ဟေဗြဲ 7:11-28
ဟေဗြဲ 7:11-28 Judson Bible (JBMLE)
တစ်နည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြားသော ယဇ်ပုရောဟိတ်သည်၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။- ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။- ထိုဗျာဒိတ်တော်ကို ခံရသောသူသည်၊ ယဇ်ပလ္လင်ဝတ်ကို တစ်ယောက်မျှမပြုရသောအမျိုးနှင့် စပ်ဆိုင်ပေ၏။- အကြောင်းမူကား၊ ငါတို့သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်ဟု မောရှေသည် တစ်ခွန်းကိုမျှမပြော။ ထိုမှတစ်ပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ထင်ရှား၏။- ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည် မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း။- အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံတော်မူသတည်း။ ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည်ဖြစ်၍၊- ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မျှော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမျှော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။- ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို ရကြ၏။- ယေရှုမူကား၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို မရ၊ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊- သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။- ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည်ဖြစ်၍ အများရှိရကြ၏။- ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။- ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။- အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်လည်းကောင်း၊ လူများအပြစ်ကြောင့်လည်းကောင်း၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်း မရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကို တစ်ခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးစေတော်မူပြီ။- ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲ စုံလင်ခြင်းသို့ရောက်သော သားတော်ကို ခန့်ထားသတည်း။
ဟေဗြဲ 7:11-28 Common Language Bible (BCL)
ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။- အဘယ်ကြောင့်ဆိုသော်ယဇ်ပုရောဟိတ်မျိုးရိုး ကိုပြောင်းလဲလိုက်သောအခါ တရားကိုလည်း ပြောင်းလဲရန်လိုအပ်၍လာသောကြောင့်ဖြစ် သည်။- ဤအကြောင်းအရာများက ဖော်ပြနေသည့် ငါတို့၏သခင်ဘုရားကား လေဝိအနွယ်ဝင် မဟုတ်။ အခြားတစ်ပါးသောအမျိုးအနွယ် မှဆင်းသက်တော်မူသောသူဖြစ်ပေသည်။ ထို အမျိုးအနွယ်ဝင်တစ်ယောက်မျှယဇ်ပုရော ဟိတ်အဖြစ်မဆောင်ရွက်ခဲ့။- ကိုယ်တော်သည်ယုဒအမျိုးအနွယ်မှဆင်းသက် တော်မူသည်မှာသိသာထင်ရှား၏။ ယဇ်ပုရော ဟိတ်အရာသည် ယုဒအမျိုးအနွယ်နှင့်ပတ် သက်ကြောင်းကိုမောရှေသည်တစ်ခွန်းမျှမပြော ပေ။ မေလခိဇေဒက်နှင့်တူသောယဇ်ပုရောဟိတ် တစ်ပါးပေါ်ထွန်းလာသဖြင့် ယဇ်ပုရောဟိတ် မျိုးရိုးပြောင်းလဲသည်ဟုပိုမိုထင်ရှားလာ၏။- ထိုသူသည်ယဇ်ပုရောဟိတ်အရိုက်အရာကို လူတို့ချမှတ်ထားသည့်စည်းမျဉ်းဥပဒေများ အရခံယူရရှိထားသည်မဟုတ်။ အဘယ် အခါ၌မျှ မကုန်မဆုံးနိုင်သည့်အသက်၏ တန်ခိုးအာနုဘော်အရခံယူရရှိထားခြင်း ဖြစ်၏။- အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``သင် သည်မေလခိဇေဒက်၏အရိုက်အရာကိုဆက် ခံသူထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟုဖော်ပြသောကြောင့်တည်း။- ယခင်ပညတ်ဟောင်းသည်အားနည်း၍အကျိုး ကိုမပေးနိုင်သောကြောင့်ပယ်ရှားခြင်းကိုခံရ၏။- မောရှေ၏ပညတ်တရားသည်အဘယ်အရာ ကိုမျှပြီးပြည့်စုံလင်အောင်မပြုနိုင်။ ယခု အခါ၌ငါတို့သည်ထိုပညတ်တရားထက် ပိုမိုကောင်းမြတ်သည့်မျှော်လင့်ချက်ကိုရရှိ ကြပြီဖြစ်ရာ ထိုမျှော်လင့်ချက်အားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။ ထိုမှတစ်ပါးလည်းဘုရားသခင်ကျိန်ဆိုတော် မူချက်ရှိ၏။ ကိုယ်တော်သည်လေဝိအနွယ်ဝင် တို့အား ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားတော်မူ သောအခါ၌ကျိန်ဆိုတော်မူချက်မပါရှိချေ။- သို့ရာတွင်သခင်ယေရှုအားယဇ်ပုရောဟိတ် အဖြစ် ခန့်ထားတော်မူသောအခါ၌မူကား `` `သင်သည်ထာဝရယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မည်' ဟု ထာဝရဘုရားကျိန်ဆိုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏စိတ်ကိုပြောင်းလဲ တော်မူလိမ့်မည်မဟုတ်'' ဟူ၍ကိုယ်တော်အားမိန့်မြွက်တော်မူ၏။- ဤသို့ခန့်ထားပုံကွာခြားမှုကြောင့်သခင် ယေရှုသည် ပိုမိုကောင်းမြတ်သည့်ပဋိညာဉ် တရားတော်၏အာမခံဖြစ်တော်မူ၏။ ထို့ပြင်အခြားကွာခြားမှုရှိသေး၏။ ယဇ် ပုရောဟိတ်တို့သည်သေရသောကြောင့် သူတို့ သည်အရေအတွက်များကြ၏။- သို့ရာတွင်သခင်ယေရှုမူကားနိစ္စထာဝရ အသက်ရှင်တော်မူသဖြင့် သူ၏ယဇ်ပုရော ဟိတ်ရာထူးသည်လည်းအခြားလက်သို့ မကူးပြောင်းနိုင်တော့ပေ။- သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။ သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။- ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။- မောရှေ၏ပညတ်တရားသည်အားနည်း၍မစုံ လင်သောလူသားတို့ကို ယဇ်ပုရောဟိတ်မင်း များအဖြစ်ခန့်ထားလေသည်။ သို့ရာတွင် ပညတ်တရားပေါ်ပေါက်ပြီးသည့်နောက်ပိုင်း ထာဝရကာလပတ်လုံးစုံလင်တော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုတော်မူချက်ဖြင့်ခန့်ထားတော်မူ၏။
ဟေဗြဲ 7:11-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လူတို့သည် လေဝိအနွယ်နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်အရိုက်အရာအပေါ်တွင် အခြေခံပြီး ပညတ်တရားကိုရရှိကြသည်ဖြစ်၍ ၎င်းအားဖြင့် စုံလင်ခြင်းသို့ရောက်ခဲ့လျှင် အာရုန်နှင့်အလားတူမဟုတ်ဘဲ မေလခိဇေဒက်နှင့်အလားတူသည့် အခြားသောယဇ်ပုရောဟိတ်ပေါ်ထွန်းရန် အဘယ်ကြောင့်လိုအပ်သေးသနည်း။ ယဇ်ပုရောဟိတ်အရိုက်အရာ၌ ပြောင်းလဲခြင်းရှိလျှင် ပညတ်တရား၌လည်း ပြောင်းလဲခြင်းရှိရန်လိုအပ်၏။ အကြောင်းမူကား အထက်ပါအကြောင်းအရာများက ရည်ညွှန်းထားသောအရှင်သည် ယဇ်ပလ္လင်အမှုကိုမဆောင်ရွက်ဖူးသောအခြားမျိုးနွယ်စုနှင့်စပ်ဆိုင်၏။ ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။ ထို့ပြင် မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်းသည်ဆိုလျှင် ဤအကြောင်းအရာသည် ပို၍သိသာထင်ရှား၏။ ထိုအရှင်သည် သွေးသားဇာတိနှင့်ဆိုင်သောညွှန်ကြားချက်ဖြစ်သည့် ပညတ်တရားအားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောအသက်နှင့်ဆိုင်သည့်တန်ခိုးတော်အားဖြင့် ထာဝရယဇ်ပုရောဟိတ်ဖြစ်လာ၏။ အကြောင်းမူကား “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု သက်သေခံထား၏။ ယခင်ပညတ်ချက်သည် အားနည်း၍ အကျိုးမပေးနိုင်သောကြောင့် ပယ်ဖျက်ခြင်းခံရ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ မစုံလင်စေခဲ့ချေ။ သို့သော် ယခုအခါ သာ၍မြတ်သောမျှော်လင့်ခြင်းရောက်ရှိလာသဖြင့် ငါတို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။ ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။ ကိုယ်တော်မူကား “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်”ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။ ဤသို့ဖြင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏အာမခံဖြစ်တော်မူ၏။ အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။ ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။ ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။ အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။ ပညတ်တရားသည် အားနည်းသောလူသားတို့ကို ယဇ်ပုရောဟိတ်မင်းအရာ၌ခန့်ထား၏။ သို့သော် ပညတ်တရားနောက်၌လာသော ကတိသစ္စာစကားသည် ကာလအစဉ်အဆက်ပြည့်စုံတော်မူသောသားတော်ကို ခန့်ထား၏။