ကမ္ဘာဦး 45:4-11
ကမ္ဘာဦး 45:4-11 Judson Bible (JBMLE)
ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါးသို့ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည်သို့ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။ သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှာ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။ မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။ ဘုရားသခင်သည် သင်တို့ကိုမြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှာလည်းကောင်း၊ ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှာလည်းကောင်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။ သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင်စေလွှတ်တော်မူသတည်း။ ကျွန်ုပ်ကိုဖာရောဘုရင်၏အဘအရာ၌လည်းကောင်း၊ နန်းတော်အုပ်အရာ၌လည်းကောင်း၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုးသောသခင်အရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။ အလျင်အမြန်ထ၍ အဘထံသို့သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။ အဘသည် ဂေါရှင်အရပ်၌နေရမည်။ ကျွန်ုပ်အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။ ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှတို့သည် ဆင်းရဲခြင်းသို့ရောက်ကြလိမ့်မည်။ အစာခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့။
ကမ္ဘာဦး 45:4-11 Common Language Bible (BCL)
ထိုနောက်ယောသပ်က``ကျွန်ုပ်အနားသို့လာကြ ပါ'' ဟုဆိုသဖြင့်သူတို့သည်ယောသပ်အနား သို့ချဉ်းကပ်လာကြ၏။ ယောသပ်က``ကျွန်ုပ်သည် သင်တို့အီဂျစ်ပြည်သို့ရောင်းလိုက်သောသင်တို့ ၏ညီယောသပ်ဖြစ်ပါသည်။- သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ရောင်းချ မိသောကြောင့်စိတ်မညှိုးငယ်ကြပါနှင့်။ မိမိ တို့ကိုယ်ကိုလည်းအပြစ်မတင်ကြပါနှင့်။ ဘုရားသခင်သည်လူအပေါင်းတို့၏အသက် ကိုကယ်ဆယ်ခြင်းငှာ သင်တို့အလျင်ကျွန်ုပ် အားစေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။- တိုင်းပြည်တွင်အစာခေါင်းပါးခြင်းကပ်ဆိုက် သည်မှာ ယခုနှစ်နှစ်မျှသာရှိသေးသည်။ ထွန် ယက်စိုက်ပျိုးခြင်းနှင့်စပါးရိတ်သိမ်းခြင်းမပြု လုပ်နိုင်သောနှစ်ငါးနှစ်ကျန်သေး၏။- ဘုရားသခင်သည်သင်တို့နှင့်သင်တို့၏သား မြေးများအသက်ရှင်ကျန်ရစ်စေရန် ဤသို့အံ့သြ ဖွယ်ကောင်းသောနည်းဖြင့် သင်တို့ကိုကယ်ဆယ်စေ ခြင်းငှာကျွန်ုပ်ကိုအလျင်စေလွှတ်တော်မူပြီ။- သို့ဖြစ်၍သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ စေလွှတ်လိုက်ခြင်းမဟုတ်၊ ဘုရားသခင်ကစေ လွှတ်တော်မူခြင်းပင်ဖြစ်သည်။ ဘုရားသခင် သည်ကျွန်ုပ်ကိုဤတိုင်းပြည်၏ဘုရင်ခံအရာ၌ ခန့်ထားတော်မူပြီ။ ကျွန်ုပ်သည်အီဂျစ်ပြည် တစ်ပြည်လုံးကိုအုပ်ချုပ်ရသူဖြစ်၏။ ယခုသင်တို့သည်ဖခင်ထံသို့အလျင်အမြန် သွား၍ ဖခင်အား`ဘုရားသခင်သည်သား ယောသပ်အား အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးရသောမင်းအရာ၌ခန့်ထားတော် မူပြီ။ သားထံသို့အမြန်လာပါလော့။- ဖခင်နှင့်တကွသားသမီး၊ မြေးများ၊ သိုး၊ ဆိတ်၊ နွားမှစသောဖခင်ပိုင်ပစ္စည်းဥစ္စာရှိသမျှတို့ ကိုယူဆောင်၍သားနှင့်အနီးဂေါရှင်အရပ်၌ နေထိုင်ပါလော့။- ဂေါရှင်အရပ်သို့ရောက်လျှင်သားကဖခင်အား ပြုစုစောင့်ရှောက်နိုင်ပါမည်။ အစာခေါင်းပါးသည့် နှစ်ငါးနှစ်ကျန်သေးသဖြင့်ဖခင်၏အိမ်သူအိမ် သားများနှင့်သိုး၊ ဆိတ်၊ နွားများပါမကျန်ရိက္ခာ ပြတ်၍ဆင်းရဲဒုက္ခမရောက်စေလိုပါ'' ဟူ၍ ဆိုလေ၏။
ကမ္ဘာဦး 45:4-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ယောသပ်က ညီအစ်ကိုတို့အား “အကျွန်ုပ်အနားသို့လာကြပါလော့”ဟု ဆိုသဖြင့် သူတို့သည် အနားသို့လာကြ၏။ ယောသပ်က “အကျွန်ုပ်သည် အီဂျစ်ပြည်သို့ သင်တို့ရောင်းလိုက်သော သင်တို့၏ညီယောသပ်ဖြစ်ပါ၏။ သို့ရာတွင် အကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်သည့်အတွက် ဝမ်းမနည်းကြပါနှင့်။ ကိုယ့်ကိုယ်ကိုယ်အမျက်မထွက်ကြပါနှင့်။ အကြောင်းမူကား ဘုရားသခင်သည် လူတို့အသက်ကိုစောင်မရန်အတွက် သင်တို့ထက်အလျင် အကျွန်ုပ်ကိုစေလွှတ်တော်မူ၏။ မြေကြီးပေါ်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှစ်နှစ်ဖြစ်ခဲ့ပြီ။ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းမပြုနိုင်သောနှစ် ငါးနှစ်ရှိသေး၏။ မြေကြီးပေါ်၌ သင်တို့အသက်ရှင်ကျန်ရစ်စေရန် သင်တို့ကိုထိန်းသိမ်းစောင့်ရှောက်မည့်အကြောင်း၊ ကြီးစွာသောကယ်တင်ခြင်းဖြင့် သင်တို့အသက်ချမ်းသာရာရစေမည့်အကြောင်း ဘုရားသခင်သည် အကျွန်ုပ်ကို သင်တို့ထက်အလျင် စေလွှတ်တော်မူ၏။ သို့ဖြစ်၍ သင်တို့သည် အကျွန်ုပ်ကို ဤအရပ်သို့စေလွှတ်သည်မဟုတ်။ ဘုရားသခင်စေလွှတ်တော်မူသည်ဖြစ်၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဖာရောမင်းကြီး၏အဖအရာ၌လည်းကောင်း၊ နန်းတော်သူနန်းတော်သားအပေါင်းတို့၏သခင်အရာ၌လည်းကောင်း၊ အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူအရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။ အကျွန်ုပ်၏ဖခင်ထံသို့အလျင်အမြန်ပြန်သွားကြ၍ ဖခင်အား အဖေ့သားယောသပ်က ‘ဘုရားသခင်သည် အကျွန်ုပ်ကို အီဂျစ်ပြည်တစ်ပြည်လုံး၏သခင်အရာ၌ ခန့်ထားတော်မူပြီ။ အကျွန်ုပ်ထံသို့လာပါလော့။ အချိန်မဆွဲနှင့်။ အဖေသည် ဂေါရှင်အရပ်၌ နေထိုင်ရမည်။ အဖေနှင့်တကွ အဖေ၏သားသမီးများ၊ မြေးများ၊ သိုးဆိတ်များ၊ နွားအုပ်များ၊ အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် အကျွန်ုပ်အနားတွင်ရှိရမည်။ ထိုအရပ်၌ အဖေ့ကို အကျွန်ုပ်ကျွေးမွေးပြုစုပါမည်။ သို့မဟုတ်လျှင် အဖေမှစ၍ အဖေ၏အိမ်သူအိမ်သားများနှင့်အဖေပိုင်ဆိုင်သောအရာရှိသမျှတို့သည် ပျက်စီးဆုံးရှုံးကြရလိမ့်မည်။ အကြောင်းမူကား ငတ်မွတ်ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေး၏’ဟူ၍ မှာလိုက်ကြောင်း ပြောကြလော့။