကို​မ​သိ​သော နောက်​မျိုးဆက်​တစ်ဆက် ပေါ်လာ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​မျက်မှောက်​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​၏​။ ဗာလ​ဘုရား​ကို ဝတ်ပြု​ကြ​၏​။ သူ​တို့​သည် အီဂျစ်​ပြည်​မှ မိမိ​တို့​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သည့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ပြီး မိမိ​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​နောက်သို့​လိုက်​၍ ထို​ဘုရား​များ​ကို​ရှိခိုးကိုးကွယ်​ခြင်း​ဖြင့် ထာဝရဘုရား​၏​အမျက်​တော်​ကို​နှိုးဆော်​ကြ​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို စွန့်​၍ ဗာလ​ဘုရား​နှင့် အာရှတရက်​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​ထဲသို့​အပ်လိုက်​တော်မူ​သဖြင့် ထို​သူ​တို့​သည် သူ​တို့​ကို​တိုက်ခိုက်လုယက်​ကြ​၏​။ သူ​တို့​ဝန်းကျင်​ရှိ ရန်သူ​တို့​ထံ သူ​တို့​ကို ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ရန်သူ​တို့​ကို မ​ခုခံ​နိုင်​ကြ​တော့​ပေ​။ ထာဝရဘုရား ကျိန်ဆို​မိန့်မြွက်​သည့်​အတိုင်း သူ​တို့ စစ်ချီ​လေရာရာ​၌ ထာဝရဘုရား​၏​လက်​တော်​သည် သူ​တို့​အပေါ် ကျရောက်​သဖြင့် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​၍ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။ ထို့နောက်မှ ထာဝရဘုရား​သည် တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​မှ သူ​တို့​ကို ကယ်တင်​ပေး​မည့် တရားသူကြီး​များ​ကို ပေါ်ထွန်း​စေ​တော်မူ​၏​။ သို့သော် သူ​တို့​သည် တရားသူကြီး​တို့​၏​စကား​ကို နား​မ​ထောင်​၊ အခြား​ဘုရား​များ​ကို ရှိခိုးကိုးကွယ်​လျက် ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဘိုးဘေး​တို့ နာခံ​လိုက်လျှောက်​ခဲ့​ကြ​သော​ထာဝရဘုရား​၏​ပညတ်တရား​လမ်း​မှ အလျင်အမြန်​လမ်း​လွဲသွား​ကြ​၏​။ ထို​လမ်း​အတိုင်း မ​လိုက်လျှောက်​ကြ​။ ထာဝရဘုရား​သည် သူ​တို့​အဖို့ တရားသူကြီး​ကို ပေါ်ထွန်း​စေ​ပြီ​ဆိုလျှင် ထို​တရားသူကြီး​နှင့် ထာဝရဘုရား​အတူ​ရှိ​တော်မူ​၍ ထို​တရားသူကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​တို့​ကို ရန်သူ့​လက်​မှ ကယ်တင်​ပေး​တော်မူ​၏​။ အကြောင်းမှာ သူ​တို့ ညှဉ်းဆဲ​ခံရ​ချိန်​၊ ဒုက္ခရောက်​ချိန်​တွင် ညည်းတွား​မြည်တမ်း​ကြ​သဖြင့် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။ သို့သော် ထို​တရားသူကြီး သေလွန်​သွား​သောအခါ သူ​တို့​သည် အခြား​ဘုရား​များ​ဘက်​သို့​ပြန်လှည့်​၍ ထို​ဘုရား​များ​နောက်သို့​လိုက်​လျက် ထို​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​ကြ​ပြန်​၏​။ ဘိုးဘေး​တို့​ထက် သာ၍​အကျင့်ပျက်ပြား​ကြ​၏​။ သူ​တို့​၏​အကျင့်စရိုက်​၊ ဆိုးညစ်​သော​အပြုအမူ​များ​ကို မ​စွန့်ပစ်​ကြ​။ ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​သဖြင့် “​ဤ​လူမျိုး​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ဘိုးဘေး​တို့​နှင့် ငါ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​သောကြောင့် ယောရှု​သေလွန်​ပြီးမှ သူ​တို့​ထဲတွင် ကျန်​နေ​ခဲ့​သော​မည်သည့်​လူမျိုးခြား​ကို​မျှ သူ​တို့​ရှေ့​မှ ငါ​နှင်ထုတ်​တော့​မည်​မ​ဟုတ်​။ အစ္စရေး​လူမျိုး​တို့​သည် ဘိုးဘေး​တို့​ကဲ့သို့ ထာဝရဘုရား​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို သိရှိ​ရန် ဤ​လူမျိုးခြား​များ​ဖြင့် သူ​တို့​ကို စမ်းသပ်​မည်​”​ဟု မိန့်​တော်မူ​၏​။ ဤသို့ဖြင့် ထာဝရဘုရား​သည် ဤ​လူမျိုးခြား​တို့​ကို ယောရှု​လက်​သို့ မ​အပ်​၊ ချက်ချင်း​မ​နှင်ထုတ်​ဘဲ နေ​လေ​၏​။