YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 50:1-11

ကမ္ဘာဦး 50:1-11 Judson Bible (JBMLE)

ထို​အ​ခါ​ယော​သပ်​သည် အ​ဘ၏​မျက်​နှာ​ပေါ်​မှာ​ငုံ့၍၊ ငို​လျက်​နမ်း​လျက်​နေ၏။ အ​ဘ၏​အ​လောင်း​ကို နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​စေ​ခြင်း​ငှာ၊ မိ​မိ​ကျွန်​ဆေး​သ​မား​တို့​ကို အ​မိန့်​ရှိ၍၊ သူ​တို့​သည်​နံ့​သာ​မျိုး​နှင့် ပြင်​ဆင်​ကြ၏။ နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​သော​အ​လောင်း​ကို၊ ထုံး​စံ​ရှိ​သည်​အ​တိုင်း​ထား၍၊ အ​ရက်​လေး​ဆယ်​လွန်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့​သည်​ယာ​ကုပ်​ကြောင့်၊ အ​ရက်​ခု​နစ်​ဆယ် ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​ပြု​ကြ၏။ ငို​ကြွေး​မြည်​တမ်း​သော​နေ့​ရက်​လွန်​သော​အ​ခါ၊ ယော​သပ်​သည် နန်း​တော်​သား အ​ချို့​တို့​ကို​ခေါ်၍၊ သင်​တို့​သည်​ကျွန်ုပ်​ကို​စေ​တ​နာ​စိတ်​ရှိ​လျှင်၊ ဖာ​ရော​ဘု​ရင် ထံ​တော်​သို့​သွား၍၊ ကျွန်​တော်​အ​ဘ​က၊ ငါ​သေ​တော့​မည်။ ခါ​နာန်​ပြည်၌ ကိုယ်​ဖို့​ငါ​တူး​ဖူး​သော သင်္ချိုင်း​တွင်း၌၊ ငါ့​ကို​သင်္ဂြိုဟ်​ရ​မည်​ဟူ၍ ကျွန်​တော်​ကို​ကျိန်​ဆို​စေ​ပါ​ပြီ။ ထို​ကြောင့် ကျွန်​တော်​သွား၍၊ အ​ဘ​ကို​သင်္ဂြိုဟ်​ပြီး​မှ ပြန်​လာ​ပါ​မည်​အ​ကြောင်း​ကို အ​သ​နား​တော်​ခံ​ပါ​သည်​ဟု နား​တော်​လျှောက်​ကြ​ပါ​လော့​ဟု​ဆို၏။ ဖာ​ရော​မင်း​က​လည်း၊ သင်၏​အ​ဘ​ကျိန်​ဆို​စေ​သည်​အ​တိုင်း​သွား၍၊ သင်္ဂြိုဟ်​လော့​ဟု​မိန့်​တော်​မူ၏။ ယော​သပ်​သည် အ​ဘ​ကို​သင်္ဂြိုဟ်​ခြင်း​ငှာ​ထွက်​သွား၍၊ ဖာ​ရော​မင်း၏ ကျွန်​များ​တည်း​ဟူ​သော နန်း​တော်​အ​ရာ​ရှိ၊ အဲ​ဂု​တ္တု​ပြည်​အ​ရာ​ရှိ​အ​ပေါင်း​တို့​နှင့်၊ ယော​သပ်​အိမ်​သား၊ အစ်​ကို​တို့​အိမ်​သား၊ အ​ဘ​အိမ်​သား​ရှိ​သ​မျှ တို့​သည်​လိုက်​ကြ၏။ သူ​ငယ်​တို့​နှင့်​သိုး​နွား​များ​ကို​သာ၊ ဂေါ​ရှင်​ပြည်၌ ကျန်​ရစ်​စေ​ကြ၏။ ထို​သို့​လျှင်​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တည်း​ဟူ​သော အ​လွန်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​သည် ယော​သပ်​နှင့်​တ​ကွ​လိုက်​သွား​ကြ၏။ ယော်​ဒန်​မြစ်​နား​မှာ အာ​တဒ်​ကောက်​နယ်​တ​လင်း​သို့​ရောက်​သော​အ​ခါ၊ အ​လွန်​ကြီး​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ​ပြန်၏။ ယော​သပ်​သည် မိ​မိ​အ​ဘ​ကြောင့် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​ပြု​လေ၏။ ထို​သို့ အာ​တဒ်​ကောက်​နယ်​တ​လင်း၌​ပြု​သော ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို၊ ထို​ပြည်​သား​ခါ​နာန်​လူ​တို့​သည်​မြင်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပြင်း​စွာ​ငို​ကြွေး​မြည်​တမ်း​ပါ​သည်​တ​ကား​ဟု ဆို​ကြ၏။ ထို​ကြောင့် ယော်​ဒန်​မြစ်​နား​မှာ​ရှိ​သော​ထို​အ​ရပ်​ကို၊ အ​ဗေ​လ​မိ​ဇ​ရိမ်​ဟူ၍​သ​မုတ်​ကြ​သ​တည်း။

ကမ္ဘာဦး 50:1-11 Common Language Bible (BCL)

ယော​သပ်​သည်​သူ​၏​အ​ဖ​ကိုယ်​ပေါ်​သို့​လှဲ​ချ ပြီး​လျှင် ပါး​ကို​နမ်း​လျက်​ငို​ကြွေး​လေ​၏။- ထို​နောက်​ဆေး​သ​မား​တို့​အား​အ​ဖ​၏ အ​လောင်း​ကို ဆေး​စိမ်​ရန်​အ​မိန့်​ပေး​လေ​သည်။- ဆေး​သ​မား​တို့​သည်​ထုံး​စံ​ရှိ​သည့်​အ​တိုင်း အ​လောင်း​ကို​အ​ရက်​လေး​ဆယ်​ကြာ​အောင်​ဆေး စိမ်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယာ​ကုပ် အ​တွက် ရက်​ပေါင်း​ခု​နစ်​ဆယ်​ကြာ​မျှ​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ရက်​များ ကုန်​ဆုံး​သော အ​ခါ​ယော​သပ်​က​ဖာ​ရော​ဘု​ရင်​၏​အ​မှု​ထမ်း တို့​အား၊ ဖာ​ရော​ဘု​ရင်​နား​တော်​သို့​ဤ​သို့​လျှောက် ကြ​ပါ​လော့။- ``ကျွန်​တော်​၏​အ​ဖ​သေ​အံ့​ဆဲ​ဆဲ​တွင်​သူ့​အား ခါ​နာန်​ပြည်​ရှိ​သူ​ဝယ်​ထား​သော​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​ဟု ကျွန်​တော်​အား​ကတိ​သစ္စာ​ပြု စေ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖ​၏​အ​လောင်း​ကို သင်္ဂြိုဟ်​ရန် ခါ​နာန်​ပြည်​သို့​သွား​၍​အ​လောင်း ကို​သင်္ဂြိုဟ်​ပြီး​လျှင်​အီ​ဂျစ်​ပြည်​သို့​ပြန်​လာ ပါ​မည်''ဟု​ဆို​လေ​၏။ ယော​သပ်​မှာ​ကြား​သည့်​အ​တိုင်း​အ​မှု​ထမ်း တို့​က ဘု​ရင်​အား​တင်​လျှောက်​ကြ​သော​အ​ခါ ဘု​ရင်​က``သင်​၏​အ​ဖ​အား​က​တိ​သစ္စာ​ပြု ထား​သည့်​အ​တိုင်း သွား​၍​အ​ဖ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ပါ​လော့'' ဟု​အ​ခွင့်​ပေး​လိုက်​လေ​၏။ သို့​ဖြစ်​၍​ယော​သပ်​သည် သူ​၏​အဖ​ကို​သင်္ဂြိုဟ် ခြင်း​ငှာ​သွား​လေ​၏။ ဖာ​ရော​ဘု​ရင်​၏​အ​ရာ ရှိ​များ၊ နန်း​တော်​မှ​အ​ကြီး​အ​ကဲ​များ​နှင့် အီ​ဂျစ်​ပြည်​မှ​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယော​သပ်​နှင့်​အ​တူ​လိုက်​ပါ​ပို့​ဆောင်​ကြ​၏။- ယော​သပ်​၏​မိ​သား​စု၊ သူ​၏​ညီ​အစ်​ကို​များ နှင့်​သူ​၏​ဆွေ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​သည် လည်း သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​ခဲ့​ကြ​၏။ သူ တို့​၏​က​လေး​ငယ်​များ၊ သိုး၊ ဆိတ်​နှင့်​နွား အုပ်​များ​သာ​လျှင်​ဂေါ​ရှင်​အ​ရပ်​တွင်​ကျန် ရစ်​ခဲ့​ကြ​၏။- ရ​ထား​စီး​သူ​ရဲ​နှင့်​မြင်း​စီး​သူ​ရဲ​များ​လည်း လိုက်​ပါ​လာ​ကြ​သ​ဖြင့် အ​လွန်​များ​စွာ​သော အ​လုံး​အ​ရင်း​တို့​သည်​ယော​သပ်​နှင့်​အ​တူ လိုက်​ပါ​ပို့​ဆောင်​ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ​တဒ် အ​မည်​ရှိ​ကောက်​နယ်​တ​လင်း​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ဟစ်​အော်​၍​ငို​ကြွေး​မြည်​တမ်း​ကြ ၏။ ထို​အ​ရပ်​တွင်​ယော​သပ်​သည် ယာ​ကုပ်​အ​တွက် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​သည့်​ပွဲ ကို​ကျင်း​ပ​လေ​၏။- ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သော​ခါ​နာန်​အ​မျိုး သား​တို့​က​အာ​တဒ်​ကောက်​နယ်​တ​လင်း​၌ လူ များ​ငို​ကြွေး​မြည်​တမ်း​နေ​ကြ​ခြင်း​ကို​မြင် ရ​သော​အ​ခါ``အီ​ဂျစ်​အ​မျိုး​သား​တို့​သည် အ​လွန်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​ရှိ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။ သို့​ဖြစ်​၍​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင်​ရှိ​သော​ထို​ဒေ​သ​ကို​အ​ဗေ လ​မိ​ဇ​ရိမ်​ဟူ​၍​နာ​မည်​မှည့်​ကြ​၏။

ကမ္ဘာဦး 50:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယောသပ်​သည် မိမိ​ဖခင်​၏​မျက်နှာ​ကို ငုံ့​၍​နမ်း​ပြီး ငိုကြွေး​၏​။ ထို့နောက် ယောသပ်​သည် မိမိ​ဖခင်​၏​အလောင်း​ကို​ဆေးစီရင်​ရန် မိမိ​အစေအပါး​ဆေးဆရာ​တို့​အား​အမိန့်ပေး​လေ​၏​။ ထို့ကြောင့် ဆေးဆရာ​တို့​သည် အစ္စရေး​၏​အလောင်း​ကို​ဆေးစီရင်​ကြ​၏​။ အလောင်း​ကို​ဆေးစီရင်​ရာ​တွင် ရက်​ပေါင်း​လေးဆယ်​ကြာကြာ အချိန်ပေး​ရ​၏​။ အီဂျစ်​လူမျိုး​တို့​သည် ယာကုပ်​အတွက် ရက်​ပေါင်း​ခုနစ်ဆယ်​ငိုကြွေး​ကြ​၏​။ ငိုကြွေးမြည်တမ်း​သော​နေ့ရက်​များ​လွန်​ပြီးနောက် ယောသပ်​က ဖာရော​မင်းကြီး​၏​နန်းတော်သူ​နန်းတော်သား​တို့​အား “​ငါ​သည် သင်​တို့​ရှေ့​၌​မျက်နှာရ​သည်​ဆိုလျှင် ဖာရော​မင်းကြီး​၏​နား​တော်​သို့​လျှောက်​ရ​မည်​မှာ ‘​အကျွန်ုပ်​၏​ဖခင်​က “​ငါ​သေ​တော့​မည်​။ ခါနာန်​ပြည်​၌ ငါ့​အတွက် ငါ​တူး​ထား​သော သင်္ချိုင်းတွင်း​တွင် ငါ့​ကို​သင်္ဂြိုဟ်​ရ​မည်​”​ဟု အကျွန်ုပ်​ကို ကျိန်ဆို​စေ​ခဲ့​ပါ​၏​။ ထို့အတွက်ကြောင့် အကျွန်ုပ်​သွား​၍ ဖခင်​ကို​သင်္ဂြိုဟ်​ပါရစေ​။ ပြီးလျှင် အကျွန်ုပ်​ပြန်လာ​ပါ​မည်​’​ဟူ၍ လျှောက်​ကြ​ပါ​လော့​”​ဟု မိန့်ဆို​လေ​၏​။ ဖာရော​မင်းကြီး​က “​သင့်​အား သင့်​ဖခင်​ကျိန်ဆို​စေ​ခဲ့​သည့်​အတိုင်း သွား​၍​သူ့​ကို​သင်္ဂြိုဟ်​လော့​”​ဟု မိန့်ဆို​လေ​၏​။ ထို့ကြောင့် ယောသပ်​သည် မိမိ​ဖခင်​ကို​သင်္ဂြိုဟ်​ရန်​ထွက်သွား​လေ​၏​။ သူ​နှင့်အတူ ဖာရော​မင်းကြီး​၏​အမှုထမ်း​များ​ဖြစ်​သော ဖာရော​မင်းကြီး​နန်းတော်​ရှိ​သက်ကြီးဝါကြီး​အားလုံး​၊ အီဂျစ်​ပြည်​၏​သက်ကြီးဝါကြီး​အားလုံး​၊ ယောသပ်​၏​အိမ်သူအိမ်သား​အားလုံး​၊ ယောသပ်​၏​အစ်ကို​များ​မှစသော ယောသပ်​ဖခင်​၏​အိမ်သူအိမ်သား​တို့​သည်​လည်း လိုက်ပါ​သွား​ကြ​၏​။ သူ​တို့​၏​ကလေး​များ​နှင့် သိုးဆိတ်​များ​၊ နွား​များ​ကို​မူ ဂေါရှင်​အရပ်​၌ ထားခဲ့​ကြ​၏​။ စစ်ရထား​နှင့်​မြင်းစီးသူရဲ​တို့​သည်​လည်း လိုက်ပါ​သွား​ကြ​သဖြင့် အလွန်​ကြီးမား​သော​လူအုပ်ကြီး​ဖြစ်​လေ​၏​။ သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာတဒ်​ကောက်နယ်တလင်း​သို့​ရောက်​သောအခါ ထို​အရပ်​၌ သူ​တို့​သည် ခါးသီးစွာ​အော်ဟစ်​ငိုကြွေးမြည်တမ်း​ကြ​၏​။ ယောသပ်​သည် မိမိ​ဖခင်​အတွက် ခုနစ်​ရက်​ပတ်လုံး​ငိုကြွေးမြည်တမ်း​ခြင်း​ကို​ပြု​လေ​၏​။ ထိုသို့ အာတဒ်​ကောက်နယ်တလင်း​၌ ငိုကြွေးမြည်တမ်း​နေ​ကြ​သည်​ကို ထို​ပြည်​၌​နေထိုင်​သော​ခါနာန်​လူမျိုး​တို့​မြင်​ကြ​သောအခါ သူ​တို့​က “​အီဂျစ်​လူမျိုး​တို့ အော်ဟစ်​ငိုကြွေးမြည်တမ်း​ကြ​ပါ​သည်​တကား​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် ဂျော်ဒန်​မြစ်​တစ်ဖက်​၌​ရှိ​သော​ထို​အရပ်​ကို အဗေလမိဇရိမ် ဟု​အမည်​မှည့်ခေါ်​ကြ​၏​။