YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 43:1-21

ဟေရှာယ 43:1-21 Judson Bible (JBMLE)

အို ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်၊ သင့်​ကို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မ​စိုး​ရိမ်​နှင့်။ သင့်​ကို ငါ​ရွေး​နုတ်​ပြီ။ ငါ့​နာ​မ​ဖြင့် မှည့်​ပြီ။ သင့်​ကို ငါ​ဆိုင်၏။ သင်​သည် ရေ​ကို​လျှောက်​သွား​သော​အ​ခါ၊ သင်​နှင့်​အ​တူ ငါ​ရှိ၏။ မြစ်​တို့​ကို လျှောက်​သွား​သော​အ​ခါ၊ မ​နစ်​မ​မွန်း​ရ။ မီး​ကို ချင်း​နင်း​သော​အ​ခါ​လည်း မ​လောင်​ရ။ မီး​လျှံ​လည်း မ​ညိ​ရ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင့်​ကို ရွေး​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သင့်​ကို​ရွေး​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း၊ သင့်​အ​တွက် ကု​ရှ​ပြည်​နှင့် သေ​ဘ​ပြည်​ကို​လည်း​ကောင်း ငါ​ပေး၏။ သင်​သည် ငါ​မြတ်​နိုး​ရာ​ဖြစ်​သော​ကြောင့် အ​သ​ရေ​ရှိ​ပြီ။ ငါ​လည်း​ချစ်၏။ ထို​ကြောင့်၊ သင့်​အ​တွက် လူ​တို့​ကို​လည်း​ကောင်း၊ သင်၏​အ​သက်​အ​တွက် လူ​မျိုး​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင်​နှင့်​အ​တူ ရှိ၏။ အ​ရှေ့​မျက်​နှာ​မှ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​ဆောင်​ခဲ့​မည်။ အ​နောက်​မျက်​နှာ​မှ သင့်​ကို စု​သိမ်း​မည်။ အပ်​လော့​ဟု မြောက်​မျက်​နှာ​ကို​လည်း​ကောင်း၊ မ​ထိမ်​နှင့်​ဟု တောင်​မျက်​နှာ​ကို​လည်း​ကောင်း ငါ​ပြော​မည်။ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ငါ့​သား​သ​မီး​တည်း​ဟူ​သော၊ ငါ့​နာ​မ​ဖြင့် သ​မုတ်​သော​သူ၊ ငါ၏​ဘုန်း​အ​သ​ရေ​ဖို့ ငါ​ဖန်​ဆင်း​ပြု​ပြင်၍၊ ဧ​ကန်​စင်​စစ် လုပ်​ပြီး​သော သူ​အ​ပေါင်း​တို့​ကို ဆောင်​ခဲ့​လော့​ဟု ငါ​ပြော​မည်။ မျက်​စိ​ရှိ​လျက်​ပင် မျက်​စိ​ကန်း​သော​သူ​နှင့်၊ နား​ရှိ​လျက်​ပင် နား​ပင်း​သော​သူ​တို့​ကို ဆောင်​ခဲ့​လော့။ လူ​အ​မျိုး​မျိုး အ​စု​စု​တို့​သည် စု​ရုံး​စည်း​ဝေး​ကြ​စေ။ သူ​တို့​တွင် အ​ဘယ်​သူ​သည် ဤ​အ​မှု​ကို ဖော်​ပြ​မည်​နည်း။ အ​ရင်​ဖြစ်​လ​တ္တံ့​သော အ​ရာ​ကို အ​ဘယ်​သူ ဟော​ပြော​မည်​နည်း။ သူ​တို့​သည် အ​ပြစ်​တင်​ခွင့်​နှင့် လွတ်​မည်​အ​ကြောင်း၊ သက်​သေ​တို့​ကို ပြ​ကြ​စေ။ သို့​မ​ဟုတ် နား​ထောင်၍၊ ဤ​သို့​မှန်​သည်​ဟု ဝန်​ခံ​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည်၊ ငါ့​ကို​သိ​မှတ်​ယုံ​ကြည်၍၊ ငါ​သည် မှန်​ပြီ​ဟု နား​လည်​မည်​အ​ကြောင်း၊ ငါ၏​သက်​သေ၊ ငါ​ရွေး​ကောက်​သော​ကျွန် ဖြစ်​ကြ၏။ ငါ့​ရှေ့​မှာ ဖန်​ဆင်း​ရာ​ထဲ​က အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ဖြစ်၊ ငါ့​နောက်​မှာ​လည်း၊ အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​ရာ။ ငါ​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍၊ ငါ​မှ​တစ်​ပါး ကယ်​တင်​သော​သ​ခင်​မ​ရှိ။ ငါ​သည် ဗျာ​ဒိတ်​ထား​နှင့်​သည်​အ​တိုင်း ကယ်​တင်​ပြီ။ ငါ​ဖော်​ပြ​နှင့်​ပြီ။ သင်​တို့​တွင် အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည် ဖော်​ပြ​နှင့်​သည် မ​ဟုတ်။ ငါ​သည် ဘု​ရား​သ​ခင်​မှန်​ပြီ​ဟု သင်​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။ နေ့​ရက်​ကာ​လ​မ​ဖြစ်​မီ ငါ​သည် ဘု​ရား​ဖြစ်၏။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်။ ငါ​ပြု​သော​အ​မှု​ကို အ​ဘယ်​သူ ဆီး​တား​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ သင်​တို့​ကို ရွေး​နုတ်​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​တွက်၊ ဗာ​ဗု​လုန်​မြို့​သို့ စေ​လွှတ်၍၊ ပြေး​သော မြို့​သား​တို့​နှင့် ခါ​လ​ဒဲ​လူ​များ​ကို သူ​တို့​ပျော်​မွေ့​ရာ သင်္ဘော​သို့ ဆင်း​စေ​မည်။ ငါ​သည် သင်​တို့၏ သန့်​ရှင်း​သော​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဖန်​ဆင်း​သော​ဘု​ရား၊ သင်​တို့၏​ရှင်​ဘု​ရင်​ဖြစ်၏။ ပြင်း​ထန်​သော ပင်​လယ်​ရေ၌ လမ်း​ခ​ရီး​ကို ဖန်​ဆင်း​တော်​မူ​ထ​သော၊ ရ​ထား​များ၊ မြင်း​များ​နှင့်​တ​ကွ၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း​တို့​ကို ဆောင်​ခဲ့​တော်​မူ​ထ​သော၊ သူ​တို့​ကို မ​ထ​နိုင်​အောင် တစ်​ပြိုင်​နက်​တည်း အိပ်​စေ၍၊ မီး​စာ​သေ​သ​ကဲ့​သို့၊ ငြိမ်း​စေ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဖြစ်​ဖူး​သော​အ​မှု​တို့​ကို မ​အောက်​မေ့​ကြ​နှင့်။ ရှေး​ကာ​လ၏​အ​ရာ​တို့​ကို ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။ ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။ မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။ ကိုယ်​အ​ဖို့ ငါ​ဖန်​ဆင်း​သော ထို​လူ​မျိုး​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ပြ​ရ​လိမ့်​မည်။

ဟေရှာယ 43:1-21 Common Language Bible (BCL)

အို ဣ​သ​ရေ​အ​မျိုး​သား​တို့၊ သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​က ``မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကို​ငါ​ကွယ်​ကာ စောင့်​ရှောက်​မည်။ သင်​တို့​အား​နာ​မည်​တပ်​၍​ငါ​ခေါ်​ယူ​ပြီ။ သင်​တို့​ကို​ငါ​ပိုင်​၏။ သင်​တို့​သည်​ရေ​နက်​ထဲ​သို့​လျှောက်​သွား​ရ​သော​အ​ခါ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ဆင်း​ရဲ​ဒုက္ခ​များ​သည်​သင်​တို့​ကို​လွှမ်း​မိုး ရ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​မီး​ထဲ​သို့​လျှောက်​သွား​ရ​သော အ​ခါ မီး​အ​လောင်​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ပြင်း​ထန်​သော​စုံ​စမ်း​ခြင်း​များ​သည်​သင်​တို့​ကို ထိ​ခိုက်​နစ်​နာ​စေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သော ဘု​ရား​သ​ခင်၊ သင်​တို့​ကို​ကယ်​တင်​သော​အ​ရှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့်​တည်း။ ငါ​သည်​သင်​တို့​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက်​ခွင့် ရ​ရှိ​ကြ​စေ​ရန် အီ​ဂျစ်​ပြည်​ကို​စွန့်​လွှတ်​မည်။ ဆူ​ဒန်​ပြည်​နှင့် သေ​ဘ​ပြည်​ကို​ငါ​စွန့်​လွှတ်​မည်။ သင်​တို့​သည်​ငါ့​အ​ဖို့​အ​လွန်​အ​ဖိုး​တန်​သူ​များ ဖြစ်​ပြီး ငါ​ချစ်​မြတ်​နိုး​၍​ဂုဏ်​ပြု​ချီး​မြှင့်​သူ​များ​ဖြစ် သ​ဖြင့် ငါ​သည်​သင်​တို့​၏​အ​သက်​ကို​ကယ်​ရန် လူ​မျိုး​စု​တို့​ကို​စွန့်​လွှတ်​မည်။ မ​ကြောက်​ကြ​နှင့်​ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ``ဝေး​လံ​သော​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်၊ အ​စွန်​ဆုံး​ဒေ​သ​မှ​သင်​တို့​အ​မျိုး​သား​များ ကို မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့​အား​ထွက်​ခွာ​ခွင့်​ပြု​ရန် မြောက်​အ​ရပ်​ကို​လည်း​ကောင်း၊ သူ​တို့​အား​ဆီး​တား​၍​မ​ထား​ရန် တောင်​အ​ရပ်​ကို​လည်း​ကောင်း​ငါ​ပြော​မည်။ ကမ္ဘာ​အ​ရပ်​ရပ်​ရှိ​ရပ်​ဝေး​နိုင်​ငံ​များ​မှ​ငါ​၏ လူ​မျိုး​တော်​များ​ပြန်​လာ​ကြ​ပါ​စေ၊ သူ​တို့​သည်​ငါ​ပိုင်​သည့်​လူ​မျိုး​တော် ငါ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​ရန် ငါ​ဖန်​ဆင်း​ထား​သူ​များ​ဖြစ်​ပေ​သည်'' ဟု မိန့်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က ``ငါ​၏​လူ​မျိုး​တော်​ကို​တ​ရား​ရုံး​တော်​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​သည်​မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​ပါ​တ​ကား။ လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့် မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊ အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။ ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ​၏​အ​သိ​သက်​သေ​များ​တည်း။ သင်​တို့​ငါ့​အား​သိ​ကျွမ်း​ယုံ​ကြည် ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ​သည်​တစ်​ဆူ​တည်း​သော​ဘု​ရား​ဖြစ်​ကြောင်း သိ​ရှိ​နား​လည်​ကြ​စေ​ရန်​လည်း​ကောင်း၊ ငါ​သည်​သင်​တို့​အား​ငါ​၏​အ​စေ​ခံ​လူ​မျိုး အ​ဖြစ် ရွေး​ချယ်​ခဲ့​ပေ​သည်။ ငါ​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ။ အ​ဘယ်​အ​ခါ​က​မျှ​မ​ရှိ​ခဲ့။ နောင်​ကို​လည်း ရှိ​လိမ့်​မည်​မ​ဟုတ်။ ``ငါ​တစ်​ပါး​တည်း​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​သင်​တို့​အား ကယ်​တင်​တော်​မူ​နိုင်​၏။ ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​ကြို​တင် ဖော်​ပြ​၍၊သင်​တို့​အား​ကူ​မ​ရန်​ကြွ​လာ​ခဲ့​ပေ သည်။ အ​ဘယ်​မည်​သော​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​မျှ ဤ​သို့​ပြု​ခဲ့​ဖူး​သည်​မ​ရှိ။ သင်​တို့​သည်​ငါ​၏​အ​သိ​သက်​သေ​များ ဖြစ်​ကြ​၏။ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။ နောင်​ကို​လည်း​အ​စဉ်​အ​မြဲ​ဤ​သို့​ဖြစ်​၍​နေ မည်​သာ၊ ငါ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သူ​မျှ​လု​ယူ နိုင်​လိမ့်​မည်​မ​ဟုတ်၊ ငါ​ပြု​သော​အ​မှု​ကို​အ​ဘယ်​သူ​မျှ​မ​ပြင် နိုင်​ရာ'' ဟု​မိန့်​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊ သင်​တို့​ကို​ကယ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​တို့​အား​ကယ်​ရန်​စစ်​သည်​ဗိုလ်​ခြေ တို့​ကို ဗာ​ဗု​လုန်​ပြည်​သို့​စေ​လွှတ်​မည်။ မြို့​တံ​ခါး​များ​ကို​ငါ​ဖျက်​ချ​မည်။ မြို့​သူ​မြို့​သား​တို့​၏​ကြွေး​ကြော်​သံ​သည် ငို​ကြွေး​သံ​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သင်​တို့​အား ငါ​ဖန်​ဆင်း​ခဲ့​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ရှေး​အ​ခါ​က၊ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ် ဝဲ​သြ​ဃ​ကို ဖြတ်​၍​လမ်း​ဖောက်​တော်​မူ​ခဲ့​၏။ ကိုယ်​တော်​သည်​ရ​ထား​တပ်၊ မြင်း​တပ်​များ​နှင့် အင်​အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ချေ​တို့​ကို ဆုံး​ပါး​ပျက်​စီး​စေ​တော်​မူ​၏။ သူ​တို့​သည်​ငြိမ်း​သတ်​လိုက်​သည့် ဖ​ယောင်း​တိုင်​မီး​သ​ဖွယ်​န​လံ​မ​ထူ​နိုင်​အောင် ပြို​လဲ​၍​သွား​ကြ​ကုန်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ``အ​တိတ်​က​အ​ဖြစ်​အ​ပျက်​များ​ကို​စွဲ​လန်း​၍ မ​နေ​ကြ​နှင့်။ ရှေး​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ဆို​၍​မ​နေ​ကြ​နှင့်။ ငါ​ပြု​မည့်​အ​မှု​အ​ရာ​သစ်​ကို​စောင့်​မျှော် ကြည့်​ရှု​ကြ​လော့။ ထို​အ​မှု​အ​ရာ​သည်​ဖြစ်​ပျက်​ဆဲ​ပင်​ရှိ​သဖြင့် ယင်း​ကို ယ​ခု​သင်​တို့​တွေ့​မြင်​နိုင်​ကြ​ပါ​သည်​တ​ကား။ ငါ​သည်​တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပေါက်​စေ ပြီး​လျှင်၊ သင်​တို့​အား​စမ်း​ရေ​ကို​ပေး​တော်​မူ​မည်။ တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​ငါ​၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​ကူး​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​လူ​တို့ ရေ​ရ​ရှိ​ရေး​အ​တွက်၊သဲ​ကန္တာ​ရ​တွင်​မြစ်​ရေ များ​ကို စီး​ဆင်း​စေ​သော​အ​ခါ၊ ခွေး​အ​များ​နှင့်​ငှက်​ကု​လား​အုတ်​များ​သည် ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ထို​လူ​မျိုး​တော်​ကား​မိ​မိ​အ​ဖို့​ငါ ဖန်​ဆင်း​ခဲ့​သူ​များ​ဖြစ်​၏။ သူ​တို့​သည်​လည်း​ငါ့​ကို​ထော​မ​နာ​ပြု​ကြ လိမ့်​မည်။

ဟေရှာယ 43:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အို ယာကုပ်​အမျိုး​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား​က “​မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ရွေးနုတ်​ပြီ​။ သင့်​ကို အမည်​ဖြင့် ငါ​ခေါ်​ပြီ​။ သင့်​ကို ငါ​ပိုင်​ပြီ​။ သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သင်​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ဖြစ်​၏​။ သင်​၏​ကယ်တင်ရှင်​ဖြစ်​၏​။ သင့်​ကို ရွေးနုတ်စရာ​အဖိုးအခ​အဖြစ် အီဂျစ်​ပြည်​ကို​လည်းကောင်း​၊ သင့်​ကိုယ်စား အီသီယိုးပီးယား​ပြည်​နှင့် သေဘ​ပြည်​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​၏​။ ငါ့​အဖို့ သင်​သည် အဖိုးတန်​၏​။ သင်​သည် ဂုဏ်သရေ​ရှိ​၏​။ ငါ​သည် သင့်​ကို​ချစ်​၏​။ ထို့ကြောင့် သင့်​ကိုယ်စား လူ​တို့​ကို​လည်းကောင်း​၊ သင်​၏​အသက်​ကိုယ်စား လူမျိုး​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​မည်​။ မ​ကြောက်​နှင့်​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ အရှေ့​အရပ်​မှ သင်​၏​အမျိုးအနွယ်​ကို ငါ​ဆောင်​ခဲ့​မည်​။ အနောက်​အရပ်​မှ သင့်​ကို ငါ​စုစည်း​မည်​။ မြောက်အရပ်​အား ‘​ပေး​လော့​’​၊ တောင်​အရပ်​အား ‘​မ​ထိန်းချုပ်​ထား​နှင့်​’​ဟု ငါ​ဆို​မည်​။ ဝေး​သော​အရပ်​မှ ငါ့​သား​များ​နှင့် မြေကြီး​စွန်း​မှ ငါ့​သမီး​များ​ကို ခေါ်ဆောင်​ခဲ့​လော့​။ သူ​တို့​အားလုံး​ကို ငါ့​နာမ​ဖြင့် ငါ​ခေါ်​၏​။ ငါ​၏​ဘုန်းအသရေ​အတွက် ငါ​ဖန်ဆင်း​၏​။ ငါ​ပုံဖော်ဖန်ဆင်း​၍ ငါ​ဖြစ်တည်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။ မျက်စိ​ရှိ​သော်လည်း မမြင်​သော​သူ​၊ နား​ရှိ​သော်လည်း မကြား​သော​သူ​တို့​ကို ထုတ်ဆောင်​ခဲ့​လော့​။ လူမျိုး​အပေါင်း​တို့​သည် အတူတကွ​စုရုံး​ကြ​၏​။ လူ​တို့​သည် စုဝေး​ကြ​၏​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​ကို ပြောကြား​မည်နည်း​။ ယခင်က​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို ကျွန်ုပ်​တို့​အား မည်သူ ကြားသိ​စေ​မည်နည်း​။ သူ​တို့​မှန်ကန်​ကြောင်း​သက်သေ​ပြ​ရန် သူ​တို့​၏​သက်သေ​များ​ကို ယူဆောင်​လာ​ကြ​ပါစေ​။ လူ​တို့​သည် ကြား​၍ မှန်​သည်​ဟု ပြောဆို​ကြ​ပါစေ​။ ထာဝရဘုရား​က “​သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ငါ့​ကို​သိ​၍​ယုံကြည်​မည့်​အကြောင်း​၊ ငါ​သည် ထို​အရှင်​ဖြစ်​သည်​ကို​နားလည်​မည့်​အကြောင်း ငါ​ရွေးချယ်​သော ငါ​၏​အစေအပါး​လည်း​ဖြစ်​ကြ​၏​။ ငါ့​အလျင် မည်သည့်​ဘုရား​မျှ​မ​ရှိ​။ ငါ့​နောက်၌​လည်း မည်သည့်​ဘုရား​မျှ ရှိ​မည်​မ​ဟုတ်​။ ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး ကယ်တင်​သော​အရှင်​မ​ရှိ​။ ငါ​ကိုယ်တော်တိုင်​ပြောကြား​ခဲ့​ပြီ​၊ ကယ်တင်​ခဲ့​ပြီ​၊ ကြားသိ​စေ​ခဲ့​ပြီ​။ သင်​တို့​တွင်​ရှိ​သော အခြား​ဘုရား​က ပြု​ခဲ့​သည်​မ​ဟုတ်​။ သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ ရှေးကာလ​မှစ၍ ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ ငါ့​လက်​မှ ကယ်တင်​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ ငါ​ပြု​သော​အမှု​ကို မည်သူ​ပြောင်းပြန်​ဖြစ်စေ​နိုင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ သင်​တို့​ကို​ရွေးနုတ်​သော​အရှင် ထာဝရဘုရား​က “​သင်​တို့​အတွက် ဘေဘီလုံ​မြို့​သို့ စစ်သည်​တို့​ကို ငါ​စေလွှတ်​၍ ခါလဒဲ​လူမျိုး​အပါအဝင် ထို​မြို့​၌​ရှိ​သော​လူ​အားလုံး​တို့​ကို မိမိ​တို့​ဂုဏ်ယူ​ရ​သော​သင်္ဘော​ဖြင့် ထွက်ပြေး​စေ​မည်​။ ငါ​ထာဝရဘုရား​သည် သင်​တို့​၏​သန့်ရှင်း​သော​အရှင်​၊ အစ္စရေး​လူမျိုး​ကို​ဖန်ဆင်း​သော​အရှင်​၊ သင်​တို့​၏​ရှင်ဘုရင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ ပင်လယ်ပြင်​၌ လမ်းမ​ကို​လည်းကောင်း​၊ လှိုင်းထန်​သော​ရေပြင်​၌ လမ်း​ကို​လည်းကောင်း ဖြစ်​စေ​တော်မူ​သော​၊ ရထား​နှင့် မြင်း​၊ စစ်သည်​နှင့်​အင်အားကြီးမား​သော​သူ​တို့​ကို ထုတ်ဆောင်​၍ သူ​တို့​ကို မ​ထ​နိုင်​အောင် အတူတကွ​လဲ​စေ​ပြီး မီးစာ​ကို​ငြှိမ်း​သကဲ့သို့ ငြိမ်း​သွား​စေ​တော်မူ​သော ထာဝရဘုရား​က “​ယခင်က ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို မ​အောက်မေ့​ကြ​နှင့်​။ လွန်ခဲ့ပြီး​သော​အရာ​တို့​ကို မ​စဉ်းစား​ကြ​နှင့်​။ ကြည့်ရှု​လော့​။ အသစ်​သော​အရာ​ကို ငါ​ပြု​မည်​။ ယခု ထို​အရာ ဖြစ်လာ​ပြီ​။ သင်​တို့ မ​သိ​ကြ​သလော​။ အကယ်စင်စစ် တောကန္တာရ​၌ လမ်း​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ဖြစ်​စေ​မည်​။ ငါ​ရွေးချယ်​သော ငါ့​လူမျိုး​တို့​သောက်​ဖို့​ရန် တောကန္တာရ​၌​ရေ​များ​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ပေး​သောကြောင့် ခွေးအ​များ​၊ ငှက်ကုလားအုတ်​များ​နှင့် တောရိုင်းတိရစ္ဆာန်​တို့​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​။ ငါ​၏​ဂုဏ်ကျေးဇူး​တော်​ကို ပြောကြား​ဖို့​ရန် လူမျိုး​တော်​ကို ငါ​ပုံဖော်ဖန်ဆင်း​ခဲ့​၏​။