ထွက်မြောက်ရာ 20:3-17
ထွက်မြောက်ရာ 20:3-17 Judson Bible (JBMLE)
ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကိုပြသော ဘုရားဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။ ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား၊ မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ သင်၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟု မိန့်တော်မူ၏။
ထွက်မြောက်ရာ 20:3-17 Common Language Bible (BCL)
``ငါမှလွဲ၍ အခြားသောဘုရားကိုမကိုး ကွယ်ရ။ ``မိုးကောင်းကင်သတ္တဝါ၊ မြေကြီးပေါ်ရှိသတ္တဝါ၊ မြေကြီးအောက်ရေထဲရှိသတ္တဝါတို့နှင့် ပုံသဏ္ဌာန် တူသောရုပ်တုကိုသင်တို့အတွက်မထုလုပ်ရ။- ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။- သို့ရာတွင်ငါ့ကိုချစ်၍ငါ့ပညတ်တို့ကိုစောင့် ထိန်းသောသူတို့အား အမျိုးအစဉ်အဆက် ထောင်သောင်းတိုင်အောင်ငါ၏မေတ္တာကိုပြ တော်မူမည်။ ``သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမကိုအလွဲသုံးစားမပြုရ။ ထိုသို့ အလွဲသုံးစားပြုသူအားငါဒဏ်ခတ် မည်။ ``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။- သင်သည်ခြောက်ရက်ပတ်လုံးအလုပ်ကိုလုပ် လော့။- သတ္တမနေ့သည် ထာဝရဘုရားအတွက်သီး သန့်ထားသောနားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍သင်၏သားသမီးများ၊ ကျေးကျွန် များ၊ တိရစ္ဆာန်များ၊ ဧည့်သည်အာဂန္တုများ သည်အလုပ်မလုပ်ရ။- ထာဝရဘုရားသည်ခြောက်ရက်အတွင်းမိုး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်ထိုအရပ်တို့ ၌ရှိသမျှတို့ကိုဖန်ဆင်း၍သတ္တမနေ့တွင် နားနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရား သည်ထိုနားရက်ကိုကောင်းချီးပေး၍ နေ့ထူး နေ့မြတ်သတ်မှတ်တော်မူ၏။ ``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။ ``လူ့အသက်ကိုမသတ်နှင့်။ ``သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။ ``သူ့ဥစ္စာကိုမခိုးနှင့်။ ``သူတစ်ပါး၏တစ်ဘက်၌မတရားသက်သေ မခံနှင့်။ ``သူတစ်ပါး၏အိမ်ကိုလိုချင်တပ်မက်သော စိတ်မရှိနှင့်။ သူတစ်ပါး၏မယား၊ ကျေးကျွန်၊ နွား၊ မြည်းမှစ၍သူပိုင်ဆိုင်သမျှတို့ကို မတပ်မက်နှင့်'' ဟုမိန့်တော်မူသတည်း။
ထွက်မြောက်ရာ 20:3-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သင်၌ ငါမှတစ်ပါး အခြားဘုရား မရှိစေရ။ အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။ ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊ ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည်မဟုတ်။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရန် အောက်မေ့လော့။ သင်၏အလုပ်ရှိသမျှကို ခြောက်ရက်ပတ်လုံး အားထုတ်လုပ်ဆောင်လော့။ သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ သင်၏ကျွန်ယောက်ျားကျွန်မိန်းမ၊ သင်၏တိရစ္ဆာန်နှင့် သင့်မြို့အတွင်းရှိတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။ အကြောင်းမူကား ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ခြောက်ရက်ပတ်လုံးဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာဝရဘုရားသည် ဥပုသ်နေ့ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။ လူမသတ်ရ။ အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ။ မခိုးရ။ သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ မမှန်သောသက်သေမထွက်ဆိုရ။ သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ။”