YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 11:1-9

ဟေရှာယ 11:1-9 Judson Bible (JBMLE)

ယေ​ရှဲ​အ​မျိုး​အ​ငုတ်၌ အ​တက်​ပေါက်​လိမ့်​မည်။ သူ၏​အ​မြစ်​တို့​တွင် အ​ညွန့်​သည် အ​သီး​သီး​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း၌ မွေ့​လျော်​သည်​ဖြစ်၍၊ မိ​မိ​မျက်​စိ​မြင်​သည်​အ​တိုင်း တ​ရား​မ​စီ​ရင်၊ မိ​မိ​နား​ကြား​သည်​အ​တိုင်း မ​ဆုံး​ဖြတ်​ဘဲ၊ ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။ တ​ရား​နှင့် သ​စ္စာ​သည် သူ၏ ခါး​ပန်း​ခါး​စည်း​ဖြစ်​လိမ့်​မည်။ တော​ခွေး​သည် သိုး​သ​ငယ်​နှင့်​အ​တူ နေ​လိမ့်​မည်။ ကျား​သစ်​သည် ဆိတ်​သ​ငယ်​နှင့်​အ​တူ အိပ်​လိမ့်​မည်။ နွား​သ​ငယ်၊ ခြင်္သေ့​သ​ငယ်၊ ဆူ​အောင်​ကျွေး​သော အ​ကောင်​တို့​သည် အ​တူ​သွား​လာ​ကြ၍၊ လူ​သူ​ငယ်​သည် သူ​တို့​ကို ပို့​ဆောင်​လိမ့်​မည်။ နွား​မ​နှင့် ဝံ​မ​သည် အ​တူ​ကျက်​စား၍၊ သူ​တို့ သား​ငယ်​များ​သည် အ​တူ​အိပ်​ကြ​လိမ့်​မည်။ ခြင်္သေ့​သည်​လည်း နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။ နို့​စို့​သူ​ငယ်​သည်​လည်း မြွေ​ဆိုး​တွင်း​ပေါ်​မှာ က​စား​လိမ့်​မည်။ နို့​ကွာ​သော သူ​ငယ်​သည်​လည်း၊ မြွေ​ဟောက်​တွင်း​ဝ၌ မိ​မိ​လက်​ကို သွင်း​လိမ့်​မည်။ ငါ၏​သန့်​ရှင်း​သော တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း​ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။

ဟေရှာယ 11:1-9 Common Language Bible (BCL)

ဒါ​ဝိဒ်​မင်း​ဆက်​သည်​ခုတ်​လှဲ​သည့်​သစ်​ပင်​နှင့် တူ​၏။ သို့​ရာ​တွင်​သစ်​ငုတ်​မှ​အ​ကိုင်း​အ​ခက် များ​ထွက်​လာ​သ​ကဲ့​သို့ ဒါ​ဝိဒ်​၏​သား​မြေး များ​အ​ထဲ​မှ​ဘု​ရင်​သစ်​တစ်​ပါး​ပေါ်​ထွက် လာ​လိမ့်​မည်။ သူ​သည်​မိ​မိ​ပြည်​သူ​တို့​အား​အုပ်​စိုး​ရန် ဉာဏ်​ပ​ညာ၊ အ​သိ​ပ​ညာ​နှင့်၊ စွမ်း​ရည်​ကို ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​ရ​လိမ့်​မည်။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​လိမ့်​မည်။ ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​မှု​၌​လည်း မွေ့​လျော်​ပျော်​ပိုက်​လိမ့်​မည်။ သူ​သည်​မျက်​စိ​နှင့်​မြင်​ယုံ​သို့​မ​ဟုတ် တစ်​ဆင့်​စ​ကား​နှင့်​ကြား​ယုံ​ဖြင့်​အ​ဆုံး အ​ဖြတ် ပေး​လိမ့်​မည်​မ​ဟုတ်။ ဆင်း​ရဲ​သား​တို့​အား​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​၍ နိမ့်​ကျ​သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ သူ​ပေး​သည့်​ရာ​ဇ​သံ​ဖြင့်​ပြည်​သူ​တို့​သည် ဒဏ်​သင့်​ကြ​လိမ့်​မည်။ ဆိုး​ညစ်​သူ​တို့​သည်​လည်း သေ​ရ​ကြ​လိမ့်​မည်။ သူ​သည်​မိ​မိ​ပြည်​သူ​တို့​အား​မျှ​တ​ဖြောင့် မတ်​စွာ အုပ်​စိုး​လိမ့်​မည်။ ဝံ​ပု​လွေ​များ​သည်​သိုး​တို့​နှင့်​အ​တူ အေး​ချမ်း​စွာ နေ​ကြ​လိမ့်​မည်။ ကျား​သစ်​များ​သည်​လည်း​ဆိတ်​ငယ်​များ​နှင့် အ​တူ အိပ်​ကြ​လိမ့်​မည်။ နွား​သူ​ငယ်​များ​နှင့်​ခြင်္သေ့​များ၊ အ​တူ​တူ​အ​စာ​စား​ကြ​လျက် သူ​တို့​အား​က​လေး​သူ​ငယ်​များ​က​ထိန်း​ကျောင်း လိမ့်​မည်။ နွား​မ​များ​နှင့်​ဝက်​ဝံ​မ​တို့​သည်​အ​တူ​တူ အ​စာ​စား​ကြ​လိမ့်​မည်။ သူ​တို့​၏​သား​ငယ်​များ​သည်​လည်း အ​တူ​တူ​အေး​ချမ်း​စွာ​နေ​ကြ​လိမ့်​မည်။ ခြင်္သေ့​တို့​သည်​ကျွဲ​နွား​များ​ကဲ့​သို့​မြက်​ကို စား​လိမ့်​မည်။ အ​ကယ်​၍​နို့​စို့​က​လေး​သည်​မြွေ​ဆိုး​တွင်း​ဝ​၌​ပင် က​စား​စေ​ကာ​မူ ဘေး​အန္တ​ရာယ်​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​တော်​ပေါ်​၌ ဘေး​အ​န္တရာယ်​ဖြစ်​စေ​သည့်​အ​ရာ​သို့​မ​ဟုတ် ဆိုး​ညစ်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။ ပင်​လယ်​များ​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​သို့၊ ထို​ပြည်​တော်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား သိ​ကျွမ်း​မှု​အ​သိ​ပ​ညာ​နှင့်​ပြည့်​ဝ​၍​နေ​လိမ့် မည်။

ဟေရှာယ 11:1-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှဲ​၏​အငုတ်​မှ အတက်​ထွက်လာ​မည်​။ သူ​၏​အမြစ်​မှ​အကိုင်း​သည် အသီး​သီး​လိမ့်မည်​။ ထာဝရဘုရား​၏​ဝိညာဉ်​တော်​ဖြစ်​သည့် ဉာဏ်ပညာ​နှင့်​အသိဉာဏ်​ကို ပေး​သော​ဝိညာဉ်​၊ အကြံဉာဏ်​နှင့်​အစွမ်းတန်ခိုး​ကို ပေး​သော​ဝိညာဉ်​၊ အသိပညာ​နှင့်​ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို ပေး​သော​ဝိညာဉ်​သည် သူ့​အပေါ်​တွင် ကိန်းဝပ်​တော်မူ​မည်​။ သူ​သည် ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​၌ မွေ့လျော်​၍ မိမိ​မျက်စိ​မြင်​သည့်​အတိုင်း​မ​စီရင်​၊ နား​ကြား​သည့်​အတိုင်း မ​ဆုံးဖြတ်​။ ဆင်းရဲ​သော​သူ​တို့​ကို ဖြောင့်မတ်​စွာ​တရားစီရင်​မည်​။ နိမ့်ကျ​သော​မြေကြီးသား​တို့​အတွက် တရားမျှတ​စွာ​ဆုံးဖြတ်​မည်​။ မြေကြီး​ကို သူ​၏​နှုတ်​ကြိမ်လုံး​ဖြင့် ရိုက်နှက်​၍ ဆိုးယုတ်​သော​သူ​တို့​ကို နှုတ်ထွက်​လေ​ဖြင့် ကွပ်မျက်​မည်​။ ဖြောင့်မတ်​ခြင်း​သည် သူ​၏​ခါးပန်း​၊ သစ္စာတရား​သည် သူ​၏​ခါးစည်း​ဖြစ်​လိမ့်မည်​။ ဝံပုလွေ​သည် သိုးသငယ်​နှင့်အတူ​နေထိုင်​၍ ကျားသစ်​သည် ဆိတ်သငယ်​နှင့်အတူ​လဲလျောင်း​လိမ့်မည်​။ နွားသငယ်​၊ ခြင်္သေ့ပျို​နှင့် ဆူဖြိုး​သော​တိရစ္ဆာန်​တို့​သည် အတူ​နေ​ကြ​၍ ကလေး​သူငယ်​သည် ထို​အကောင်​တို့​ကို ထိန်းကျောင်း​လိမ့်မည်​။ နွားမ​နှင့်​ဝက်ဝံမ​သည် အတူတူ​အစာ​စား​ကြ​၍ သူ​တို့​၏​သားငယ်​များ​သည် အတူတူ​လဲလျောင်း​ကြ​လိမ့်မည်​။ ခြင်္သေ့​သည် နွား​ကဲ့သို့ ကောက်ရိုး​ကို စား​လိမ့်မည်​။ နို့စို့ကလေးငယ်​သည် မြွေဟောက်​တွင်း​ပေါ်၌ ကစား​လိမ့်မည်​။ နို့ပြတ်​သော​ကလေးငယ်​သည်​လည်း မြွေပွေး​တွင်း​ထဲသို့ လက်​ကို​ထည့်​လိမ့်မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​တစ်တောင်လုံး​ကို ထိခိုက်​ဖျက်ဆီး​ကြ​မည်​မ​ဟုတ်​။ အကြောင်းမူကား ပင်လယ်​သည် ရေ​များ​နှင့်​ပြည့်လျှံ​နေ​သကဲ့သို့ ကမ္ဘာမြေကြီး​သည် ထာဝရဘုရား​ကို သိကျွမ်း​ခြင်း​နှင့်​ပြည့်​လိမ့်မည်​။