YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 2:4-25

ကမ္ဘာဦး 2:4-25 Judson Bible (JBMLE)

ဤ​အ​ကြောင်း​အ​ရာ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော​နေ့၊ ဖန်​ဆင်း​ရာ​ကာ​လ၌ ကောင်း​ကင်​နှင့် မြေ​ကြီး​၏ မူ​လ​အ​တ္ထု​ပ္ပ​တ္တိ​ပေ​တည်း။ မြေ​၌ လယ်​ယာ​ပျိုး​ပင်​မ​ပေါက်​မီ၊ လယ်​ယာ​၌​စ​ပါး​ပင်​မ​ကြီး​ပွား​မီ၊ အ​ပင်​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ပေါ်​၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး။ မြေ၌​လုပ်​သော​လူ​လည်း မ​ရှိ​သေး​သည်​ဖြစ်​၍၊ မြေ​မှ​အ​ခိုး​အ​ငွေ့​ထွက်​သ​ဖြင့် မြေ​တစ်​ပြင်​လုံး​ကို စို​စေ​လေ​၏။ ထို​နောက်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​မှုန့်​ဖြင့် လူ​ကို​ဖန်​ဆင်း​၍၊ သူ၏​နှာ​ခေါင်း​ထဲ​သို့ ဇီ​ဝ​အ​သက်​ကို​မှုတ်​တော်​မူ​လျှင်၊ လူ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်​လေ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​လည်း အ​ရှေ့​မျက်​နှာ၊ ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို စိုက်​ပျိုး​ပြီး​လျှင်၊ ဖန်​ဆင်း​တော်​မူ​သော​လူ​ကို ထို​ဥ​ယျာဉ်​၌ နေ​ရာ​ချ​တော်​မူ​၏။ ထို​မြေ​ထဲ​က အ​ဆင်း​လှ၍၊ စား​ဖွယ်​ကောင်း​သော အ​ပင်​အ​မျိုး​မျိုး​ကို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ပေါက်​စေ​တော်​မူ​၏။ ထို​ဥ​ယျာဉ်​အ​လယ်၌ အ​သက်​ပင်​လည်း​ရှိ၏။ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​လည်း​ရှိ​၏။ ထို​ဥ​ယျာဉ်​ကို စို​စေ​လို​သော​ငှာ မြစ်​တစ်​မြစ်​သည် ဧ​ဒင်​အ​ရပ်​ထဲ​က​စီး​ထွက်​သ​ဖြင့်၊ ဥ​ယျာဉ်​ပြင်​မှာ လေး​ဖြာ​ကွဲ​၍ မြစ်​မ​လေး​သွယ်​ဖြစ်​လေ​၏။ ပ​ထ​မ​မြစ်​ကား ဖိ​ရှုန်​အ​မည်​ရှိ၏။ ထို​မြစ်​သည် ရွှေ​ရှိ​သော ဟာ​ဝိ​လ​ပြည်​နား တစ်​လျှောက်​လုံး​ကို စီး​သွား​လေ၏။ ထို​ပြည်​မှ​ဖြစ်​သော​ရွှေ​သည် ကောင်း​လှ​၏။ ဗ​ဓေ​လ​သစ်​စေး​နှင့် ရှ​ဟံ​ကျောက်​လည်း​ရှိ၏။ ဒု​တိ​ယ​မြစ်​ကား ဂိ​ဟုန်​အ​မည်​ရှိ​၏။ ထို​မြစ်​သည် ကု​ရှ​ပြည်​နား​တစ်​လျှောက်​လုံး​ကို စီး​သွား​လေ​၏။ တ​တိ​ယ​မြစ်​ကား ဟိ​ဒ​ကေ​လ​အ​မည်​ရှိ၏။ ထို​မြစ်​သည် အာ​ရှု​ရိ​တိုင်း အ​ရှေ့​သို့​စီး​သွား​လေ၏။ စ​တု​တ္ထ​မြစ်​ကား ဥ​ဖ​ရတ်​အ​မည်​ရှိ​၏။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ယူ၍ ဧ​ဒင်​ဥ​ယျာဉ်​ကို ပြု​စု​စောင့်​ရှောက်​စေ​ခြင်း​ငှာ ထား​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ကောင်း​မ​ကောင်း​ကို သိ​ကျွမ်း​ရာ​အ​ပင်​မှ​တစ်​ပါး၊ ထို​ဥ​ယျာဉ်​၌ ရှိ​သ​မျှ​သော​အ​ပင်​တို့​၏​အ​သီး​ကို သင်​သည်​စား​ရ​သော​အ​ခွင့်​ရှိ၏။ ထို​အ​ပင်၏​အ​သီး​ကို​ကား မ​စား​ရ။ စား​သော​နေ့​တွင် ဧ​ကန်​အ​မှန်​သေ​ရ​မည်​ဟု လူ​ကို​ပ​ညတ်​ထား​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ ယောက်ျား​သည် တစ်​ယောက်​တည်း​မ​နေ​ကောင်း၊ သူ​နှင့်​တော်​သော အ​ထောက်​အ​မ​ကို သူ့​ဖို့​ငါ​လုပ်​ဦး​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်၊ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို မြေ​ဖြင့်​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ လူ​သည် အ​ဘယ်​သို့​ခေါ်​ဝေါ်​သ​မုတ်​မည်​ကို​သိ​ခြင်း​ငှာ၊ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ၏။ လူ​သည်​လည်း အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ခေါ်​ဝေါ်​သ​မုတ်​သည်​အ​တိုင်း၊ နာ​မည်​အ​သီး​အ​သီး​ရှိ​ကြ​၏။ ထို​သို့​လူ​သည် သား​ယဉ်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက် အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သား​ရဲ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အ​မည်​ပေး၍​မှည့်​လေ၏။ သို့​သော်​လည်း လူ​နှင့်​တော်​သော​အ​ထောက်​အ​မ မ​ပေါ်​မ​ရှိ​သေး။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ကြီး​သော​အိပ်​ခြင်း​ဖြင့် အိပ်​စေ​တော်​မူ​၍၊ လူ​သည် အိပ်​ပျော်​စဉ်၊ နံ​ရိုး​တစ်​ချောင်း​ကို ဘု​ရား​သ​ခင်​ထုတ်​ပြီး​လျှင်၊ ထို​အ​ရိုး​အ​စား​အ​သား​ကို စေ့​စပ်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ထဲ​က​ထုတ်​သော​နံ​ရိုး​ဖြင့် လူ​မိန်း​မ​ကို​ဖန်​ဆင်း၍ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ​၏။ လူ​က​လည်း၊ ယ​ခု ဤ​သူ​သည် ငါ့​အ​ရိုး​ထဲ​က​အ​ရိုး၊ ငါ့​အ​သား​ထဲ​က​အ​သား​ဖြစ်​၏။ လူ​ထဲ​က​ထုတ်​သော​ကြောင့် သူ့​ကို​လူ​မိန်း​မ​ဟု ခေါ်​ဝေါ်​အပ်​သည်​ဟု ဆို​လေ​၏။ ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။ ထို​သူ​လင်​မ​ယား​နှစ်​ဦး​တို့​သည် အ​ဝတ်​မ​ဝတ်​ဘဲ​နေ၍၊ ရှက်​ကြောက်​ခြင်း​နှင့်​ကင်း​လွတ်​ကြ၏။

ကမ္ဘာဦး 2:4-25 Common Language Bible (BCL)

ဤ​နည်း​အား​ဖြင့်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊- မြေ​ပေါ်​သို့​မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး​သ ဖြင့်​အ​ပင်​မ​ပေါက်၊ အ​ညှောက်​လည်း​မ​ထွက် သေး။ မြေ​ကို​ထွန်​ယက်​မည့်​သူ​လည်း​မ​ရှိ​သေး။- သို့​ရာ​တွင်​မြေ​အောက်​မှ​ရေ​ထွက်​သ​ဖြင့်​မြေ ကို​စို​စေ​၏။ ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ဖြင့်​လူ​ကို​ဖန်​ဆင်း​ပြီး​လျှင် လူ​၏​နှာ​ခေါင်း ထဲ​သို့​ဇီ​ဝ​အ​သက်​ကို​မှုတ်​သွင်း​တော်​မူ​ရာ လူ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ ၏။ ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​ဘက်​ရှိ​ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို​တည် ပြီး​လျှင် ဖန်​ဆင်း​တော်​မူ​သော​လူ​ကို​ထို​ဥ​ယျာဉ် တွင်​နေ​စေ​တော်​မူ​၏။- ထို​ဥ​ယျာဉ်​တွင်​ရှု​ချင်​ဖွယ်​ကောင်း​၍ စား​ဖွယ် ကောင်း​သော​အ​သီး​ပင်​အ​မျိုး​မျိုး​ကို​ပေါက် စေ​တော်​မူ​၏။ ဥ​ယျာဉ်​အ​လယ်​တွင်​အ​သက် ရှင်​စေ​သော​အ​ပင်​ရှိ​၏။ အ​ကောင်း​နှင့်​အ​ဆိုး ကို​ပိုင်း​ခြား​သိ​မြင်​စေ​သော​အ​ပင်​လည်း​ရှိ ၏။ မြစ်​တစ်​မြစ်​သည်​ဧ​ဒင်​အ​ရပ်​တွင်​စီး​ထွက် လျက် ဥ​ယျာဉ်​ကို​ရေ​ပေး​၏။ ဧ​ဒင်​ဥ​ယျာဉ်​ကို ကျော်​လွန်​သော​အ​ခါ​မြစ်​လေး​သွယ်​ခွဲ​၍ ဖြာ​ဆင်း​၏။- ပ​ထ​မ​မြစ်​သည်​ကား​ဖိ​ရှုန်​မြစ်​ဖြစ်​၍ ဟာ​ဝိ​လ​ပြည်​ကို​ပတ်​၍​စီး​ဆင်း​၏။- (ဤ​အ​ရပ်​တွင်​ရွှေ​စင်​ထွက်​၏။ အ​ဖိုး​ထိုက်​တန် သော​နံ့​သာ​နှင့်​ကျောက်​မျက်​ရ​တ​နာ​လည်း ထွက်​၏။-) ဒု​တိ​ယ​မြစ်​သည်​ကား​ဂိ​ဟုန်​မြစ်​ဖြစ်​၍​ကု​ရှ ပြည်​ကို​ပတ်​၍​စီး​ဆင်း​၏။- တ​တိ​ယ​မြစ်​သည်​ကား​တိ​ဂ​ရစ်​မြစ်​ဖြစ်​၍ အာ​ရှု​ရိ​ပြည်​အ​ရှေ့​ဘက်​မှ​စီး​ဆင်း​၏။ စတုတ္ထ မြစ်​သည်​ကား​ဥ​ဖ​ရတ်​မြစ်​ဖြစ်​၏။ ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကို ထွန်​ယက်​စိုက်​ပျိုး​ရန်​နှင့်​စောင့် ရှောက်​ထိန်း​သိမ်း​ရန် လူ​ကို​ထို​ဥ​ယျာဉ်​တွင်​နေ စေ​တော်​မူ​၏။- ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``သင်​သည် အ​ကောင်း​နှင့်​အ​ဆိုး​ကို ပိုင်း​ခြား​သိ​မြင်​နိုင်​စေ သော​အ​ပင်​၏​အ​သီး​မှ​တစ်​ပါး ဥ​ယျာဉ်​ထဲ​၌ ရှိ​သ​မျှ​သော​အ​ပင်​၏​အ​သီး​ကို​စား​နိုင်​၏။ ထို​အ​ပင်​၏​အ​သီး​ကို​ကား​မ​စား​ရ။ စား သော​နေ့​၌​သေ​ရ​မည်'' ဟု​လူ​အား​ပညတ် တော်​မူ​၏။ ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​တစ်​ယောက်​တည်း​နေ​ထိုင်​ရန်​မ​သင့်။ သူ့ အား​ကူ​ညီ​ရန် သင့်​တော်​သော​အ​ဖော်​ကို​ငါ ဖန်​ဆင်း​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။- ထို​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ကို​ယူ​၍ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​ပြီး​လျှင် အ​သီး​သီး​တို့​အား​နာ​မည် မှည့်​ခေါ်​ရန် လူ​၏​ထံ​သို့​ယူ​ဆောင်​တော်​မူ​ခဲ့​၏။ လူ​က​မှည့်​ခေါ်​သည့်​အ​တိုင်း​နာ​မည်​တွင်​ကြ​၏။- လူ​သည်​တိရစ္ဆာန်​နှင့်​ငှက်​အား​လုံး​တို့​အား​နာ မည်​မှည့်​ခေါ်​သော်​လည်း ၎င်း​တို့​အ​နက်​မှ​လူ ကို​ကူ​ညီ​ရန်​သင့်​တော်​သော​အ​ဖော်​မ​ပေါ် မ​ရှိ။ ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​နှစ်​ခြိုက်​စွာ​အိပ်​မော​ကျ​စေ​တော်​မူ​၏။ အိပ်​နေ​စဉ်​နံ​ရိုး​တစ်​ချောင်း​ကို​ထုတ်​ယူ​ပြီး လျှင် အ​သား​ကို​ပြန်​၍​ပိတ်​တော်​မူ​၏။- ထို​နောက်​ထို​နံ​ရိုး​ဖြင့်​မိန်း​မ​ကို​ဖန်​ဆင်း​၍ လူ​၏​ထံ​သို့​ခေါ်​ဆောင်​ခဲ့​တော်​မူ​၏။- လူ​က​လည်း၊ ``ဤ​သူ​သည်​ငါ့​အ​ရိုး​မှ​အ​ရိုး၊ငါ့​အ​သား​မှ အ​သား​ဖြစ်​၏။ သူ့​အား​လူ​ယောကျာ်း​မှ​ထုတ်​ယူ​ရ​သ​ဖြင့် `လူ​မိန်း​မ' ဟု​မှည့်​ခေါ်​ရ​မည်'' ဟု​ဆို​၏။ ထို​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိ​ဘ​ကို စွန့်​၍​ဇ​နီး​နှင့်​စုံ​ဖက်​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​တစ်​သွေး​တစ်​သား​တည်း​ဖြစ်​လာ ကြ​၏။ ထို​သူ​နှစ်​ဦး​စ​လုံး​တွင်​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​နေ​သော်​လည်း​ရှက်​ကြောက်​ခြင်း​မ​ရှိ။

ကမ္ဘာဦး 2:4-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​စဉ်​အခါက ၎င်း​တို့​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ရာ​ကာလ​တွင် မြေကြီး​ပေါ်၌ မည်သည့်​တော​ချုံ​မျှ​မ​ရှိ​သေး​၊ မည်သည့်​တော​မြက်ပင်​မျှ​လည်း​မ​ပေါက်​သေး​။ အကြောင်းမူကား ထာဝရအရှင်​ဘုရားသခင်​သည် မြေကြီး​ပေါ်၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး​။ မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​လူ​လည်း မ​ရှိ​သေး​ချေ​။ သို့သော် မြေကြီး​မှ​ရေခိုးရေငွေ့​ထွက်​၍ မြေ​တစ်ပြင်လုံး​ကို စိုစွတ်​စေ​၏​။ ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူ​ကို​ပုံဖော်ဖန်ဆင်း​၍ သူ​၏​နှာခေါင်း​ထဲသို့ ဇီဝ​အသက်​ကို မှုတ်သွင်း​တော်မူ​ရာ လူ​သည် သက်ရှိသတ္တဝါ​ဖြစ်လာ​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် အရှေ့ဘက်​ရှိ​ဧဒင်​အရပ်​၌ ဥယျာဉ်​ကို​စိုက်ပျိုး​ပြီးလျှင် မိမိ​ပုံဖော်ဖန်ဆင်း​ထား​သော​လူ​ကို ထို​ဥယျာဉ်​၌ နေရာ​ချထား​တော်မူ​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် ရှုချင်စဖွယ်​ကောင်း​သော​၊ စားဖွယ်​ကောင်း​သော​အပင်​အမျိုးမျိုး​ကို မြေ​မှ​ပေါက်​စေ​တော်မူ​၏​။ ဥယျာဉ်​အလယ်​၌ အသက်​ပင်​နှင့် အကောင်း​အဆိုး​သိကျွမ်း​ရာ​အပင်​ရှိ​၏​။ ဥယျာဉ်​ကို​စိုစွတ်​စေရန် မြစ်​တစ်​မြစ်​သည် ဧဒင်​အရပ်​မှ​စီးထွက်​၍ ထို​နေရာ​မှ​လေး​ဖြာ​ကွဲ​ပြီး မြစ်​လေး​သွယ်​ဖြစ်​လေ​၏​။ ပထမ​မြစ်​၏​အမည်​ကား ဖိရှုန်​ဖြစ်​၏​။ ထို​မြစ်​သည် ရွှေ​ထွက်​သော ဟဝိလ​ပြည်​တစ်လျှောက်​ကို ကွေ့ပတ်​စီးဆင်း​လေ​၏​။ ထို​ပြည်​မှ​ထွက်​သော​ရွှေ​သည် ကောင်း​လှ​၏​။ ပယင်း​နှင့်​မဟူရာကြောင်ဝင်​ကျောက်​တို့​လည်း ထွက်​၏​။ ဒုတိယ​မြစ်​၏​အမည်​ကား ဂိဟုန်​ဖြစ်​၏​။ ထို​မြစ်​သည် ကုရှ​ပြည်​တစ်လျှောက် ကွေ့ပတ်​စီးဆင်း​လေ​၏​။ တတိယ​မြစ်​၏​အမည်​ကား တိုက်ဂရစ်​ဖြစ်​၏​။ ထို​မြစ်​သည် အဆီးရီးယား​ပြည်​၏​အရှေ့ဘက်​သို့ စီးဆင်း​လေ​၏​။ စတုတ္ထ​မြစ်​ကား ယူဖရေးတီး​မြစ်​ဖြစ်​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို​ခေါ်ဆောင်​၍ ဧဒင်​ဥယျာဉ်​ကို​ပြုစု​စောင့်ရှောက်​စေရန် ထို​ဥယျာဉ်​၌​ထား​တော်မူ​၏​။ ထာဝရအရှင်​ဘုရားသခင်​က လူ​အား “​သင်​သည် ဥယျာဉ်​၌​ရှိသမျှ​သော​အပင်​၏​အသီး​ကို လွတ်လပ်​စွာ​စား​ခွင့်​ရှိ​၏​။ သို့သော် အကောင်း​အဆိုး​သိကျွမ်း​ရာ​အပင်​၏​အသီး​ကို မ​စား​ရ​။ အကြောင်းမူကား ထို​အသီး​ကို​စား​သော​နေ့​တွင် သင်​သည် မုချ​သေ​ရ​မည်​”​ဟု ပညတ်​ထား​တော်မူ​၏​။ ထို့နောက် ထာဝရအရှင်​ဘုရားသခင်​က “​လူ​သည် တစ်ယောက်တည်း​မ​နေ​ကောင်း​။ သူ​နှင့်​သင့်တော်​သည့် ကူညီမစသူ​ကို သူ့​အတွက် ငါ​ဖန်ဆင်း​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​အမျိုးမျိုး​နှင့် မိုးကောင်းကင်​ငှက်​အမျိုးမျိုး​တို့​ကို မြေကြီး​ဖြင့်​ပုံဖော်ဖန်ဆင်း​ပြီးလျှင် ၎င်း​တို့​ကို လူ​က​မည်သို့​မှည့်ခေါ်​မည်​ကို သိရှိ​ရန် လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။ သက်ရှိသတ္တဝါ​တို့​သည် လူ​မှည့်ခေါ်​သည့်​အတိုင်း နာမည်​အသီးသီး​ရ​ကြ​၏​။ ထိုသို့ လူ​သည် ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​နှင့် မိုးကောင်းကင်​ငှက်​တို့​ကို​လည်းကောင်း​၊ တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​ကို​လည်းကောင်း အမည်​မှည့်ခေါ်​လေ​၏​။ သို့သော် အာဒံ​နှင့်​သင့်တော်​သည့် အထောက်အမ မ​ရှိ​သေး​ချေ​။ ထို့ကြောင့် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ကို အိပ်မောကျ​စေ​တော်မူ​၍ သူ​အိပ်ပျော်​စဉ် သူ​၏​နံရိုး​တစ်​ချောင်း​ကို ထုတ်ယူ​ပြီးလျှင် ထို​နေရာ​ကို အသား​ဖြင့်​ပြန်ပိတ်​တော်မူ​၏​။ ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ထဲမှ​ထုတ်ယူ​သော​နံရိုး​ဖြင့် မိန်းမ​ကို​ဖန်ဆင်း​၍ လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။ ထိုအခါ လူ​က “​ယခု ဤ​သူ​သည် ငါ့​အရိုး​ထဲက​အရိုး​၊ ငါ့​အသား​ထဲက​အသား​ဖြစ်​၏​။ သူ့​ကို ယောက်ျား​ထဲမှ​ထုတ်ယူ​သောကြောင့် မိန်းမ ဟူ၍​မှည့်ခေါ်​မည်​”​ဟု ဆို​လေ​၏​။ ထိုအကြောင်းကြောင့် ယောက်ျား​သည် မိဘ​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​တို့​သည် တစ်သားတစ်ကိုယ်တည်း ဖြစ်​ကြ​လိမ့်မည်​။ ထို​လူ​လင်မယား​နှစ်ဦးစလုံး​တို့​သည် အဝတ်မပါ​အချည်းစည်း​နေ​ကြ​သော်လည်း ရှက်ကြောက်​ခြင်း​မ​ရှိ​ကြ​ပေ​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။