YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 66:1-24

ဟေရှာယ 66:1-24 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။ မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ ဖြစ်၏။ အ​ဘယ်​သို့​သော ဗိ​မာန်​ကို ငါ့​အ​ဖို့​တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ​ကျိန်း​ဝပ်​ရာ​အ​ရပ် ဖြစ်​မည်​နည်း။ ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ငါ့​ကိုယ်​တိုင် ဖန်​ဆင်း​သော​ကြောင့် ဖြစ်​ကြ၏။ စိတ်​နှိမ့်​ချ​ခြင်း၊ နှ​လုံး​ကြေ​ကွဲ​ခြင်း၊ ငါ့​စ​ကား​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​သော​သူ​ကို​သာ ငါ​ကြည့်​ရှု​မည်။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။ ငါ​သည်​လည်း၊ သူ​တို့​ဖို့ ဘေး​ဥ​ပဒ်​များ​ကို ရွေး​မည်။ သူ​တို့​ကြောက်​သော​အ​မှု​ကို ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​သူ​မျှ​မ​ထူး။ ငါ​ပြော​သော​အ​ခါ သူ​တို့​သည် နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်၍၊ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​စ​ကား​တော်​ကြောင့် တုန်​လှုပ်​သော​သူ​တို့၊ စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ သင်​တို့​ကို​မုန်း၍၊ ငါ့​နာ​မ​ကြောင့် နှင်​ထုတ်​သော ညီ​အစ်​ကို​တို့​က၊ ငါ​တို့​သည် သင်​တို့၏ ဝမ်း​မြောက်​ခြင်း​ကို မြင်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​တော်​မူ​စေ​သ​တည်း​ဟု ပြော​တတ်​သော်​လည်း၊ ရှက်​ကြောက်​ကြ​လိမ့်​မည်။ မြို့၌ အုတ်​အုတ်​ကျက်​ကျက်​သော​အ​သံ၊ ဗိ​မာန်​တော်​ထဲ​က ထွက်​သော​အ​သံ၊ ရန်​သူ​တို့​အား အ​ကျိုး​အ​ပြစ်​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​သံ​ပေ​တည်း။ ဇိ​အုန်​သ​တို့​သ​မီး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​မီ သား​ကို​ဖွား၏။ ဝေ​ဒ​နာ​ခံ​ချိန်​မ​ရောက်​မီ သား​ယောက်ျား​ကို မြင်၏။ ထို​သို့​သော​အ​မှု​ကို အ​ဘယ်​သူ​သည် ကြား​ဖူး​သ​နည်း။ ထို​သို့​သော​အ​မှု​တို့​ကို အ​ဘယ်​သူ​သည် မြင်​ဖူး​သ​နည်း။ တိုင်း​နိုင်​ငံ​ကို တစ်​နေ့​ချင်း​တွင် ဖွား​တတ်​သ​လော။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို တစ်​ပြိုင်​နက် ဖွား​တတ်​သ​လော။ ဇိ​အုန်​သ​တို့​သ​မီး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​အံ့​ဆဲ​ဆဲ​တွင်၊ သား​များ​ကို ဖွား​မြင်​ပါ​သည်​တ​ကား။ သား​ဖွား​မည်​အ​ကြောင်း​ကို ငါ​သည် စီ​ရင်​ပြီး​မှ၊ မ​ဖွား​စေ​ဘဲ​နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ ငါ​သည်​ပ​ဋိ​သ​န္ဓေ​ပေး​ပြီး​မှ၊ မ​ဖွား​နိုင်​အောင် ချုပ်​ထား​ရ​မည်​လော​ဟု သင်၏​ဘု​ရား​သ​ခင် မေး​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​ကို ချစ်​သော​သူ​အ​ပေါင်း​တို့၊ သူ​နှင့်​အ​တူ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​အ​တွက် စိတ်​မ​သာ​ညည်း​တွား​သော သူ​အ​ပေါင်း​တို့၊ သူ​နှင့်​အ​တူ အ​လွန်​ဝမ်း​မြောက်​ကြ​လော့။ သို့​ပြု​လျှင်၊ သူ၏​ချမ်း​သာ​ခြင်း​သား​မြတ်​ကို​စို့၍ ဝ​ကြ​လိမ့်​မည်။ သူ၏​စည်း​စိမ်​ကြွယ်​ဝ​ခြင်း​အ​ထဲ​က ထုတ်​ယူ၍ မွေ့​လျော်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မြစ်​ကဲ့​သို့​ချမ်း​သာ​ကို​လည်း​ကောင်း၊ စီး​သော​ရေ​ကဲ့​သို့ တစ်​ပါး​အ​မျိုး​သား​တို့၏ စည်း​စိမ်​ကို​လည်း​ကောင်း ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​ရောက်​စေ​မည်။ သင်​တို့​သည် သား​မြတ်​ကို​စို့၍ ခါး၌​ချီ​ခြင်း၊ ဒူး​ပေါ်​မှာ မြှူ​ခြင်း​ကို ခံ​စား​ရ​ကြ​လိမ့်​မည်။ အ​မိ​သည် သား​ငယ်​ကို နှစ်​သိမ့်​စေ​သ​ကဲ့​သို့၊ သင်​တို့​ကို ငါ​နှစ်​သိမ့်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့၌ ချမ်း​သာ​ရ​ကြ​လိမ့်​မည်။ ထို​သို့ တွေ့​မြင်​သ​ဖြင့်၊ သင်​တို့၏​နှ​လုံး​သည် ရွှင်​မြူး၍၊ အ​ရိုး​တို့​သည် စိမ်း​လန်း​သော​အ​ပင်​ကဲ့​သို့ သန်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည်​လည်း ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ အ​မျက်​တော်​သည် ရန်​သူ​တို့​အား​လည်း​ကောင်း ထင်​ရှား​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​သော အ​ရှိန်​အား​ဖြင့် အ​မျက်​တော်​ကို​လည်း​ကောင်း၊ မီး​လျှံ​အား​ဖြင့် ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ထင်​ရှား​စွာ​ပြ​ခြင်း​ငှာ၊ လေ​ပွေ​ကဲ့​သို့​သော ရ​ထား​တော်​တို့​ကို​စီး၍၊ မီး​ကဲ့​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မီး​နှင့်​ဓား​အား​ဖြင့်၊ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို အ​ပြစ်​ပေး​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​သော သူ​တို့​သည် များ​ကြ​လိမ့်​မည်။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဝက်​သား၊ ကြွက်​သား၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို​စား​လျက်၊ ဥ​ယျာဉ်​တို့​တွင် အ​လယ်၌​ရှိ​သော သူ​တစ်​ယောက်​နောက်​သို့ လိုက်၍၊ မိ​မိ​တို့​ကို သန့်​ရှင်း​စင်​ကြယ်​စေ​သော သူ​တို့​သည် တစ်​ပြိုင်​နက်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့၏​အ​ကျင့်​တို့​ကို​လည်း​ကောင်း အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း ငါ​သိ၏။ အ​ချိန်​တန်​မှ ဘာ​သာ​စ​ကား​ခြား​နား​သော လူ​အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​စည်း​ဝေး​စေ​သ​ဖြင့်၊ သူ​တို့​သည်​လာ၍ ငါ၏​ဘုန်း​ကို ဖူး​မြင်​ကြ​လိမ့်​မည်။ ထို​သူ​တို့​တွင် အ​လံ​ကို ငါ​ထူ​မည်။ ဘေး​လွတ်​သော သူ​တို့​ကို တာ​ရှု​ပြည်၊ ဖု​လ​ပြည်၊ လေး​လက်​နက်​ကို သုံး​တတ်​သော လု​ဒ​ပြည်၊ တု​ဗ​လ​ပြည်၊ ယာ​ဝန်​ပြည်​မှ​စ၍၊ ငါ၏​နာ​မ​ကို​မ​ကြား၊ ငါ၏​ဘုန်း​ကို မ​မြင်၊ ဝေး​စွာ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​သို့ စေ​လွှတ်​သ​ဖြင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​ဘုန်း​ကို ဟော​ပြော​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စင်​ကြယ်​သော​ဖ​လား စ​သည်​တို့​နှင့်၊ ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် သင်​တို့၏ ညီ​အစ်​ကို​အ​ပေါင်း​ကို မြင်း၊ ရ​ထား၊ ထမ်း​စင်၊ မြည်း၊ ကု​လား​အုတ်​ပေါ်၌​တင်၍၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဖို့​ရာ၊ ခပ်​သိမ်း​သော အ​ပြည်​ပြည်​တို့​မှ ငါ၏​သန့်​ရှင်း​သော​တောင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထို​သူ​အ​ချို့​တို့​ကို ငါ​ရွေး​ယူ၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် လေ​ဝိ​လူ​အ​ရာ၌ ခန့်​ထား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​ဖန်​ဆင်း​သော ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​သည် ငါ့​ရှေ့၌ တည်​သ​ကဲ့​သို့၊ သင်​တို့၏​အ​မျိုး​အ​နွယ်​နှင့် သင်​တို့၏ နာ​မ​သည်​လည်း တည်​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် ငါ့​ရှေ့​မှာ ကိုး​ကွယ်​ခြင်း​ငှာ လ​ဆန်း​နေ့​နှင့် ဥ​ပုသ်​နေ့ အ​စဉ်​အ​တိုင်း​လာ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ထို​သူ​တို့​သည်၊ ငါ့​ကို​ပြစ်​မှား​သော​သူ​တို့၏ အ​သေ​ကောင်​များ​ကို ထွက်၍ ကြည့်​ရှု​ကြ​လိမ့်​မည်။ သူ​တို့၏ ပိုး​သည် မ​သေ​နိုင်​ရာ။ သူ​တို့၏​မီး​သည်​လည်း မ​ငြိမ်း​နိုင်​ရာ။ လူ​သ​တ္တ​ဝါ​အ​ပေါင်း​တို့၌ ရွံ​ရှာ​ဖွယ် ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ဟေရှာယ 66:1-24 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``ကောင်း​ကင်​ဘုံ​သည်​ငါ ၏​ရာ​ဇ​ပလ္လင်​ဖြစ်​၍​ကမ္ဘာ​မြေ​ကြီး​သည် ငါ ၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ထို​ကြောင့်​သင်​တို့​သည် ငါ​၏​အ​တွက်​အ​ဘယ်​သို့​သော​ဗိ​မာန်၊ ငါ ကျိန်း​ဝပ်​ရန်​အ​တွက်​အ​ဘယ်​သို့​သော အ​ဆောက်​အ​ဦး​ကို​တည်​ဆောက်​နိုင်​ကြ ပါ​မည်​နည်း။- ငါ​သည်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း တော်​မူ​ခဲ့​၍ ဤ​အ​ရာ​များ​ပေါ်​ပေါက်​လာ ရ​သည်​မ​ဟုတ်​လော။ စိတ်​နှ​လုံး​နှိမ့်​ချ​၍ နောင်​တ​ရ​သူ​များ​နှင့်​ငါ့​ကို​ကြောက်​ရွံ့ ရို​သေ​ကာ ငါ​၏​စ​ကား​ကို​နား​ထောင်​သူ များ​ကို​ငါ​နှစ်​သက်​၏။ လူ​တို့​သည်​မိ​မိ​တို့​စိတ်​အ​လို​ဆန္ဒ​အ​တိုင်း ပြု​ကျင့်​တတ်​ကြ​၏။ သူ​တို့​အ​တွက်​နွား​ကို သတ်​၍​ယဇ်​ပူ​ဇော်​ခြင်း​သည်​လူ​ကို​သတ်​၍ ပူ​ဇော်​ခြင်း​နှင့်​အ​တူ​တူ​ဖြစ်​၏။ သိုး​ကို​ပူ ဇော်​ခြင်း​နှင့်​ခွေး​ကို​ပူ​ဇော်​ခြင်း​အ​တူ​တူ ဖြစ်​၏။ သီး​နှံ​ပူ​ဇော်​သ​ကာ​သည်​ဝက်​သွေး ပူ​ဇော်​သ​ကာ​နှင့်​တူ​၏။ နံ့​သာ​ပေါင်း​ကို​မီး ရှို့​ပူ​ဇော်​ခြင်း​သည်​ရုပ်​တု​ရှေ့​တွင်​ဆု​တောင်း ခြင်း​နှင့်​အ​တူ​တူ​ပင်​ဖြစ်​သည်။ သူ​တို့​သည် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ရာ​များ ၌​မွေ့​လျော်​တတ်​ကြ​၏။- ထို့​ကြောင့်​ငါ​သည်​သူ​တို့​ကြောက်​လန့်​လျက် ရှိ​သည့်​ဘေး​အန္တရာယ်​ဆိုး​ကို​ပင်​သူ​တို့​အ​ပေါ် သို့​သက်​ရောက်​စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​သူ​မျှ မ​ထူး​ကြ။ ငါ​ပြော​သော​အ​ခါ​၌​လည်း အ​ဘယ်​သူ​မျှ​နား​မ​ထောင်​ကြ​သော ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ဒု​စ​ရိုက်​မှု​ပြု​ရန်​ကို​သာ ရွေး​ချယ်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​ကာ​စ​ကား တော်​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား ထောင်​ကြ​လော့။ သင်​တို့​သည်​ငါ့​အား​သစ္စာ စောင့်​ကြ​သည်​ဖြစ်​၍​သင်​တို့​အ​မျိုး​သား အ​ချို့​တို့​သည်​သင်​တို့​ကို​မုန်း​၍​ဝိုင်း​ပယ် ကြ​၏။ သူ​တို့​သည်​သင်​တို့​အား​ပြောင်​လှောင် ကာ``ငါ​တို့​သည်​သင်​တို့​ရွှင်​လန်း​ဝမ်း​မြောက် သည်​ကို​မြင်​လို​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​သည့်​တန်​ခိုး​တော် ကို​ပြ​၍​ကယ်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​အ​ရှက် ကွဲ​ကြ​ရ​မည့်​သူ​များ​ဖြစ်​ပေ​သည်။- နား​ထောင်​ကြ​လော့။ မြို့​ထဲ​မှ​အုတ်​အုတ်​ကျက် ကျက်​ဖြစ်​နေ​သော​အ​သံ၊ ဗိ​မာန်​တော်​ထဲ​မှ အ​သံ​သည်​ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ဒဏ်​ခတ်​နေ​သော​အ​သံ​ပင်​ဖြစ်​ပါ သည်​တကား။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​လုံး​ဝ​မ​ခံ​ရ ဘဲ ရုတ်​တ​ရက်​သား​ရ​တ​နာ​ကို​ဖွား​မြင် သည့်​မိ​ခင်​နှင့်​တူ​၏။- ဤ​သို့​သော​အ​မှု​မျိုး​မြင်​ဖူး​ကြား​ဖူး​သူ တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော။ တိုင်း​နိုင်​ငံ တစ်​ခု​သည်​တစ်​နေ့​ခြင်း​တွင်​ပေါ်​ပေါက်​လာ ဖူး​ပါ​သ​လော။ ဇိ​အုန်​မြို့​သည်​ဣ​သ​ရေ​လ နိုင်​ငံ​မ​ပေါ်​ထွန်း​မီ​ကြာ​ရှည်​ဆင်း​ရဲ​ဒုက္ခ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။- ငါ​သည်​မီး​ဖွား​ချိန်​တန်​လျက် ဖွား​မြင်​ခွင့်​မ ရ​နိုင်​သည့်​က​လေး​ကဲ့​သို့​ဖြစ်​စေ​လိမ့်​မည်​ဟု သင်​တို့​မ​ထင်​မ​မှတ်​ကြ​နှင့်​ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သည့်​စကား​ပင်​ဖြစ်​သ​တည်း။ ယေ​ရု​ရှ​လင်​မြို့​ကို​ချစ်​မြတ်​နိုး​သူ​အ​ပေါင်း တို့၊ သူ​နှင့်​အ​တူ​အား​ရ​ရွှင်​လန်း​ကြ​လော့။ သူ​၏​အ​တွက်​ဝမ်း​မြောက်​ကြ​လော့။ ထို​မြို့​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​နေ​ခဲ့​သူ အ​ပေါင်း​တို့၊ ယ​ခု​ပင်​သူ​နှင့်​အ​တူ​အား​ရ​ရွှင်​လန်း​ကြ​လော့။ သင်​တို့​သည်​မိ​ခင်​ရင်​ခွင်​ရှိ က​လေး​ငယ်​ကဲ့​သို့၊ ကျေ​နပ်​အား​ရ​လျက်​ယေ​ရု​ရှ​လင်​မြို့​၏ စည်း​စိမ် ချမ်း​သာ​ကို​ခံ​စား​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း​သာ​ကို​ပေး​မည်။ လူ​မျိုး​တ​ကာ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း​မ​ခြောက်​သည့် မြစ်​ရေ​ကဲ့​သို့ သင်​တို့​ထံ​သို့​စီး​ဆင်း​လာ လိမ့်​မည်။ သင်​တို့​သည်​မိ​ခင်​ဖြစ်​သူ​က​ချစ် ခင်​ယု​ယ​စွာ​ပိုက်​ပွေ့​လျက်​နို့​တိုက်​ကျွေး သည့်​က​လေး​နှင့်​တူ​လိမ့်​မည်။- မိ​ခင်​သည်​သား​ငယ်​ကို​နှစ်​သိမ့်​စေ​သ​ကဲ့​သို့​ငါ​သည်​သင်​တို့​အား ယေ​ရု​ရှ​လင်မြို့​တွင်​နှစ်​သိမ့်​စေ​မည်။- ဤ​အ​မှု​အ​ရာ​ကို​မြင်​သော​အ​ခါ​သင်​တို့ သည်​ဝမ်း​မြောက်​ကြ​လျက် ကျန်း​မာ​သန်​စွမ်း ၍​လာ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​စ​ကား​ကို​နား​ထောင်​သူ​တို့ အား​ကူ​မ​တော်​မူ​၍ ရန်​သူ​တို့​ကို​မူ အ​မျက်​တော်​သင့်​စေ​ကြောင်း​ကို​သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ အ​မျက်​ထွက်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် ရန်​လေ​ဗွေ​ရ​ထား​ကို​စီး​၍​ကြွ​လာ​တော် မူ​လိမ့်​မည်။- အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​သူ​အ​ပေါင်း​တို့ အား ကိုယ်​တော်​သည်​မီး​အား​ဖြင့်​လည်း​ကောင်း၊ ဋ္ဌား​လက်​နက်​အား​ဖြင့်​လည်း​ကောင်း​ဆုံး​မ တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည်​လည်း​သေ ကြေ​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​က``ရုပ်​တု​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရန်​နှင့်​ဥ​ယျာဉ်​နတ်​ကွန်း​များ​သို့ သွား​ရောက်​ရန်​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​သန့် စင်​မှု​ပြု​သူ​များ၊ ဝက်​သား​ကြွက်​သား​နှင့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​စား အ​စာ​များ​ကို​စား​သုံး​သူ​များ​ပျက်​သုဉ်း ရ​မည့်​အ​ချိန်​ကာ​လ​သည်​နီး​ကပ်​လာ​လေ ပြီ။- သူ​တို့​၏​အ​ပြု​အ​မူ​အ​ကျင့်​အ​ကြံ​များ​ကို ငါ​သိ​၏။ ငါ​သည်​နိုင်​ငံ​တ​ကာ​မှ​လူ​တို့​ကို စု​သိမ်း​ရန်​ကြွ​လာ​တော်​မူ​မည်။ ထို​သူ​တို့​သည် စု​ဝေး​မိ​သော​အ​ခါ​ငါ​၏​ဘုန်း​တန်​ခိုး​တော် မည်​မျှ​တတ်​စွမ်း​တော်​မူ​ကြောင်း​ကို​မြင်​ရ လိမ့်​မည်။ မိ​မိ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​သူ မှာ​ငါ​ပင်​ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ငါသည်​အ​ချို့​သော​သူ များ​ကို​ချမ်း​သာ​ပေး​မည်။- ငါ​သည်​သူ​တို့​အား​ငါ​၏​ဂုဏ်​သ​တင်း​ကို မ​ကြား​ဘူး၊ ငါ​၏​ကြီး​မြတ်​သည့်​တန်​ခိုး တော်​ကို​မ​မြင်​ဘူး​သည့်​ရပ်​ဝေး​နိုင်​ငံ​များ ဖြစ်​သော တာ​ရှု​ပြည်​လိ​ဗိ​ယ​ပြည်​နှင့်​ကျွမ်း ကျင်​သူ​လေး​သည်​တော်​များ​ရှိ​ရာ​လု​ဒ ပြည်​သို့​လည်း​ကောင်း၊ တု​ဗ​လ​ပြည်​နှင့် ဂ​ရိတ်​ပြည်​သို့​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​ထို​ပြည်​များ​မှ​လူ​တို့​အား ငါ​၏​ဘုန်း​တော်​အ​ကြောင်း​ကို​ပြော​ကြား ရ​လိမ့်​မည်။- ``သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​သင် တို့​အ​မျိုး​သား​များ​ကို ထာ​ဝ​ရ​ဘု​ရား အ​တွက်​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ခေါ်​ဆောင် လာ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​အ​သီး​အ​နှံ​များ​ကို ထုံး​တမ်း​စဉ် လာ​အ​ရ​သန့်​စင်​သည့်​အိုး​ခွက်​များ​တွင် ထည့်​၍ ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ​ကြ သ​ကဲ့​သို့၊ ထို​သူ​တို့​သည်​အ​ဆို​ပါ​လက် ဆောင်​ပဏ္ဏာ​များ​ကို​မြင်း၊ မြည်း၊ ကု​လား အုပ်​များ​မြင်း​ရ​ထား​နှင့်​လှည်း​များ​နှင့် တင်​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​သန့်​ရှင်း​မြင့် မြတ်​သော​တောင်​တော်​ပေါ်​သို့​ယူ​ဆောင် လာ​ကြ​လိမ့်​မည်။- ငါ​သည်​ထို​သူ​အ​ချို့​တို့​ကို​ယဇ်​ပု​ရော ဟိတ်​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အ​ဖြစ် ခန့်​ထား​မည်။'' ``ကမ္ဘာ​မြေ​ကြီး​သစ်​နှင့်​မိုး​ကောင်း​ကင်​သစ် တို့​သည် ငါ​၏​တန်​ခိုး​တော်​အား​ဖြင့်​တည် မြဲ​လျက်​နေ​သ​ကဲ့​သို့၊ သင်​တို့​နာ​မည်​နာ​မ များ​နှင့်​သား​မြေး​တို့​သည်​တည်​မြဲ​လျက် နေ​လိမ့်​မည်။ ``လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​ဥ​ပုသ်​နေ့​ကျ ရောက်​သည့်​အ​ခါ​တိုင်း လူ​မျိုး​တ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​၍​ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်။- ``ထို​သူ​တို့​သည်​မိ​မိ​တို့​ပြည်​များ​သို့​ပြန် ကြ​သော​အ​ခါ​ငါ့​ကို​ပုန်​ကန်​သူ​တို့​၏ အ​လောင်း​များ​ကို​တွေ့​မြင်​ကြ​လိမ့်​မည်။ ထို​အ​လောင်း​များ​ကို​ဖျက်​ဆီး​သည့်​လောက် ကောင်​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သေ​ကြ လိမ့်​မည်​မ​ဟုတ်။ အ​လောင်း​တို့​ကို​လောင် လျက်​နေ​သော​မီး​သည်​လည်း​အ​ဘယ်​အ​ခါ ၌​မျှ​ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ လူ​အ​ပေါင်း​တို့ သည်​ထို​အ​ချင်း​အ​ရာ​ကို​မြင်​၍​စက်​ဆုတ် ရွံ​ရှာ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

ဟေရှာယ 66:1-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထာဝရဘုရား​က “​ကောင်းကင်ဘုံ​သည် ငါ​၏​ပလ္လင်​ဖြစ်​၏​။ မြေကြီး​သည် ငါ​၏​ခြေတင်ခုံ​ဖြစ်​၏​။ ငါ့​အတွက် အိမ်​ကို အဘယ်မှာ​ဆောက်​မည်နည်း​။ ငါ​ကိန်းဝပ်​ရာ​အရပ်​ကား အဘယ်မှာ​နည်း​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “​အလုံးစုံ​ကို ငါ့​လက်​ဖြင့်​ဖန်ဆင်း​၍ အလုံးစုံ​သည် ဖြစ်တည်​လေ​ပြီ​။ စိတ်နှိမ့်ချ​သော​သူ​၊ နောင်တရ​သော​သူ​၊ ငါ့​နှုတ်ထွက်စကား​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​ကို ငါ​ကြည့်ရှု​မည်​။ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​၊ သိုးသငယ်​ကို​ယဇ်ပူဇော်​သော​သူ​သည် ခွေး​၏​လည်ပင်း​ကို​ချိုး​သော​သူ​ဖြစ်​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​သည် ဝက်​၏​သွေး​ကို​ပူဇော်​သော​သူ​၊ လော်ဗန်​ကို​ပူဇော်​သော​သူ​သည် ရုပ်တုဆင်းတု​ကို​ကောင်းချီးပေး​သော​သူ​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​နှစ်သက်​ရာ​လမ်း​ကို​ရွေးချယ်​ကြ​၍ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရွံရှာဖွယ်​ရာ​တို့​ကို နှစ်သက်​ကြ​၏​။ ငါ​ခေါ်​သောအခါ မည်သူ​မျှ​မ​ထူး​။ ငါ​မိန့်​သောအခါ နား​မ​ထောင်​။ သူ​တို့​သည် ငါ့​မျက်မှောက်​၌ မကောင်းမှု​ကို​ပြု​၍ ငါ​မ​နှစ်သက်​သော​အရာ​တို့​ကို ရွေးချယ်​ကြ​သောကြောင့် ငါ​ကိုယ်တော်တိုင် သူ​တို့​ကို စိတ်အနှောင့်အယှက်​ဖြစ်​စေ​မည်​။ သူ​တို့​ကြောက်လန့်​သော​အရာ​များ​ကို သူ​တို့​အပေါ် ကျရောက်​စေ​မည်​။ ထာဝရဘုရား​၏​စကား​တော်​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​တို့​၊ စကား​တော်​ကို​နားထောင်​ကြ​လော့​။ သင်​တို့​ကို​မုန်း​၍ ငါ့​နာမ​ကြောင့် သင်​တို့​ကို​နှင်ထုတ်​သော ညီအစ်ကို​တို့​က ‘​သင်​တို့​ဝမ်းမြောက်​သည်​ကို ငါ​တို့​မြင်​ရ​မည့်​အကြောင်း ထာဝရဘုရား​သည် ဘုန်းထင်ရှား​ပါစေသော​’​ဟု ကဲ့ရဲ့ပြောဆို​ကြ​၏​။ သို့သော်လည်း သူ​တို့​သည် အရှက်ကွဲ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မြို့​ထဲမှ​ဆူဆူညံညံ​အသံ​၊ ဗိမာန်တော်​ထဲမှ​အသံ​သည် ရန်သူ​တို့​အား အကျိုးအပြစ်​အလျောက် ပြန်ပေးဆပ်​တော်မူ​သော ထာဝရဘုရား​၏​အသံ​ပေတည်း​။ ဇိအုန်​သမီး​သည် သားဖွားဝေဒနာ​မ​ခံရ​မီ သားဖွား​၏​။ ဗိုက်​မ​နာ​မီ သားယောက်ျား​ကို မွေးဖွား​၏​။ ဤသို့သော​အမှု​ကို မည်သူ​ကြား​ဖူး​သနည်း​။ ဤသို့သော​အမှု​များ​ကို မည်သူ​မြင်​ဖူး​သနည်း​။ တိုင်းပြည်​တစ်​ပြည်​ကို တစ်​ရက်​အတွင်း မွေးဖွား​နိုင်​သလော​။ လူမျိုး​တစ်​မျိုး​ကို တစ်ခဏအတွင်း မွေးဖွား​နိုင်​သလော​။ သို့သော် ဇိအုန်​မြို့​သည် မီးဖွား​ချိန်​ရောက်​သည်​နှင့် သားသမီး​များ​ကို မွေးဖွား​လေ​ပြီ​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “​ငါ​သည် သားဖွား​ချိန်​ရောက်​စေ​ပြီးမှ သား​မ​ဖွား​စေ​ဘဲ​နေ​မည်လော​။ သားဖွား​ခြင်း​အမှု​ကို​ဖြစ်​စေ​သော​ငါ​သည် သားအိမ်​ကို​ပိတ်​ထား​မည်လော​”​ဟု မိန့်​တော်မူ​၏​။ ဂျေရုဆလင်​မြို့​ကို​ချစ်​သော​သူ​အပေါင်း​တို့​၊ ထို​မြို့​နှင့်အတူ ဝမ်းမြောက်​ရွှင်လန်း​ကြ​လော့​။ ဂျေရုဆလင်​မြို့​အတွက် ငိုကြွေးမြည်တမ်း​သော​သူ​အပေါင်း​တို့​၊ ထို​မြို့​နှင့်အတူ ဝမ်းမြောက်​ပျော်ရွှင်​ကြ​လော့​။ သင်​တို့​သည် သူ​၏​နို့ရည်ကြွယ်ဝ​သော​သားမြတ်​ကို​စို့​၍ ဝလင်​ကြ​လိမ့်မည်​။ နို့ရည်ကြွယ်ဝ​သော​သားမြတ်​ကို အလို​ရှိသမျှ​သောက်​၍ နှစ်သက်အားရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ငြိမ်းချမ်းမှု​ကို မြစ်ရေ​ကဲ့သို့​လည်းကောင်း​၊ လူမျိုးတကာ​တို့​၏​ဘုန်းအသရေ​ကို စီးဆင်း​သော​စမ်းချောင်း​ကဲ့သို့​လည်းကောင်း ဂျေရုဆလင်​မြို့​ထဲသို့ စီးဆင်း​စေ​မည်​။ သင်​တို့​ကို နို့တိုက်​မည်​၊ ခါးစောင်း​၌ ချီထား​မည်​၊ ကလေး​ကဲ့သို့ ဒူး​ပေါ်တွင်​မြှူ​မည်​။ မိခင်​သည် ကလေးငယ်​ကို​နှစ်သိမ့်​သကဲ့သို့ ငါ​သည် သင်​တို့​ကို​နှစ်သိမ့်​မည်​။ သင်​တို့​သည် ဂျေရုဆလင်​မြို့​အတွက် နှစ်သိမ့်​မှု​ကို​ရရှိ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထိုသို့ သင်​တို့​တွေ့မြင်​သောအခါ သင်​တို့​၏​စိတ်နှလုံး​သည် ဝမ်းမြောက်​လိမ့်မည်​။ သင်​တို့​၏​အရိုး​များ​သည်​လည်း မြက်​ကဲ့သို့ သန်​လိမ့်မည်​။ ထာဝရဘုရား​၏​လက်​တော်​သည် မိမိ​အစေအပါး​တို့​ထံ ထင်ရှား​မည်​။ မိမိ​၏​ရန်သူ​တို့​ကို​မူ အမျက်ထွက်​တော်မူ​မည်​။ ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မီး​နှင့်​ကြွလာ​တော်မူ​မည်​။ လေပွေ​ကဲ့သို့ စစ်ရထား​နှင့်​ကြွလာ​တော်မူ​မည်​။ ရန်သူ​တို့​ကို အမျက်ပြင်း​စွာ​တုံ့ပြန်​မည်​။ မီးလျှံ​ဖြင့်​ဆုံးမ​မည်​။ ထာဝရဘုရား​သည် လူသား​အားလုံး​ကို မီး​ဖြင့်​လည်းကောင်း​၊ ဓား​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​မည်​။ ထာဝရဘုရား​ကွပ်မျက်​သော​သူ​တို့​သည် များပြား​လိမ့်မည်​။ ထာဝရဘုရား​က “​ဥယျာဉ်​ထဲသို့​သွား​ရန် မိမိကိုယ်မိမိ သန့်ရှင်း​စင်ကြယ်​စေ​ပြီး တစ်ယောက်ယောက်​နောက်သို့​လိုက်သွား​သော​သူ​နှင့် ဝက်​သား​၊ ကြွက်သား စသည့် ရွံရှာဖွယ်​တို့​ကို​စား​သော​သူ​တို့​သည် အတူတကွ​ပျက်စီး​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “​သူ​တို့​ပြု​သော​အမှု​များ​၊ အကြံအစည်​များ​ကို ငါ​သိ​၏​။ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​တို့​ကို စုစည်း​မည့်​အချိန်​ရောက်လာ​မည်​။ သူ​တို့​သည်​လာ​၍ ငါ​၏​ဘုန်းအသရေ​ကို​မြင်​ရ​လိမ့်မည်​။ သူ​တို့​တွင် နိမိတ်လက္ခဏာ​ပြ​မည်​။ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​ကို တာရှု​ပြည်​၊ ပုလ​ပြည်​၊ လေးပစ်ကျွမ်းကျင်​သော​လုဒ​ပြည်​၊ တုဗလ​ပြည်​၊ ယာဝန်​ပြည်​၊ ဝေးလံ​သော​ကမ်းရိုးတန်းဒေသ​များ​စသော ငါ​၏​ဂုဏ်​သတင်း​ကို​မ​ကြား​ဖူး​၊ ဘုန်းအသရေ​ကို​လည်း မ​မြင်​ဖူး​သည့်​လူမျိုး​များ​ထံသို့ ငါ​စေလွှတ်​မည်​။ ထို​လူမျိုး​များ​တွင် ငါ​၏​ဘုန်းအသရေ​ကို သူ​တို့​ပြောကြား​ကြ​လိမ့်မည်​။ အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ စင်ကြယ်​သော​တန်ဆာပလာ​ဖြင့် ပူဇော်သက္ကာ​ကို ယူဆောင်​ခဲ့​ကြ​သကဲ့သို့ ထို​သူ​တို့​သည် ခပ်သိမ်း​သော​ပြည်​မှ သင်​တို့​၏​ညီအစ်ကို​ရှိသမျှ​တို့​ကို ထာဝရဘုရား​ထံ ပူဇော်သက္ကာ​အဖြစ် မြင်း​များ​၊ စစ်ရထား​များ​၊ ထမ်းစင်​များ​၊ လား​များ​၊ ကုလားအုတ်​များ​ပေါ်တွင်​တင်​၍ ငါ​၏​သန့်ရှင်း​သော​တောင်​၊ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​ခဲ့​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “​ထို​သူ​အချို့​တို့​ကို ယဇ်ပုရောဟိတ်​အဖြစ်​၊ လေဝိ​အမျိုးသား​အဖြစ် ငါ​ခေါ်ယူ​မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​မည့်​ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​သည် ငါ့​ရှေ့မှောက်​၌ အစဉ်​တည်​သကဲ့သို့ သင်​တို့​၏​အမျိုးအနွယ်​၊ သင်​တို့​၏​အမည်နာမ​သည် အစဉ်​တည်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရဘုရား​က “​လူသား​အပေါင်း​တို့​သည် လဆန်းနေ့​တိုင်း​၊ ဥပုသ်နေ့​တိုင်း ငါ့​ရှေ့မှောက်​တွင် လာရောက်​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။ သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​ပုန်ကန်​သော​လူ​တို့​၏​အလောင်းကောင်​များ​ကို ထွက်​ကြည့်​ကြ​လိမ့်မည်​။ ထို​အလောင်းကောင်​တို့​ကို​စား​သော​လောက်ကောင်​သည် မ​သေ​၊ လောင်​သော​မီး​လည်း မ​ငြိမ်း​။ လူ​ခပ်သိမ်း​တို့​အတွက် စက်ဆုပ်ဖွယ်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။