ဟေဗြဲ 4:1-16
ဟေဗြဲ 4:1-16 Judson Bible (JBMLE)
ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ကတိတော်သည် ငါတို့၌ရှိရစ်လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။- ငါတို့သည် ဝမ်းမြောက်စရာသတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသော တရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။- ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု လာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်တော်မူရာ ချမ်းသာဟု ဆိုလိုသတည်း။- ခုနစ်ရက်မြောက်သောနေ့ကို အကြောင်းပြု၍ ကျမ်းစာတစ်ချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာအလုံး စုံတို့ကို ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏ဟု လာသတည်း။- ထိုကျမ်းစာ၌ တစ်ဖန် လာသည်ကား၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟုလာသတည်း။- ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာ သတင်းကို ရှေ့ဦးစွာ ကြားရသော သူတို့သည် မယုံကြည်သောကြောင့် မဝင်ရကြပြီ။ တစ်ဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ဆိုသည်ဖြစ်၍၊ ဤမျှလောက် ကာလကြာပြီးမှ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခုသော နေ့ရက်ကို သေချာစွာမှတ်သားသတည်း။- ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည် မှန်လျှင်၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ်ဆိုဖွယ်ရှိသနည်း။- ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဖို့ အလိုငှာ ငြိမ်ဝပ်ခြင်း ချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။- ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။ ထိုကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ ဝင်ရမည်အကြောင်း ကြိုးစားအားထုတ်ကြကုန်အံ့။- ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။- ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသော အရာတစ်စုံတစ်ခုမျှမရှိ၊ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊- ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။- ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။
ဟေဗြဲ 4:1-16 Common Language Bible (BCL)
ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။- ငါတို့သည်ရှေးခေတ်လူတို့နည်းတူသတင်း ကောင်းကိုကြားကြရ၏။ သို့ရာတွင်ထိုသူ တို့ကြားရသည့်သတင်းကောင်းသည် သူတို့ အတွက်အကျိုးမရှိချေ။ အဘယ်ကြောင့် ဆိုသော် သူတို့သည်သတင်းကောင်းကိုကြား ရသော်လည်း ယုံကြည်ခြင်းဖြင့်လက်မခံ ကြသောကြောင့်ဖြစ်၏။- သို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။ ``ငါသည်အမျက်ထွက်၍ကျိန်ဆိုလျက် ထိုသူတို့အား ငြိမ်ဝပ်ရာချမ်းသာရရှိရန်ပြည်တော်သို့ ဝင်ခွင့်ကို အဘယ်အခါ၌မျှပေးလိမ့်မည်မဟုတ်'' ဟုဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ပင်ဖြစ်၏။ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍ ကိုယ်တော်သည်မိမိလုပ်ဆောင်ရန်အမှု ကိစ္စများပြီးဆုံးသွားသော်လည်းဤစကား ကိုမိန့်တော်မူပေသည်။- ကျမ်းစာတော်တွင်ခုနစ်ရက်မြောက်သော နေ့နှင့်ပတ်သက်၍``ဘုရားသခင်သည်သတ္တမ နေ့၌ မိမိပြုစရာရှိသမျှသောအမှုကိစ္စ များပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူ၏။'' ဟု ဖော်ပြပါရှိ၏။- တစ်ဖန်ဤအကြောင်းအရာနှင့်ပတ်သက် ၍``ထိုသူတို့သည်ငြိမ်ဝပ်ရာချမ်းသာရရှိ ရန် ပြည်တော်သို့အဘယ်အခါ၌မျှဝင် ကြရလိမ့်မည်မဟုတ်'' ဟုဆို၏။- သတင်းကောင်းကိုဦးစွာပထမကြားရ သူတို့သည် ထိုသတင်းကောင်းကိုမယုံကြည် သဖြင့် ငြိမ်ဝပ်ရာချမ်းသာခံစားခွင့်မရ ကြ။ သို့ဖြစ်၍ထိုငြိမ်ဝပ်ရာချမ်းသာကို အခြားသူတို့ရရှိကြပေသည်။- ယင်းသို့ရရှိကြကြောင်းကို``ယနေ့'' ဟု နာမည်တွင်သောနေ့ရက်တစ်ရက်ကို ဘုရား သခင်သတ်မှတ်ပေးတော်မူသည့်အချက်က သက်သေပြ၏။ ကိုယ်တော်သည်ကျမ်းစာတော် တွင်ဖော်ပြပြီးသည့်အတိုင်း နှစ်ပေါင်းများ စွာကြာသောအခါဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုအကြောင်းပြု၍ ``သင်တို့သည်ဘုရားသခင်၏အသံတော်ကို ယနေ့ကြားရလျှင်ခေါင်းမမာကြနှင့်'' ဟုမိန့်တော်မူသည်။ အကယ်၍ယောရှုပေးသည့်ငြိမ်ဝပ်ရာချမ်း သာမှာ ဘုရားသခင်ကတိထားတော်မူသည့် ငြိမ်ဝပ်ရာချမ်းသာဖြစ်ပါမူ ဘုရားသခင် သည်အခြားနေ့ရက်တစ်ရက်အကြောင်းကို မိန့်ကြားတော်မူမည်မဟုတ်။- သို့ဖြစ်၍သတ္တမနေ့၌ဘုရားသခင်ငြိမ် ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ လူစုတော်အတွက်ငြိမ်ဝပ်စွာနေရန်နေ့ ရက်တစ်ရက်ရှိသေး၏။- အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကတိ ထားတော်မူသောငြိမ်ဝပ်ရာချမ်းသာကိုရရှိ သူသည် ဘုရားသခင်နည်းတူမိမိအလုပ်မှ ငြိမ်ဝပ်စွာနေမည်ဖြစ်သောကြောင့်တည်း။- သို့ဖြစ်၍မယုံကြည်သဖြင့်ငြိမ်ဝပ်ရာချမ်း သာကိုမရရှိသောသူတို့ကဲ့သို့ မည်သူမျှ မဖြစ်စေဘဲငြိမ်ဝပ်ရာချမ်းသာကိုရရှိ နိုင်ရန်ငါတို့သည်အစွမ်းကုန်ကြိုးစား ကြစို့။ ဘုရားသခင်၏နှုတ်ကပတ်တော်သည်သက်ရှင် လှုပ်ရှား၍ သန်လျက်တကာတို့ထက်ထက်မြက် ၏။ အသက်နှင့်ဝိညာဉ်တွေ့ဆုံရာအထိလည်း ကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီတွေ့ရာအထိ လည်းကောင်းထုတ်ချင်းခွင်းတတ်၏။ လူ၏စိတ် နှလုံးအကြံအစည်နှင့်လိုအင်ဆန္ဒများ ကိုစစ်ဆေးတတ်၏။- ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။ သို့ဖြစ်၍ငါတို့သည်မိမိတို့၏ဘာသာတရား ကိုစွဲမြဲစွာဆုပ်ကိုင်ထားကြကုန်အံ့။ အဘယ် ကြောင့်ဆိုသော်ငါတို့၌ဘုရားသခင်၏သား တော်သခင်ယေရှုတည်းဟူသော ကြီးမြတ်သည့် ယဇ်ပုရောဟိတ်မင်းရှိတော်မူသောကြောင့် ဖြစ်၏။ ထိုအရှင်သည်ဘုရားသခင်ရှေ့ တော်မှောက်သို့ကြွဝင်တော်မူသည်။- ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။- သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။
ဟေဗြဲ 4:1-16 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် ဘုရားသခင်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရမည့်ကတိတော်ရှိနေသေးလျက်နှင့် သင်တို့ထဲမှ မဝင်လိုက်ရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိထားကြကုန်စို့။ အကြောင်းမူကား ငါတို့သည်လည်း ကောင်းမြတ်သောသတင်းကို ထိုသူတို့နည်းတူ ကြားရကြပြီ။ သို့သော် သူတို့ကြားရသောနှုတ်ကပတ်တော်သည် သူတို့၌ ယုံကြည်ခြင်းနှင့်မပေါင်းစပ်သောကြောင့် သူတို့အတွက် အကျိုးမရှိခဲ့ချေ။ ယုံကြည်သောငါတို့မူကား ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြ၏။ ဤသည်ကား “အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့ရာတွင် အမှုတော်များသည် ကမ္ဘာတည်ကတည်းက ပြီးမြောက်ပြီဖြစ်၏။ အကြောင်းမူကား သတ္တမနေ့နှင့်ပတ်သက်၍ “သတ္တမနေ့တွင် ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုရှိသမျှတို့ကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူ၏”ဟု ကျမ်းတစ်နေရာ၌ဆိုထား၏။ တစ်ဖန် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု ထိုနေရာ၌ဆိုထား၏။ သို့ဖြစ်၍ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ဝင်ရသောအခွင့်သည် အချို့သောသူတို့အတွက်ရှိသေး၏။ ကောင်းမြတ်သောသတင်းကို ရှေးဦးစွာကြားရသောသူတို့သည် မနာခံမှုကြောင့် မဝင်ခဲ့ရကြချေ။ ထို့ကြောင့် ဘုရားသခင်သည် နေ့တစ်နေ့ကို “ယနေ့”ဟူ၍ တစ်ဖန် ချမှတ်တော်မူပြီး နောင်နှစ်ပေါင်းများစွာကြာသောအခါ အထက်ကဖော်ပြခဲ့သည့်အတိုင်း “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”ဟု ဒါဝိဒ်အားဖြင့် မိန့်တော်မူ၏။ အကယ်၍ ယောရှုသည် သူတို့အား ငြိမ်ဝပ်ချမ်းသာခြင်းကိုပေးခဲ့သည်မှန်လျှင် နောက်မှ အခြားနေ့ရက်အကြောင်းကို ဘုရားသခင်မြွက်ဆိုတော်မူမည်မဟုတ်။ သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေရ၏။ ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။ ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။ ထို့ကြောင့် ကောင်းကင်တို့ကိုဖြတ်၍ကြွတော်မူသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်းတည်းဟူသော ဘုရားသခင်၏သားတော်ယေရှုသည် ငါတို့၌ရှိတော်မူသည်ဖြစ်၍ ငါတို့ယုံကြည်ဝန်ခံသောအရာကို စွဲကိုင်ထားကြကုန်စို့။ အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။ ထို့ကြောင့် ငါတို့သည် ကရုဏာတော်နှင့်ကျေးဇူးတော်တို့ကိုခံစားရလျက် သင့်လျော်သောအချိန်၌ ကူညီမစမှုကိုရရှိမည့်အကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။