ဟေဗြဲ 11:1-10
ဟေဗြဲ 11:1-10 Judson Bible (JBMLE)
ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။- ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။- ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။- အာဗေလသည်၊ ကာဣနပူဇော်သောယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သောယဇ်ကို ပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရားဟောသေး၏။- ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တစ်ဖန် မပေါ်မရှိ။ သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။- ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း၊ ယုံကြည်ရမည်။- နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဖော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။ အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။- သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ကတိတော်နှင့် စပ်ဆိုင်သောပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုကတိတော်ကို အမွေခံရသော အဖော်အဖက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။- အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မျှော်လင့်သတည်း။
ဟေဗြဲ 11:1-10 Common Language Bible (BCL)
ယုံကြည်ခြင်းဆိုသည်မှာမျှော်လင့်သည့် အရာများကိုစိတ်ချခြင်း၊ မမြင်နိုင်သော အရာများကိုသေချာခြင်းဖြစ်၏။- ယုံကြည်ခြင်းကြောင့်ရှေးခေတ်လူတို့သည် ဘုရားသခင်၏ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။ မမြင်နိုင်သောအရာထဲမှမြင်ရသောအရာ ဖြစ်ပေါ်လာစေရန်ဘုရားသခင်သည်အမိန့် တော်အားဖြင့် စကြဝဠာကိုဖန်ဆင်းတော်မူ ကြောင်းကိုငါတို့သိကြရသည်မှာယုံကြည် ခြင်းကြောင့်ဖြစ်၏။ အာဗေလသည်ကာဣနပူဇော်သောယဇ် ထက်ပို၍မြတ်သည့်ယဇ်ကို ဘုရားသခင် အားပူဇော်သည်မှာယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူ၏ယုံကြည်ခြင်းကိုထောက်၍ ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ပူဇော်သကာများကိုနှစ် သက်တော်မူသောကြောင့်ဖြစ်၏။ အာဗေလ သည်သေလွန်သော်လည်း မိမိ၏ယုံကြည် ခြင်းအားဖြင့်ယခုပင်ဟောပြောသေး၏။ ဧနောက်သည်အရှင်လတ်လတ်ကောင်းကင်ဘုံ သို့ယူဆောင်ခြင်းကိုခံရသည်မှာ သူ၏ ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ဘုရားသခင် သည်သူ့ကိုယူဆောင်သွားတော်မူသဖြင့် သူ့အားမည်သူမျှရှာ၍မတွေ့နိုင်။ ဘုရား သခင်ယူဆောင်တော်မူခြင်းကိုမခံရမီ အခါက ဧနောက်သည်ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူဖြစ်သည်ဟူ၍ ကျမ်း စာတော်ကဖော်ပြထား၏။- ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။ ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။ အာဗြဟံသည်ဘုရားသခင်ခေါ်တော်မူ သောအခါ ကိုယ်တော်၏စကားကိုနားထောင်၍ မိမိအားကတိထားတော်မူသောပြည်သို့ ယုံကြည်ခြင်းအားဖြင့်ထွက်ခွာသွား၏။ သူ သည်အဘယ်အရပ်သို့သွားရမည်ကို မသိဘဲ မိမိ၏ရပ်ရွာကိုစွန့်ခဲ့ပေသည်။- ဘုရားသခင်ကတိထားတော်မူသောပြည် ၌ သူသည်တစ်ကျွန်းတစ်နိုင်ငံသားအဖြစ် ယုံကြည်ခြင်းအားဖြင့်နေထိုင်ခဲ့၏။ သူသည် မိမိနည်းတူကတိတော်ကိုခံစားရသူ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့တဲရှင်ထိုး၍ နေလေသည်။- အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် ဘုရားသခင်စီမံတည်ဆောက်တော်မူ သောခိုင်ခန့်သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်စောင့်စားလျက်နေသောကြောင့် တည်း။
ဟေဗြဲ 11:1-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်ထားသောအရာများအပေါ်စိတ်ချမှုရှိခြင်း၊ မမြင်ရသောအရာတို့အမှန်တကယ်ရှိသည်ဟုမှတ်ယူခြင်းဖြစ်၏။ ရှေးလူကြီးတို့သည် ဤယုံကြည်ခြင်းကြောင့် ချီးကျူးခံရကြ၏။ ဤလောကဓာတ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းတော်မူသည်ဖြစ်၍ ယခုမြင်ရသောအရာသည် ထင်ရှားလျက်ရှိသောအရာများမှဖြစ်လာသည်မဟုတ်ကြောင်း ယုံကြည်ခြင်းအားဖြင့် ငါတို့သိရကြ၏။ ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် မြတ်သောယဇ်ကို ဘုရားသခင်အားပူဇော်ခဲ့ပြီး ထိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူအဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အကြောင်းမူကား ဘုရားသခင်သည် သူ၏ပူဇော်သက္ကာများကို အသိအမှတ်ပြုတော်မူ၏။ သူသည် သေလွန်သော်လည်း ထိုယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောနေသေး၏။ ယုံကြည်ခြင်းအားဖြင့် ဧနောက်သည် သေခြင်းနှင့်မကြုံတွေ့ရဘဲ ဘဝပြောင်းခွင့်ရ၏။ ဘုရားသခင်သည် သူ့အားဘဝပြောင်းစေတော်မူသောကြောင့် သူ့ကိုမတွေ့ရကြတော့ချေ။ သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်ကြောင်း အသိအမှတ်ပြုခြင်းကိုခံရ၏။ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကိုရှာသောသူတို့အား အကျိုးပေးတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း ယုံကြည်ရမည်။ နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။ အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။ သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။ အကြောင်းမူကား သူသည် ဘုရားသခင်ရေးဆွဲစီမံ၍ တည်ဆောက်တော်မူသော ခိုင်ခံ့သည့်အုတ်မြစ်ရှိသောမြို့ကို မျှော်လင့်နေ၏။