ဟေရှာယ 58:6-10
ဟေရှာယ 58:6-10 Judson Bible (JBMLE)
ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်းမဟုတ်လော။ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။ သို့ပြုလျှင် သင်၏အလင်းသည် မိုးသောက်သော အလင်းကဲ့သို့ပေါ်ထွန်း၍၊ အလျင်အမြန် ကျန်းမာခြင်းသို့ရောက်လိမ့်မည်။ သင်၏ ဖြောင့်မတ်ခြင်းပါရမီသည် သင့်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ဘုန်းတော်သည် နောက်၌ လုံခြုံစေလိမ့်မည်။ သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိသည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းပိုးကိုလည်းကောင်း၊ လက်ညှိုးထိုးခြင်းကိုလည်းကောင်း၊ ကဲ့ရဲ့သောစကားကိုလည်းကောင်း ပယ်ရှား၍၊ မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့် ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
ဟေရှာယ 58:6-10 Common Language Bible (BCL)
``ငါနှစ်သက်မြတ်နိုးသည့်အစာရှောင်ခြင်း မှာနှိပ်စက်ညှင်းဆဲမှုတည်းဟူသောနှောင် ကြိုးကိုဖြတ်၍ မတရားစိုးမိုးမှုကိုဖယ်ရှား ကာအနှိပ်စက်ခံရသူတို့အားကယ်နုတ်ခြင်း၊- ဆာငတ်မွတ်သိပ်သူတို့ကိုကျွေးမွေးခြင်း၊ နေ စရာမရှိသည့်ဆင်းရဲသားတို့အားနေရာ ထိုင်ခင်းပေးအပ်ခြင်း၊ အဝတ်အစားချို့တဲ့ သူတို့အားပေးကမ်း၍သင်တို့အမျိုးသား များအားကူညီမစရမည့်တာဝန်ကိုမ ရှောင်မလွှဲဘဲနေခြင်းတို့ပင်ဖြစ်ပေသည်။ ``သင်တို့သည်ဤအတိုင်းပြုကျင့်ကြပါမူ ငါ၏ကျေးဇူးတော်အလင်းသည်တက်သစ်စ နေရောင်ခြည်သဖွယ် သင်တို့အပေါ်သို့သက် ရောက်၍သင်တို့အနာရောဂါများသည်လည်း လျင်မြန်စွာပျောက်ကင်းသွားလိမ့်မည်။ ဖြောင့် မတ်သောအရှင်သည်သင်တို့နှင့်ထာဝစဉ် အတူရှိနေမည်။ အဘက်ဘက်မှနေ၍ငါ ၏ဘုန်းတော်သည် သင်တို့အားကာကွယ် စောင့်ရှောက်မည်။- သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ နားညောင်းမည်။ သင်တို့အကူအညီတောင်း သောအခါငါထူးမည်။ ``အကယ်၍သင်တို့သည်နှိပ်စက်ညှင်းဆဲမှု ကိုရပ်စဲ၍မတရားစွပ်စွဲမှုကိုရှောင်ရှား ပြီးဆိုးညစ်သည့်စကားမှန်သမျှကိုဖယ် ရှားကာ၊- ဆာငတ်မွတ်သိပ်သူတို့အားအစားအစာ ကျွေးမွေးလျက် ချို့တဲ့သူတို့၏လိုအင်ဆန္ဒ ကိုဖြည့်ကြမည်ဆိုပါမူ သင်၏အလင်းသည် သင်၏ပတ်ဝန်းကျင်ရှိမှောင်မိုက်ကိုလင်းလိမ့် မည်။ သင်၏ညသည်မွန်းတည့်အလင်းရောင် အဖြစ်သို့ပြောင်းလဲ၍သွားလိမ့်မည်။
ဟေရှာယ 58:6-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား မတရားသောအချည်အနှောင်ကို ဖြေပေးခြင်း၊ ထမ်းပိုးကြိုးတို့ကို ချွတ်ပေးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသောသူတို့ကို လွတ်လပ်ခွင့်ပေးခြင်း၊ ထမ်းပိုးရှိသမျှတို့ကိုချိုးခြင်းပင် မဟုတ်လော။ ဆာလောင်မွတ်သိပ်သောသူတို့ကို စားစရာဝေပေးခြင်း၊ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများကို အိမ်သို့ခေါ်လာခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် ဝတ်ပေးခြင်း၊ မိမိသွေးသားချင်းကို လျစ်လျူမရှုခြင်းပင် မဟုတ်လော။ ထိုသို့ပြုလျှင် သင်၏အလင်းသည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ သင်၏အနာရောဂါသည် အလျင်အမြန်ပျောက်ကင်းမည်။ သင်၏ဖြောင့်မတ်ခြင်းသည် သင့်ရှေ့၌သွားမည်။ ထာဝရဘုရား၏ဘုန်းအသရေသည် သင့်ကို အနောက်မှကာကွယ်တော်မူမည်။ သင်ခေါ်သောအခါ ထာဝရဘုရား ထူးတော်မူမည်။ အကူအညီအော်ဟစ်တောင်းခံသောအခါ “ငါရှိ၏”ဟု မိန့်တော်မူမည်။ သင်သည် သူတစ်ပါးကိုလက်ညှိုးထိုးခြင်း၊ ယုတ်ညံ့သောစကားပြောဆိုခြင်းဟူသော သင့်တွင်ရှိသောထမ်းပိုးကို ဖယ်ရှား၍ ဆာလောင်မွတ်သိပ်သောသူအား စိတ်စေတနာဖြင့်ကျွေးမွေး၍ နှိပ်စက်ခြင်းခံရသောသူ၏အလိုကို ပြည့်စုံစေလျှင် သင်၏အလင်းသည် အမှောင်ထဲ၌ ထွန်းလင်းမည်။ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ဖြစ်မည်။