ဂလာတိ 5:17-25
ဂလာတိ 5:17-25 Judson Bible (JBMLE)
အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်သော အလိုရှိကြ၏။ တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။- သို့သော်လည်း ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။- ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊- ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊- သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။- ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊- နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။- ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကိုလည်းကောင်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကိုလည်းကောင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။- သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။
ဂလာတိ 5:17-25 Common Language Bible (BCL)
အဘယ်ကြောင့်ဆိုသော်လူ့ဇာတိအလိုသည် ဝိညာဉ်တော်အလိုနှင့်ဆန့်ကျင်လျက်နေ၍ ဝိညာဉ်တော်အလိုသည်လည်း လူ့ဇာတိအလို နှင့်ဆန့်ကျင်လျက်နေသောကြောင့်ဖြစ်၏။ လူ့ ဇာတိသဘောနှင့်ဝိညာဉ်တော်သည်ရန်သူ များဖြစ်ကြ၏။ သို့ဖြစ်၍သင်တို့သည်မိမိ တို့အလိုဆန္ဒရှိသည်အတိုင်းမပြုနိုင်ကြ။- ဝိညာဉ်တော်သည်သင်တို့အားဦးဆောင်လမ်းပြ တော်မူလျှင် သင်တို့သည်ပညတ်တရား၏လက် အောက်ခံမဟုတ်တော့ပေ။ လူ့ဇာတိနှင့်ဆိုင်သောအပြုအမူများမှာ သိသာထင်ရှား၏။ ထိုအရာများကားကာမ ဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းခြင်း၊ အကျင့် ပျက်ခြင်း၊- ရုပ်တုကိုကိုးကွယ်ခြင်း၊ စုန်းအတတ်ဖြင့်ပြုစား ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ကြီးပွားကျော်ကြားလိုစိတ် ရှိခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊- ငြူစူခြင်း၊ သေရည်သောက်ကြူးခြင်း၊ သောက်စား ပျော်ပါးခြင်းအစရှိသည်တို့ဖြစ်၏။ ဤနည်း အတိုင်းပြုကျင့်ကြသူတို့သည်ဘုရားသခင် ၏နိုင်ငံတော်ကိုအပိုင်ရကြမည်မဟုတ်။ ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊- နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း တို့ပေတည်း။ ဤအရာများနှင့်ပတ်သက်၍ပြဋ္ဌာန်း ထားသည့်တရားဥပဒေဟူ၍မရှိ။- ခရစ်တော်ယေရှု၏တပည့်များသည်လူ့ဇာတိစိတ် နှင့်၎င်း၏လိုအင်ဆန္ဒများကို လက်ဝါးကပ်တိုင်ပေါ် တွင်တင်၍ကွပ်မျက်လိုက်ကြလေပြီ။- ဝိညာဉ်တော်သည်ငါတို့အားအသက်ရှင်စေပြီ။ ဝိညာဉ်တော်ဦးဆောင်လမ်းပြတော်မူသည် အတိုင်းကျင့်ရကြမည်။
ဂလာတိ 5:17-25 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိသည် ဝိညာဉ်တော်နှင့်ဆန့်ကျင်သောအရာကို တောင့်တ၍ ဝိညာဉ်တော်သည် သွေးသားဇာတိနှင့်ဆန့်ကျင်သောအရာကို တောင့်တ၏။ ဤသို့ဖြင့် ၎င်းတို့သည် တစ်ပါးနှင့်တစ်ပါးဆန့်ကျင်ကြသည်ဖြစ်၍ သင်တို့သည် ပြုလိုသောအရာများကို မပြုနိုင်ကြပေ။ သို့ရာတွင် ဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကိုခံရလျှင် သင်တို့သည် ပညတ်တရားအောက်၌ ရှိကြသည်မဟုတ်။ သွေးသားဇာတိနှင့်ဆိုင်သော လုပ်ဆောင်မှုတို့မူကား သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊ မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။ ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ။ ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။ ငါတို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ဝိညာဉ်တော်နှင့်ထက်ကြပ်မကွာလိုက်လျှောက်ကြကုန်စို့။