YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 11:1-16

ဟေရှာယ 11:1-16 Judson Bible (JBMLE)

ယေ​ရှဲ​အ​မျိုး​အ​ငုတ်၌ အ​တက်​ပေါက်​လိမ့်​မည်။ သူ၏​အ​မြစ်​တို့​တွင် အ​ညွန့်​သည် အ​သီး​သီး​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း၌ မွေ့​လျော်​သည်​ဖြစ်၍၊ မိ​မိ​မျက်​စိ​မြင်​သည်​အ​တိုင်း တ​ရား​မ​စီ​ရင်၊ မိ​မိ​နား​ကြား​သည်​အ​တိုင်း မ​ဆုံး​ဖြတ်​ဘဲ၊ ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။ တ​ရား​နှင့် သ​စ္စာ​သည် သူ၏ ခါး​ပန်း​ခါး​စည်း​ဖြစ်​လိမ့်​မည်။ တော​ခွေး​သည် သိုး​သ​ငယ်​နှင့်​အ​တူ နေ​လိမ့်​မည်။ ကျား​သစ်​သည် ဆိတ်​သ​ငယ်​နှင့်​အ​တူ အိပ်​လိမ့်​မည်။ နွား​သ​ငယ်၊ ခြင်္သေ့​သ​ငယ်၊ ဆူ​အောင်​ကျွေး​သော အ​ကောင်​တို့​သည် အ​တူ​သွား​လာ​ကြ၍၊ လူ​သူ​ငယ်​သည် သူ​တို့​ကို ပို့​ဆောင်​လိမ့်​မည်။ နွား​မ​နှင့် ဝံ​မ​သည် အ​တူ​ကျက်​စား၍၊ သူ​တို့ သား​ငယ်​များ​သည် အ​တူ​အိပ်​ကြ​လိမ့်​မည်။ ခြင်္သေ့​သည်​လည်း နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။ နို့​စို့​သူ​ငယ်​သည်​လည်း မြွေ​ဆိုး​တွင်း​ပေါ်​မှာ က​စား​လိမ့်​မည်။ နို့​ကွာ​သော သူ​ငယ်​သည်​လည်း၊ မြွေ​ဟောက်​တွင်း​ဝ၌ မိ​မိ​လက်​ကို သွင်း​လိမ့်​မည်။ ငါ၏​သန့်​ရှင်း​သော တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း​ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။ ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။ ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို​ဆန့်၍၊ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​ကို အာ​ရှု​ရိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၊ ပါ​သ​ရု​ပြည်၊ ကု​ရှ​ပြည်၊ ဧ​လံ​ပြည်၊ ရှိ​နာ​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်၌ ရှိ​သော​ပြည်​များ​တို့​မှ​ကယ်​ယူ​ခြင်း​ငှာ တစ်​ဖန် ပြု​တော်​မူ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​အ​ဖို့ အ​လံ​ကို​ထူ​တော်​မူ​သ​ဖြင့်၊ နှင်​ထုတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်၊ အ​ရပ်​ရပ်​ကွဲ​ပြား​သော ယု​ဒ​အ​မျိုး​သား​တို့​ကို မြေ​ကြီး​လေး​မျက်​နှာ​တို့​မှ​ခေါ်၍ စု​ဝေး​စေ​တော်​မူ​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ငြူ​စူ​သော​စိတ်​ငြိမ်း​လိမ့်​မည်။ ရန်​ပြု​တတ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည်​လည်း၊ ရန်​ပြေ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​ကို​မ​ငြူ​စူ​ရ။ ယု​ဒ​အ​မျိုး​လည်း ဧ​ဖ​ရိမ်​အ​မျိုး​ကို ရန်​မ​ပြု​ရ။ သူ​တို့​သည် အ​နောက်​ဘက်၌ ဖိ​လိ​တ္တိ​လူ​များ​ကို လိုက်၍ တိုက်​ကြ​လိမ့်​မည်။ အ​ရှေ့​ပြည်​သား​တို့၏​ဥ​စ္စာ​ကို အ​တူ​လု​ယူ​ကြ​လိမ့်​မည်။ ဧ​ဒုံ​အ​မျိုး​နှင့် မော​ဘ​အ​မျိုး​ကို​လည်း လုပ်​ကြံ​ကြ​လိမ့်​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သူ​တို့၏​အုပ်​စိုး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အဲ​ဂု​တ္တု​ပင်​လယ်၏​လျှာ​ကို ဖျောက်​ဖျက်​တော်​မူ​မည်။ ပြင်း​စွာ​သော​လေ​တော်​နှင့်​တ​ကွ လက်​တော်​ကို မြစ်​ပေါ်​မှာ​လှုပ်၍၊ ချောင်း​ခု​နစ်​သွယ်​ဖြစ်​စေ​ခြင်း​ငှာ ရိုက်​ခတ်​တော်​မူ​သ​ဖြင့်၊ လူ​တို့​သည် ခြေ​နင်း​စီး​လျက် ကျော်​သွား​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​အ​ခါ၌ ဖြစ်​သ​ကဲ့​သို့၊ အာ​ရှု​ရိ​ပြည်​မှ ကျန်​ကြွင်း​သော ကိုယ်​တော်၏​လူ​တို့​သွား​ရာ​လမ်း​ကြီး ဖြစ်​ရ​လိမ့်​မည်။

ဟေရှာယ 11:1-16 Common Language Bible (BCL)

ဒါ​ဝိဒ်​မင်း​ဆက်​သည်​ခုတ်​လှဲ​သည့်​သစ်​ပင်​နှင့် တူ​၏။ သို့​ရာ​တွင်​သစ်​ငုတ်​မှ​အ​ကိုင်း​အ​ခက် များ​ထွက်​လာ​သ​ကဲ့​သို့ ဒါ​ဝိဒ်​၏​သား​မြေး များ​အ​ထဲ​မှ​ဘု​ရင်​သစ်​တစ်​ပါး​ပေါ်​ထွက် လာ​လိမ့်​မည်။ သူ​သည်​မိ​မိ​ပြည်​သူ​တို့​အား​အုပ်​စိုး​ရန် ဉာဏ်​ပ​ညာ၊ အ​သိ​ပ​ညာ​နှင့်၊ စွမ်း​ရည်​ကို ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​ရ​လိမ့်​မည်။ သူ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​၍ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​လိမ့်​မည်။ ကိုယ်​တော်​အား​ကြောက်​ရွံ့​ရို​သေ​မှု​၌​လည်း မွေ့​လျော်​ပျော်​ပိုက်​လိမ့်​မည်။ သူ​သည်​မျက်​စိ​နှင့်​မြင်​ယုံ​သို့​မ​ဟုတ် တစ်​ဆင့်​စ​ကား​နှင့်​ကြား​ယုံ​ဖြင့်​အ​ဆုံး အ​ဖြတ် ပေး​လိမ့်​မည်​မ​ဟုတ်။ ဆင်း​ရဲ​သား​တို့​အား​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​၍ နိမ့်​ကျ​သူ​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မည်။ သူ​ပေး​သည့်​ရာ​ဇ​သံ​ဖြင့်​ပြည်​သူ​တို့​သည် ဒဏ်​သင့်​ကြ​လိမ့်​မည်။ ဆိုး​ညစ်​သူ​တို့​သည်​လည်း သေ​ရ​ကြ​လိမ့်​မည်။ သူ​သည်​မိ​မိ​ပြည်​သူ​တို့​အား​မျှ​တ​ဖြောင့် မတ်​စွာ အုပ်​စိုး​လိမ့်​မည်။ ဝံ​ပု​လွေ​များ​သည်​သိုး​တို့​နှင့်​အ​တူ အေး​ချမ်း​စွာ နေ​ကြ​လိမ့်​မည်။ ကျား​သစ်​များ​သည်​လည်း​ဆိတ်​ငယ်​များ​နှင့် အ​တူ အိပ်​ကြ​လိမ့်​မည်။ နွား​သူ​ငယ်​များ​နှင့်​ခြင်္သေ့​များ၊ အ​တူ​တူ​အ​စာ​စား​ကြ​လျက် သူ​တို့​အား​က​လေး​သူ​ငယ်​များ​က​ထိန်း​ကျောင်း လိမ့်​မည်။ နွား​မ​များ​နှင့်​ဝက်​ဝံ​မ​တို့​သည်​အ​တူ​တူ အ​စာ​စား​ကြ​လိမ့်​မည်။ သူ​တို့​၏​သား​ငယ်​များ​သည်​လည်း အ​တူ​တူ​အေး​ချမ်း​စွာ​နေ​ကြ​လိမ့်​မည်။ ခြင်္သေ့​တို့​သည်​ကျွဲ​နွား​များ​ကဲ့​သို့​မြက်​ကို စား​လိမ့်​မည်။ အ​ကယ်​၍​နို့​စို့​က​လေး​သည်​မြွေ​ဆိုး​တွင်း​ဝ​၌​ပင် က​စား​စေ​ကာ​မူ ဘေး​အန္တ​ရာယ်​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​တော်​ပေါ်​၌ ဘေး​အ​န္တရာယ်​ဖြစ်​စေ​သည့်​အ​ရာ​သို့​မ​ဟုတ် ဆိုး​ညစ်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။ ပင်​လယ်​များ​သည်​ရေ​နှင့်​ပြည့်​လျက်​နေ​သ​ကဲ့​သို့၊ ထို​ပြည်​တော်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား သိ​ကျွမ်း​မှု​အ​သိ​ပ​ညာ​နှင့်​ပြည့်​ဝ​၍​နေ​လိမ့် မည်။ ဒါ​ဝိဒ်​မင်း​ဆက်​မှ​ပေါ်​ထွန်း​လာ​သည့်​ဘု​ရင် သည် လူ​မျိုး​တ​ကာ​တို့​အ​ဖို့​အ​ချက်​ပြ​အ​မှတ် လက္ခ​ဏာ​တစ်​ရပ်​ဖြစ်​သည့်​အ​ချိန်​ကာ​လ​ကျ ရောက်​လာ​လိမ့်​မည်။ သူ​တို့​သည်​သူ​၏​မြို့​တော် သို့​လာ​ရောက်​စု​ရုံး​ကြ​လျက် သူ့​အား​ဂုဏ်​ပြု ချီး​မြှင့်​ကြ​လိမ့်​မည်။- ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တန်​ခိုး​တော်​ကို အ​သုံး​ပြု​တော်​မူ​လျက်​အာ​ရှု​ရိ​ပြည်၊ အီ​ဂျစ် ပြည်၊ ပါ​သ​ရု​ပြည်၊ ဆူ​ဒန်​ပြည်၊ ဧ​လံ​ပြည်၊ ဗာ​ဗု​လုန်​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​ကမ်း ခြေ​ဒေ​သ​များ​နှင့်​ကျွန်း​များ​တွင် ကျန်​ရှိ နေ​သေး​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မိ​မိ​တို့​ဌာ​နေ​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​လိမ့်​မည်။- မိ​မိ​သည်​ကွဲ​လွင့်​လျက်​နေ​သော​ဣ​သ​ရေ​လ ကို​လည်း​ကောင်း၊ ပြန့်​ကျဲ​နေ​သော​ယု​ဒ​လူ​မျိုး တို့​အား ကမ္ဘာ​မြေ​ပြင်​အ​ရပ်​လေး​မျက်​နှာ​မှ ပြန်​လည်​စု​သိမ်း​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဖော်​ပြ​ရန်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ချက်​ပြ​အ​လံ​တော်​ကို​လွှင့်​ထူ တော်​မူ​လိမ့်​မည်။- ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်၊ ယု​ဒ​ပြည်​သူ တို့​အ​ပေါ်​တွင်​ငြူ​စူ​စိတ်​ရှိ​ကြ​တော့​မည် မ​ဟုတ်။ ယု​ဒ​ပြည်​သူ​တို့​သည်​လည်း​ဣ​သ​ရေ လ​ပြည်​သူ​တို့​၏​ရန်​ဘက်​ဖြစ်​ကြ​တော့​မည် မ​ဟုတ်။- ထို​ပြည်​သူ​နှစ်​ရပ်​တို့​သည်​ပူး​ပေါင်း​၍ အ​နောက်​ဘက်​ရှိ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တိုက်​ခိုက်​၍ အ​ရှေ့​ပြည်​တွင်​နေ​ထိုင် ကြ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​လု​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ဧ​ဒုံ​အ​မျိုး​သား​များ နှင့်​မော​ဘ​အ​မျိုး​သား​တို့​ကို​အ​နိုင်​ရ​၍ အမ္မုန်​အ​မျိုး​သား​တို့​အား​လည်း​မိ​မိ​တို့ ၏​သြ​ဇာ​ခံ​ဖြစ်​စေ​ကြ​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပူ​ကို​တိုက်​စေ​၍ စူး​အက်​ပင်​လယ်​ကွေ့​နှင့်​ဥ​ဖ​ရတ်​မြစ်​တို့​ကို ခန်း​ခြောက်​စေ​တော်​မူ​ပြီး​လျှင် မည်​သူ​မ​ဆို လမ်း​လျှောက်​ကျော်​ဖြတ်​နိုင်​သည့်​ချောင်း​ငယ် က​လေး​ခု​နစ်​ခု​သာ​လျှင် ကျန်​ရှိ​စေ​တော် မူ​လိမ့်​မည်။- အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​စဉ်​အ​ခါ​က​ကဲ့​သို့​ပင် အာ​ရှု​ရိ ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သူ​ကိုယ်​တော်​၏​လူ မျိုး​တော်​ထွက်​ခွာ​ရန်​အ​တွက်​လမ်း​မ​ကြီး တ​သွယ်​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​လိမ့်​မည်။

ဟေရှာယ 11:1-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှဲ​၏​အငုတ်​မှ အတက်​ထွက်လာ​မည်​။ သူ​၏​အမြစ်​မှ​အကိုင်း​သည် အသီး​သီး​လိမ့်မည်​။ ထာဝရဘုရား​၏​ဝိညာဉ်​တော်​ဖြစ်​သည့် ဉာဏ်ပညာ​နှင့်​အသိဉာဏ်​ကို ပေး​သော​ဝိညာဉ်​၊ အကြံဉာဏ်​နှင့်​အစွမ်းတန်ခိုး​ကို ပေး​သော​ဝိညာဉ်​၊ အသိပညာ​နှင့်​ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို ပေး​သော​ဝိညာဉ်​သည် သူ့​အပေါ်​တွင် ကိန်းဝပ်​တော်မူ​မည်​။ သူ​သည် ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​၌ မွေ့လျော်​၍ မိမိ​မျက်စိ​မြင်​သည့်​အတိုင်း​မ​စီရင်​၊ နား​ကြား​သည့်​အတိုင်း မ​ဆုံးဖြတ်​။ ဆင်းရဲ​သော​သူ​တို့​ကို ဖြောင့်မတ်​စွာ​တရားစီရင်​မည်​။ နိမ့်ကျ​သော​မြေကြီးသား​တို့​အတွက် တရားမျှတ​စွာ​ဆုံးဖြတ်​မည်​။ မြေကြီး​ကို သူ​၏​နှုတ်​ကြိမ်လုံး​ဖြင့် ရိုက်နှက်​၍ ဆိုးယုတ်​သော​သူ​တို့​ကို နှုတ်ထွက်​လေ​ဖြင့် ကွပ်မျက်​မည်​။ ဖြောင့်မတ်​ခြင်း​သည် သူ​၏​ခါးပန်း​၊ သစ္စာတရား​သည် သူ​၏​ခါးစည်း​ဖြစ်​လိမ့်မည်​။ ဝံပုလွေ​သည် သိုးသငယ်​နှင့်အတူ​နေထိုင်​၍ ကျားသစ်​သည် ဆိတ်သငယ်​နှင့်အတူ​လဲလျောင်း​လိမ့်မည်​။ နွားသငယ်​၊ ခြင်္သေ့ပျို​နှင့် ဆူဖြိုး​သော​တိရစ္ဆာန်​တို့​သည် အတူ​နေ​ကြ​၍ ကလေး​သူငယ်​သည် ထို​အကောင်​တို့​ကို ထိန်းကျောင်း​လိမ့်မည်​။ နွားမ​နှင့်​ဝက်ဝံမ​သည် အတူတူ​အစာ​စား​ကြ​၍ သူ​တို့​၏​သားငယ်​များ​သည် အတူတူ​လဲလျောင်း​ကြ​လိမ့်မည်​။ ခြင်္သေ့​သည် နွား​ကဲ့သို့ ကောက်ရိုး​ကို စား​လိမ့်မည်​။ နို့စို့ကလေးငယ်​သည် မြွေဟောက်​တွင်း​ပေါ်၌ ကစား​လိမ့်မည်​။ နို့ပြတ်​သော​ကလေးငယ်​သည်​လည်း မြွေပွေး​တွင်း​ထဲသို့ လက်​ကို​ထည့်​လိမ့်မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​တစ်တောင်လုံး​ကို ထိခိုက်​ဖျက်ဆီး​ကြ​မည်​မ​ဟုတ်​။ အကြောင်းမူကား ပင်လယ်​သည် ရေ​များ​နှင့်​ပြည့်လျှံ​နေ​သကဲ့သို့ ကမ္ဘာမြေကြီး​သည် ထာဝရဘုရား​ကို သိကျွမ်း​ခြင်း​နှင့်​ပြည့်​လိမ့်မည်​။ ထို​နေ့ရက်​၌ ယေရှဲ​၏​အမြစ်​သည် လူ​တို့​အတွက် အောင်လံ​သဖွယ်​ရပ်တည်​လိမ့်မည်​။ လူမျိုး​တို့​သည် သူ့​ကို မေးမြန်း​စူးစမ်း​ကြ​လိမ့်မည်​။ ကိန်းဝပ်​တော်မူ​ရာ​အရပ်​သည် ဘုန်းအသရေ​ရှိ​လိမ့်မည်​။ ထို​နေ့ရက်​၌ ဘုရားရှင်​သည် အဆီးရီးယား​ပြည်​၊ အီဂျစ်​ပြည်​၊ ပါသရု​ပြည်​၊ အီသီယိုးပီးယား​ပြည်​၊ ဧလံ​ပြည်​၊ ရှိနာ​ပြည်​၊ ဟာမတ်​ပြည်​နှင့် ပင်လယ်​ကမ်းရိုးတန်းဒေသ​တို့​မှ ကြွင်းကျန်​နေ​သော မိမိ​၏​လူမျိုး​တော်​တို့​ကို ပြန်သိမ်းယူ​ရန် ဒုတိယအကြိမ် လက်​ကို​ဆန့်​တော်မူ​မည်​။ လူမျိုး​အပေါင်း​တို့​အတွက် အချက်ပြအလံ​လွှင့်ထူ​တော်မူ​မည်​။ နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်​စုဝေး​စေ​တော်မူ​မည်​။ ကွဲလွင့်​နေ​သော​ယုဒ​အမျိုး​တို့​ကို မြေကြီး​အရပ်​လေး​မျက်နှာ​မှ ခေါ်ယူစုစည်း​တော်မူ​မည်​။ ဧဖရိမ်​အမျိုး​၏​မနာလိုဝန်တိုစိတ်​သည် ပျောက်သွား​မည်​။ ယုဒ​အမျိုး​အား ရန်ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံရ​မည်​။ ဧဖရိမ်​အမျိုး​သည် ယုဒ​အမျိုး​ကို မနာလို​မ​ဖြစ်​။ ယုဒ​အမျိုး​သည်​လည်း ဧဖရိမ်​အမျိုး​ကို ရန်​မ​ပြု​။ သူ​တို့​သည် အနောက်​အရပ်​ရှိ​ဖိလိတ္တိ​လူမျိုး​တို့​ကို အနောက်​မှ​တိုက်ခိုက်​လိမ့်မည်​။ အရှေ့​ပြည်သား​တို့​ကို​လည်း အတူတကွ လုယူ​လိမ့်မည်​။ မိမိ​တို့​လက်​ကို ဧဒုံ​ပြည်​၊ မောဘ​ပြည်​ပေါ်သို့ ရောက်​စေ​လိမ့်မည်​။ အမ္မုန်​အမျိုးသား​တို့​သည် သူ​တို့​၏​လက်အောက်ခံ​ဖြစ်​ရ​လိမ့်မည်​။ ထာဝရဘုရား​သည် အီဂျစ်​ပင်လယ်​ကွေ့​ကို အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်​။ ယူဖရေးတီး​မြစ်​အပေါ်​ကို​လည်း ပြင်းထန်​သော​လေ​နှင့်အတူ လက်​တော်​ကို​ဝှေ့ယမ်း​တော်မူ​၍ ထို​မြစ်​ကို ချောင်း​ခုနစ်​သွယ်​ဖြစ်​အောင်​ရိုက်​တော်မူ​သဖြင့် လူ​တို့​သည် ဖိနပ်​စီး​လျက် ဖြတ်သွား​ကြ​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​၌ သူ​တို့​အတွက် လမ်းမကြီး​ဖြစ်​ခဲ့​သကဲ့သို့ အဆီးရီးယား​ပြည်​မှ အသက်ရှင်​ကျန်ရစ်​သော​လူမျိုး​တော်​အတွက် လမ်းမကြီး​ဖြစ်​လိမ့်မည်​။