ကမ္ဘာဦး 45:1-8
ကမ္ဘာဦး 45:1-8 Judson Bible (JBMLE)
ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူအပေါင်းတို့ရှေ့တွင်၊ ဣန္ဒြေကိုမချုပ်တည်းနိုင်သောကြောင့်၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟုဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြားသောသူတစ်ယောက်မျှ မရှိရ။ သူသည်လည်း ကျယ်သောအသံနှင့်ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင်ကြားကြ၏။ အစ်ကိုတို့အားလည်း၊ ကျွန်ုပ်သည်ယောသပ်ဖြစ်၏။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို၏။ အစ်ကိုတို့သည်စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက်နေကြ၏။ ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါးသို့ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည်သို့ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။ သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကိုစောင့်မစေခြင်းငှာ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။ မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။ ဘုရားသခင်သည် သင်တို့ကိုမြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှာလည်းကောင်း၊ ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှာလည်းကောင်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။ သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင်စေလွှတ်တော်မူသတည်း။ ကျွန်ုပ်ကိုဖာရောဘုရင်၏အဘအရာ၌လည်းကောင်း၊ နန်းတော်အုပ်အရာ၌လည်းကောင်း၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုးသောသခင်အရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။
ကမ္ဘာဦး 45:1-8 Common Language Bible (BCL)
ယောသပ်သည်မိမိ၏စိတ်ခံစားချက်ကိုမချုပ် တီးနိုင်သဖြင့် သူ၏အမှုထမ်းတို့အားလုံးကို အခန်းတွင်းမှထွက်သွားရန်အမိန့်ပေးသည်။ ထို့ ကြောင့်ယောသပ်သည်သူ၏ညီအစ်ကိုတို့အား မိမိ၏ဇာတိကိုထုတ်ဖော်ပြောသည့်အခါ၌ အခြားမည်သူတစ်ယောက်မျှသူနှင့်အတူ မရှိချေ။- သို့ရာတွင်သူ၏ကျယ်လောင်စွာငိုကြွေးသံကို အီဂျစ်အမျိုးသားတို့ကြားရ၏။ ထိုသို့ငို ကြွေးသည့်သတင်းသည်ဖာရောဘုရင်နန်း တော်သို့တိုင်အောင်ပေါက်ကြားလေ၏။- ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်ယောသပ်ဖြစ်ပါသည်။ ကျွန်ုပ်၏အဖ အသက်ရှင်လျက်ရှိသေးသလော'' ဟုမေး လေ၏။ သို့ရာတွင်သူ၏ညီအစ်ကိုတို့သည် စိုးရိမ်ကြောက်လန့်ကြသဖြင့်ပြန်၍ပင် မဖြေနိုင်ကြချေ။- ထိုနောက်ယောသပ်က``ကျွန်ုပ်အနားသို့လာကြ ပါ'' ဟုဆိုသဖြင့်သူတို့သည်ယောသပ်အနား သို့ချဉ်းကပ်လာကြ၏။ ယောသပ်က``ကျွန်ုပ်သည် သင်တို့အီဂျစ်ပြည်သို့ရောင်းလိုက်သောသင်တို့ ၏ညီယောသပ်ဖြစ်ပါသည်။- သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ရောင်းချ မိသောကြောင့်စိတ်မညှိုးငယ်ကြပါနှင့်။ မိမိ တို့ကိုယ်ကိုလည်းအပြစ်မတင်ကြပါနှင့်။ ဘုရားသခင်သည်လူအပေါင်းတို့၏အသက် ကိုကယ်ဆယ်ခြင်းငှာ သင်တို့အလျင်ကျွန်ုပ် အားစေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။- တိုင်းပြည်တွင်အစာခေါင်းပါးခြင်းကပ်ဆိုက် သည်မှာ ယခုနှစ်နှစ်မျှသာရှိသေးသည်။ ထွန် ယက်စိုက်ပျိုးခြင်းနှင့်စပါးရိတ်သိမ်းခြင်းမပြု လုပ်နိုင်သောနှစ်ငါးနှစ်ကျန်သေး၏။- ဘုရားသခင်သည်သင်တို့နှင့်သင်တို့၏သား မြေးများအသက်ရှင်ကျန်ရစ်စေရန် ဤသို့အံ့သြ ဖွယ်ကောင်းသောနည်းဖြင့် သင်တို့ကိုကယ်ဆယ်စေ ခြင်းငှာကျွန်ုပ်ကိုအလျင်စေလွှတ်တော်မူပြီ။- သို့ဖြစ်၍သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ စေလွှတ်လိုက်ခြင်းမဟုတ်၊ ဘုရားသခင်ကစေ လွှတ်တော်မူခြင်းပင်ဖြစ်သည်။ ဘုရားသခင် သည်ကျွန်ုပ်ကိုဤတိုင်းပြည်၏ဘုရင်ခံအရာ၌ ခန့်ထားတော်မူပြီ။ ကျွန်ုပ်သည်အီဂျစ်ပြည် တစ်ပြည်လုံးကိုအုပ်ချုပ်ရသူဖြစ်၏။
ကမ္ဘာဦး 45:1-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ယောသပ်သည် မိမိအနား၌ရပ်နေသောသူအပေါင်းတို့ရှေ့တွင် မိမိစိတ်ကို မထိန်းနိုင်သဖြင့် “လူအားလုံး ငါ့ထံမှထွက်သွားကြ”ဟု ဟစ်အော်လေ၏။ ဤသို့ဖြင့် ယောသပ်သည် သူ့အနား၌ အခြားမည်သူတစ်ယောက်မျှမရှိသောအခါ မိမိညီအစ်ကိုတို့အား မိမိမည်သူဖြစ်ကြောင်း ပြောပြ၏။ သူသည် အသံကိုလွှင့်၍ငိုကြွေးသဖြင့် အီဂျစ်ပြည်သားတို့သည်ကြားကြ၏။ ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့သည်လည်း ကြားကြ၏။ ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သည် ယောသပ်ဖြစ်၏။ အကျွန်ုပ်၏ဖခင် အသက်ရှင်သေးသလော”ဟု မေး၏။ သို့သော် ညီအစ်ကိုတို့သည် ယောသပ်ရှေ့၌ ထိတ်လန့်နေကြသဖြင့် သူ့ကိုပြန်မဖြေနိုင်ကြ။ ထိုအခါ ယောသပ်က ညီအစ်ကိုတို့အား “အကျွန်ုပ်အနားသို့လာကြပါလော့”ဟု ဆိုသဖြင့် သူတို့သည် အနားသို့လာကြ၏။ ယောသပ်က “အကျွန်ုပ်သည် အီဂျစ်ပြည်သို့ သင်တို့ရောင်းလိုက်သော သင်တို့၏ညီယောသပ်ဖြစ်ပါ၏။ သို့ရာတွင် အကျွန်ုပ်ကို ဤအရပ်သို့ရောင်းလိုက်သည့်အတွက် ဝမ်းမနည်းကြပါနှင့်။ ကိုယ့်ကိုယ်ကိုယ်အမျက်မထွက်ကြပါနှင့်။ အကြောင်းမူကား ဘုရားသခင်သည် လူတို့အသက်ကိုစောင်မရန်အတွက် သင်တို့ထက်အလျင် အကျွန်ုပ်ကိုစေလွှတ်တော်မူ၏။ မြေကြီးပေါ်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှစ်နှစ်ဖြစ်ခဲ့ပြီ။ ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းမပြုနိုင်သောနှစ် ငါးနှစ်ရှိသေး၏။ မြေကြီးပေါ်၌ သင်တို့အသက်ရှင်ကျန်ရစ်စေရန် သင်တို့ကိုထိန်းသိမ်းစောင့်ရှောက်မည့်အကြောင်း၊ ကြီးစွာသောကယ်တင်ခြင်းဖြင့် သင်တို့အသက်ချမ်းသာရာရစေမည့်အကြောင်း ဘုရားသခင်သည် အကျွန်ုပ်ကို သင်တို့ထက်အလျင် စေလွှတ်တော်မူ၏။ သို့ဖြစ်၍ သင်တို့သည် အကျွန်ုပ်ကို ဤအရပ်သို့စေလွှတ်သည်မဟုတ်။ ဘုရားသခင်စေလွှတ်တော်မူသည်ဖြစ်၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဖာရောမင်းကြီး၏အဖအရာ၌လည်းကောင်း၊ နန်းတော်သူနန်းတော်သားအပေါင်းတို့၏သခင်အရာ၌လည်းကောင်း၊ အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူအရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။