ကမ္ဘာဦး 27:15-36
ကမ္ဘာဦး 27:15-36 Judson Bible (JBMLE)
ထိုအခါရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကိုဝတ်စေလျက်၊ ဆိတ်သငယ်၏သားရေကိုလည်းယူ၍ သူ၏လက်၌လည်းကောင်း၊ လည်ပင်းချောသောဘက်၌လည်းကောင်း ဆင်ယင်ပြီးလျှင်၊ မိမိချက်သောအမဲဟင်းနှင့်မုန့်ကို သားယာကုပ်လက်၌အပ်ပေး၏။ ယာကုပ်လည်း အဘထံသို့သွား၍၊ အဘဟုခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား၊ သင်သည် အဘယ်သူနည်းဟုမေး၏။ ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်း ပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်းချီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကိုစားပါလော့ဟု ဆိုလေ၏။ အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်းဟု သားအားမေးလျှင်၊ အဘ၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသောကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။ ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သားဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်းသပ်စေခြင်းငှာ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘသည်စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကားဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။ ထိုသို့သူ၏လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိသဖြင့်၊ ကောင်းချီးပေးလေ၏။ သို့ရာတွင် တစ်ဖန်ကား၊ သင်သည် ငါ့သားဧသောစင်စစ် အမှန်ပင်ဖြစ်သလောဟုမေးပြန်လျင်၊ မှန်ပါသည်ဟု ဆို၏။ အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ ငါ့သား၏အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကိုလည်းပေး၍ အဘသောက်လေ၏။ ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကိုနမ်းပါလော့ဟုဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘကိုနမ်းလေ၏။ အဘဣဇာက်ကလည်း၊ သူ့အဝတ်၏အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရားကောင်းချီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့်တူ၏။ ထိုကြောင့် ဘုရားသခင်သည်မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏ဆီဥကိုလည်းကောင်း၊ များစွာသောဆန်စပါး၊ စပျစ်ရည်ကိုလည်းကောင်း၊ သင့်အားပေးတော်မူစေသတည်း။ သူတစ်ပါးတို့သည်သင်၌ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲခြင်းကိုခံရကြစေသတည်း။ သင့်ကို ကောင်းချီးပေးသောသူအပေါင်းတို့သည် ကောင်းချီးကိုခံရကြစေသတည်းဟု ကောင်းချီးပေးလေ၏။ ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်းချီးမင်္ဂလာကိုခံ၍၊ အဘထံမှ ထွက်သွားသောခဏချင်းတွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှရောက်လာ၏။ သူသည်လည်း အမဲဟင်းလျာကိုချက်၍ အဘထံသို့ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းချီးပေးမည်အကြောင်း၊ သား၏အမဲသားကိုထ၍စားပါလော့ဟုဆိုလေ၏။ အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏ဟုဆိုလေသော်၊ အဘဣဇာက်သည် အလွန်တုန်လှုပ်၍ အဘယ်သူနည်း။ အမဲသားကိုရ၍၊ ငါ့ထံသို့ဆောင်ခဲ့ပြီးသောသူသည် အဘယ်မှာရှိသနည်း။ သင်မရောက်မီ ငါသည်အကုန်အစင်စားပြီး၍၊ သူ့ကိုကောင်းချီးပေးမိပြီ။ သူသည် ကောင်းချီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။ အဘဆိုသောစကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်းကောင်းချီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊ အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ကောင်းချီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။ ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသောအမည်ဖြင့် လျောက်ပတ်စွာမှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍နိုင်ပါပြီ။ သားဦးအရိုက်အရာကို အရင်ယူသွားပါပြီ။ ယခုလည်းတစ်ဖန် အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို ယူသွားပါပြီဟူ၍လည်းကောင်း၊ အကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ပါးကိုမျှ မခြွင်းပါသလော ဟူ၍လည်းကောင်း ဆိုလေ၏။
ကမ္ဘာဦး 27:15-36 Common Language Bible (BCL)
ထိုနောက်သူသည်မိမိအိမ်တွင်သိမ်းဆည်း ထားသောဧသော၏အကောင်းဆုံးအဝတ် ကိုယာကုပ်အားဝတ်ဆင်ပေး၏။- သူ၏လက်မောင်းများနှင့်အမွေးမပေါက်သော လည်ပင်းတို့တွင်ဆိတ်သားရေကိုပတ်စည်း ပေး၏။- ထိုနောက်ချက်ပြီးသောအမဲဟင်းနှင့်ဖုတ် ထားသောမုန့်တို့ကိုယာကုပ်အားပေး၏။ ယာကုပ်သည်သူ၏ဖခင်ထံသို့သွား၍``အဖ'' ဟုခေါ်လျှင်၊ ဣဇာက်က``သား'' ဟုထူးပြီးလျှင်``သားကြီး လော၊ သားငယ်လော'' ဟုမေးလေ၏။ ယာကုပ်က``ကျွန်တော်သည်သားကြီးဧသော ဖြစ်ပါသည်။ ဖခင်မှာကြားသည့်အတိုင်းဆောင် ရွက်ပြီးပါပြီ။ ယခုထ၍ကျွန်တော်ယူခဲ့သော အမဲဟင်းကိုသုံးဆောင်ပြီးလျှင်ကျွန်တော် အားကောင်းချီးပေးပါ'' ဟုပြောလေသည်။ ဣဇာက်က``ငါ့သား၊ အမဲကောင်အရမြန်လှ ပါတကား'' ဟုဆို၏။ ယာကုပ်က``အဖ၏ဘုရားသခင်ထာဝရ ဘုရားစောင်မခြင်းကြောင့်အမဲကောင်ကို အမြန်ရပါသည်'' ဟုပြန်ဖြေ၏။ ထိုအခါဣဇာက်က``ငါသင့်ကိုစမ်းကြည့်နိုင် ရန်အနားသို့တိုးလာပါ။ သင်သည်ဧသော အမှန်ပင်ဖြစ်ပါသလော'' ဟုမေးလေသည်။- ယာကုပ်သည်ဖခင်အနားသို့ချဉ်းကပ်လာသော် ဖခင်ကလက်နှင့်သူ့ကိုစမ်းသပ်ပြီးလျှင်``သင် ၏အသံမှာယာကုပ်၏အသံ၊ သင်၏လက်များ သည်ကားဧသော၏လက်များပင်ဖြစ်သည်'' ဟု ဆိုလေ၏။- သူ၏လက်တို့သည်ဧသော၏လက်များကဲ့သို့ အမွေးထူသောကြောင့်ဖခင်သည်ယာကုပ် ဖြစ်မှန်းမရိပ်မိချေ။ သူ့အားကောင်းချီးမ ပေးမီ၊- ``သင်သည်အကယ်ပင်ဧသောဖြစ်သလော'' ဟုမေးပြန်၏။ ယာကုပ်က``ဟုတ်ပါသည်'' ဟုဖြေ၏။ ထိုအခါဣဇာက်က``အမဲဟင်းကိုယူခဲ့ပါ။ ငါစားပြီးလျှင်သင့်အားကောင်းချီးပေးမည်'' ဟုဆိုလေ၏။ ယာကုပ်သည်ဖခင်ထံသို့ဟင်း ကိုယူခဲ့၏။ ဖခင်သောက်ရန်စပျစ်ရည်ကို လည်းယူခဲ့၏။- ထိုနောက်ဖခင်က``ငါ့သား၊ အနားသို့တိုး လာ၍ငါ့ကိုနမ်းလော့ဟုခိုင်း၏။- ယာကုပ်သည်ဖခင်ထံချဉ်းကပ်၍နမ်းလိုက် သောအခါ ဣဇာက်သည်သူ၏အဝတ်များကို အနံ့ခံလျက်``ငါ့သား၏အနံ့သည်ထာဝရ ဘုရားကောင်းချီးပေးသောလယ်၏ရနံ့ကဲ့ သို့သင်းကြိုင်ပါ၏။- ဘုရားသခင်သည်သင့်အားမိုးကောင်းကင်မှ နှင်းကိုပေးတော်မူ၍ သင်၏လယ်များကိုမြေ သြဇာထက်သန်တော်မူစေသတည်း။ ကိုယ်တော် သည်သင့်အားကောက်ပဲသီးနှံနှင့်စပျစ်ရည် များစွာပေးသနားတော်မူစေသတည်း။- တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။ ဣဇာက်သည်ယာကုပ်အားကောင်းချီးပေးပြီး၍ ဖခင်ထံမှယာကုပ်ထွက်သွားသည့်ခဏအတွင်း သူ၏အစ်ကိုဧသောသည်အမဲလိုက်ရာမှ ပြန်ရောက်လာ၏။- သူသည်လည်းစားဖွယ်ကောင်းသောအမဲဟင်းလျာ ကိုချက်ပြီးလျှင်ဖခင်ထံသို့ယူခဲ့လေသည်။ ထိုနောက်``အဖ၊ ကျွန်တော်ယူခဲ့သောအမဲ ဟင်းကိုထ၍သုံးဆောင်ပါ။ သုံးဆောင်ပြီး လျှင်ကျွန်တော်အားကောင်းချီးပေးပါ'' ဟု ဆိုလေ၏။ ဣဇာက်က``သင်မည်သူနည်း'' ဟုမေး၏။ ဧသောက``ကျွန်တော်သည်ဖခင်၏သားကြီး ဧသောဖြစ်ပါသည်'' ဟုပြန်ဖြေ၏။ ထိုအခါဣဇာက်သည်တစ်ကိုယ်လုံးဆတ်ဆတ် တုန်လျက်``အမဲကောင်ကိုရ၍ငါ့ထံသို့ဟင်း ယူခဲ့သူကားမည်သူနည်း။ သင်မရောက်မီငါ သည်ဟင်းကိုစားပြီးပြီ။ ထိုသူအားလည်း ကောင်းချီးပေးခဲ့ပြီ။ ငါကောင်းချီးပေးခဲ့ သည့်အတိုင်းသူခံစားရမည်'' ဟုဆိုလေ သည်။ ဧသောသည်ထိုစကားကိုကြားရလျှင်မခံ မရပ်နိုင်အောင်ခံစားရသဖြင့်``အို အဖ၊ ကျွန်တော့် အားလည်းကောင်းချီးပေးပါဦး'' ဟုအသံကျယ် စွာအော်ဟစ်တောင်းပန်လေ၏။ ဣဇာက်က``သင့်ညီလာ၍ငါ့ကိုလိမ်လည်လှည့်ဖြား လေပြီ။ သူသည်သင်ခံစားရမည့်ကောင်းချီးကို ယူသွားပြီ'' ဟုဖြေကြားလေသည်။ ဧသောက``သူသည်ကျွန်တော်အားနှစ်ကြိမ်တိုင် တိုင်ယာကုပ်ဟူသောနာမည်နှင့်လိုက်အောင်လှည့် စားခဲ့ပါပြီ။ သူသည်ကျွန်တော်၏သားဦးအရာ ကိုတစ်ကြိမ်၊ ယခုတစ်ဖန်ကျွန်တော်ခံစားရ မည့်ကောင်းချီးကိုတစ်ကြိမ်ယူသွားပါပြီ။ ကျွန်တော်အဖို့ကောင်းချီးတစ်ပါးပါးမကျန် ပါသလော'' ဟုဖခင်အားမေးလေ၏။
ကမ္ဘာဦး 27:15-36 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ရေဗက္ကာသည် အိမ်တွင် သူ၌ရှိသော သားကြီးဧသော၏အကောင်းဆုံးအဝတ်ကိုယူ၍ သားငယ်ယာကုပ်အား ဝတ်ဆင်ပေးလျက် ဆိတ်သငယ်၏သားရေတို့ဖြင့် သူ၏လက်နှင့် ပြောင်ချောနေသော သူ၏လည်ပင်းကို ဖုံးအုပ်ပေး၏။ မိမိချက်ထားသည့် အရသာကောင်းသောဟင်းလျာနှင့်မုန့်ကိုလည်း သားယာကုပ်၏လက်၌ ထည့်ပေးလေ၏။ ထိုအခါ ယာကုပ်သည် မိမိဖခင်ထံသို့သွား၍ “အဖေ”ဟု ခေါ်လျှင် ဖခင်က “ပြောပါ ငါ့သား၊ သင်သည် မည်သူနည်း”ဟု မေးလေ၏။ ယာကုပ်ကလည်း “အကျွန်ုပ်သည် အဖေ့သားဦးဧသောဖြစ်ပါသည်။ အဖေပြောသည့်အတိုင်း အကျွန်ုပ်ပြုပါပြီ။ အဖေသည် အကျွန်ုပ်ကို ကောင်းချီးပေးမည့်အကြောင်း ယခု ထ၍ထိုင်ပါ။ အကျွန်ုပ်၏တောကောင်သားကို စားပါ”ဟု မိမိဖခင်အား ဆိုလေ၏။ ဣဇက်ကလည်း “ငါ့သား၊ အဘယ်ကြောင့် ဤမျှလောက်လျင်မြန်စွာတွေ့ရသနည်း”ဟု မေးလျှင် ယာကုပ်က “အဖေ၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်အား တွေ့ခွင့်ပေးတော်မူသောကြောင့်ဖြစ်ပါသည်”ဟု ပြန်ဆို၏။ ဣဇက်ကလည်း “ငါ့သား၊ သင်သည် အမှန်ပင် ငါ့သားဧသောဟုတ်၊ မဟုတ် သင့်ကို ငါစမ်းကြည့်နိုင်ရန် ငါ့နားသို့လာပါလော့”ဟု ယာကုပ်အားဆို၏။ ထို့ကြောင့် ယာကုပ်သည် သူ၏ဖခင်ဣဇက်ထံချဉ်းကပ်လေ၏။ ဖခင်သည်လည်း သူ့ကိုစမ်းကြည့်ပြီးလျှင် “အသံကား ယာကုပ်၏အသံ၊ လက်ကား ဧသော၏လက်ပါတကား”ဟု ဆို၏။ ယာကုပ်၏လက်သည် အစ်ကိုဧသော၏လက်ကဲ့သို့ အမွေးထူသောကြောင့် ယာကုပ်ဖြစ်ကြောင်းမသိနိုင်သဖြင့် ဣဇက်သည် သူ့ကိုကောင်းချီးပေးလေ၏။ သို့ရာတွင် “သင်သည် အမှန်ပင် ငါ့သားဧသောဖြစ်သလော”ဟု မေးပြန်၏။ ယာကုပ်ကလည်း “မှန်ပါသည်”ဟု ဆို၏။ ဣဇက်ကလည်း “ငါ့သား၊ ငါစားဖို့ တောကောင်သားကို ငါ့ထံသို့ ယူလာလော့။ ငါစားပြီးလျှင် သင့်ကို ကောင်းချီးပေးမည်”ဟု ဆိုလျှင် ယာကုပ်သည် သူ့ထံသို့ယူလာ၍ သူသည်စားလေ၏။ စပျစ်ဝိုင်ကိုလည်း ယူလာပေးရာ သူသည်သောက်လေ၏။ ထို့နောက် ယာကုပ်၏ဖခင်ဣဇက်က “ငါ့သား၊ ငါ့ထံသို့ချဉ်းကပ်၍ ငါ့ကိုနမ်းလော့”ဟု ဆိုသဖြင့် ယာကုပ်သည် သူ့ထံသို့ချဉ်းကပ်၍ နမ်းလေ၏။ ထိုအခါ ဣဇက်သည် ယာကုပ်အဝတ်၏အနံ့ကိုခံ၍ “ကြည့်ရှုလော့။ ငါ့သား၏အနံ့သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောလယ်၏ရနံ့နှင့်တူ၏။ ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏အဆီအနှစ်ကိုလည်းကောင်း၊ များစွာသောကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်ကိုလည်းကောင်း သင့်အားပေးတော်မူပါစေ။ လူမျိုးတကာတို့သည် သင့်ထံ၌အစေခံကြ၍ တိုင်းသူပြည်သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင်သည် သင့်ညီအစ်ကိုတို့၏အရှင်သခင်ဖြစ်လျက် သင့်မိခင်၏သားတို့သည် သင့်ရှေ့၌ပျပ်ဝပ်ကြပါစေ။ သင့်ကိုကျိန်ဆဲသောသူတို့သည် ကျိန်ဆဲခြင်းခံရ၍ သင့်ကိုကောင်းချီးပေးသောသူတို့သည် ကောင်းချီးမင်္ဂလာကိုခံစားရကြပါစေ”ဟု သူ့ကိုကောင်းချီးပေးလေ၏။ ဣဇက်သည် ယာကုပ်ကိုကောင်းချီးပေးပြီးမှ ယာကုပ်လည်း ဖခင်ဣဇက်ထံမှထွက်သွားလျှင်ထွက်သွားချင်း သူ့အစ်ကိုဧသောသည် တောကောင်လိုက်ရာမှပြန်လာ၏။ ဧသောသည်လည်း အရသာကောင်းသောဟင်းလျာကိုချက်၍ ဖခင်ထံသို့ယူလာပြီးလျှင် “အဖေ၊ အဖေ့သားယူလာသောတောကောင်သားဟင်းကို ထ၍ စားပြီး သားကိုကောင်းချီးပေးပါ”ဟု ဖခင်အားဆို၏။ ဖခင်ဣဇက်ကလည်း “သင်သည် မည်သူနည်း”ဟု မေးလျှင် ဧသောက “အကျွန်ုပ်သည် အဖေ့သား၊ အဖေ့သားဦးဧသောဖြစ်ပါသည်”ဟု ဆို၏။ ထိုအခါ ဣဇက်သည် အလွန်ထိတ်လန့်တုန်လှုပ်လျက် “သို့ဖြစ်လျှင် တောကောင်လိုက်ဖမ်း၍ ငါ့ထံသို့ယူလာခဲ့သောသူသည် မည်သူနည်း။ သင်ရောက်မလာမီ ငါသည် အကုန်စားပြီး သူ့ကိုကောင်းချီးပေးလေပြီ။ အကယ်စင်စစ် သူသည် ကောင်းချီးမင်္ဂလာကိုခံရလိမ့်မည်”ဟု ဆို၏။ ဧသောသည် ဖခင်၏စကားကိုကြားသောအခါ အလွန်ခါးသီးစွာခံစားရလျက် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးကာ “အဖေ၊ အကျွန်ုပ်ကို၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါ”ဟု ဖခင်အားဆိုလေ၏။ ဖခင်ကလည်း “သင့်ညီသည် လာ၍ လိမ်လည်လှည့်ဖြားပြီး သင်၏ကောင်းချီးမင်္ဂလာကို ယူသွားပြီ”ဟု ဆို၏။ ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။