ဧသတာ 7:1-10
ဧသတာ 7:1-10 Judson Bible (JBMLE)
တစ်ဖန် ရှင်ဘုရင်နှင့် ဟာမန်သည်၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှာ သွားကြ၏။ ဒုတိယနေ့ရက်၌ စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တစ်ဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊ မိဖုရား ဧသတာက၊ အရှင်မင်းကြီး၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း၊ အမျိုးသားချင်းအသက်ကို ချမ်းသာပေးတော်မူပါ။ ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်းတို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှာ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှာ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဖိုးကိုပေးနိုင်သော်လည်း၊ ကျွန်တော်မ တိတ်ဆိတ်စွာ နေပါမည်ဟု လျှောက်လေ၏။ ရှင်ဘုရင်အာရွှေရုကလည်း၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း။ အဘယ်မှာရှိသနည်းဟု မိဖုရားဧသတာအား မေးတော်မူလျှင်၊ ဧသတာက၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သောဟာမန် ဖြစ်ပါ၏ဟုလျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်းသို့ ရောက်လေ၏။ ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှ ထ၍ ဥယျာဉ်တော်သို့ သွားတော်မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့မှာ တောင်းပန်ခြင်းငှာ ထ၏။ ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည်သောက်ပွဲခံရာ အရပ်သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင်သော သာလွန်နားမှာ ဟာမန်သည် ပျပ်ဝပ်လျက်နေသည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏မျက်နှာကို ဖုံးကြ၏။ မိန်းမစိုး ဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကိုစောင့်၍ လျှောက်ထားသော မော်ဒကဲအဖို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။ ထိုသို့ မော်ဒကဲအဖို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော်မူ၏။
ဧသတာ 7:1-10 Common Language Bible (BCL)
ဤသို့ဖြင့်မင်းကြီးနှင့်ဟာမန်သည် ဧသတာ ၏ညစာစားပွဲသို့- ဒုတိယအကြိမ်သွားရောက်ကြ၏။ မင်းကြီး သည်စပျစ်ရည်သောက်လျက်နေစဉ်ဧသတာ အား``မိဖုရားဧသတာ၊ အဘယ်ဆုကိုတောင်း လိုပါသနည်း။ ငါ့အားပြောကြားလော့။ သင့် အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော် တစ်ဝက်တိုင်အောင်သင့်အားငါပေးမည်'' ဟု မိန့်တော်မူ၏။ မိဖုရားဧသတာက``အရှင်မင်းကြီးကျွန် တော်မသည်စိတ်တော်နှင့်တွေ့၍တောင်းလျှောက် သည်ကိုပေးတော်မူမည်ဆိုပါလျှင် ကျွန်တော် မ၏အသက်နှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့၏အသက်ကိုချမ်းသာပေးတော် မူပါ။- ကျွန်တော်မနှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့အားရောင်းစားလိုက်ကြပြီဖြစ်၍ ကျွန်တော်မတို့သည်သေရကြပါတော့မည်။ အကယ်၍ကျွန်ဘဝသို့ရောက်ရကြရုံသာ ဆိုလျှင်ကျွန်တော်မသည်အရှင်မင်းကြီး အားအနှောင့်အယှက်မပေးဘဲကြိတ်၍ခံ မည်သာဖြစ်ပါ၏။ ယခုမှာမူကျွန်တော် မတို့သည်အမျိုးပြုတ်အောင်သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြပါတော့မည်'' ဟုလျှောက်၏။ ထိုအခါဧကရာဇ်မင်းက``ဤသို့သော အမှုမျိုးကိုအဘယ်သူပြုရဲသနည်း။ ထိုသူကားအဘယ်မှာရှိသနည်း'' ဟု မေးတော်မူ၏။ ဧသတာက``ကျွန်တော်မတို့၏ရန်သူ၊ ကျွန် တော်မတို့အား နှိပ်စက်ညှင်းပန်းသူမှာဤ သူယုတ်မာဟာမန်ပင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်လေ၏။ ထိုအခါဟာမန်သည်ကြောက်လန့်တုန်လှုပ် လျက်နေတော့၏။- မင်းကြီးသည်အမျက်ထွက်၍ညစာစား ပွဲမှထပြီးလျှင်ဥယျာဉ်တော်သို့ကြွတော် မူ၏။ ဟာမန်သည်ဤအမှုကိစ္စအတွက် မိမိအားဧကန်မုချမင်းကြီးအပြစ်ပေး တော်မူမည်ကိုသိသဖြင့် မိမိ၏အသက် ကိုချမ်းသာပေးပါမည့်အကြောင်း ဧသတာအားအသနားခံရန်နေ ရစ်ခဲ့၏။- သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။ ထိုနောက်မိန်းမစိုးဟာဗောနက``ဟာမန် သည်အရှင်မင်းကြီး၏အသက်ကိုကယ် ဆယ်သူမော်ဒကဲအားသတ်ရန် မိမိ၏ အိမ်၌လည်ဆွဲစိုက်ထူထားပါသည်။ ထို လည်ဆွဲတိုင်သည်ခုနစ်ဆယ့်ငါးပေမြင့် ပါ၏'' ဟုလျှောက်လေ၏။ မင်းကြီးက``ဟာမန်ကိုထိုတိုင်၌ဆွဲထား ကွပ်မျက်စေ'' ဟုအမိန့်ပေးတော်မူ၏။ သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
ဧသတာ 7:1-10 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဤသို့ဖြင့် ရှင်ဘုရင်နှင့် ဟာမန်သည် မိဖုရားဧသတာ၏စားသောက်ပွဲသို့ ရောက်လာကြ၏။ ဒုတိယနေ့ စပျစ်ဝိုင်သောက်ချိန်တွင်လည်း ရှင်ဘုရင်က မိဖုရားဧသတာအား “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင့်ကို ငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆို၏။ မိဖုရားဧသတာကလည်း “အို အရှင်မင်းကြီး၊ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်၊ အရှင်မင်းကြီး စေတနာစိတ်ရှိမည်ဆိုလျှင် ကျွန်တော်မျိုးမ၏အသက်ကို ချမ်းသာပေးစေလိုပါ၏။ ကျွန်တော်မျိုးမ၏လူမျိုးတို့ အသက်ကိုလည်း ချမ်းသာပေးမည့်အကြောင်း တောင်းဆိုလိုပါ၏။ ကျွန်တော်မျိုးမနှင့်ကျွန်တော်မျိုးမ၏လူမျိုးတို့သည် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းခံရရန် ရောင်းစားခံလိုက်ရပါပြီ။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ရောင်းစားခံရလျှင် ဘာမျှမပြောဘဲနေပါမည်။ ဤဒုက္ခမျှလောက်နှင့်သာဆိုလျှင် အရှင်မင်းကြီးကိုအနှောင့်အယှက်မပေးဘဲ နေပါမည်”ဟု လျှောက်တင်လေ၏။ ထိုအခါ အာရွှေရုမင်းကြီးက မိဖုရားဧသတာအား “ထိုသို့ပြုရန် စိတ်ရဲတင်းသူကား အဘယ်သူနည်း။ အဘယ်မှာ နေသနည်း”ဟု မေးလျှင် ဧသတာကလည်း “ကျွန်တော်မျိုးမကို ရန်ပြုသောရန်သူကား ဤလူယုတ်မာဟာမန်ဖြစ်ပါသည်”ဟု ဆိုလျှင် ဟာမန်သည် ရှင်ဘုရင်နှင့် မိဖုရားရှေ့တွင် ကြောက်လန့်တုန်လှုပ်လေ၏။ ရှင်ဘုရင်သည် ဒေါသတကြီးနှင့် စပျစ်ဝိုင်သောက်ရာမှထ၍ နန်းတော်ဥယျာဉ်ဘက်သို့ ထွက်သွားလေ၏။ ဟာမန်မူကား ရှင်ဘုရင်သည် မိမိအား ကျိန်းသေအပြစ်ဒဏ်ပေးတော့မည်ကို သိသဖြင့် မိမိကိုအသက်ချမ်းသာပေးမည့်အကြောင်း မိဖုရားဧသတာရှေ့တွင်ရပ်လျက် တောင်းပန်လေ၏။ ရှင်ဘုရင်သည် နန်းတော်ဥယျာဉ်မှ စပျစ်ဝိုင်သောက်ရာနေရာသို့ ပြန်ဝင်လာ၍ ဧသတာလျောင်းရာညောင်စောင်းတွင် ဟာမန်ပျပ်ဝပ်နေသည်ကို မြင်လျှင် ရှင်ဘုရင်က “ငါ့မျက်စိရှေ့ နန်းတွင်းမှာပင် မိဖုရားကို ကိုယ်ထိလက်ရောက်စော်ကားမည်လော”ဟု ရှင်ဘုရင်နှုတ်မှ ဆိုလိုက်သည်နှင့် မင်းမှုထမ်းတို့သည် ဟာမန်၏မျက်နှာကို ဖုံးအုပ်လိုက်ကြ၏။ ထိုအခါ မိန်းမစိုးတစ်ဦးဖြစ်သော ဟာဗောနက ရှင်ဘုရင်အား “အရှင်မင်းကြီးကောင်းကျိုးအတွက် လျှောက်တင်ခဲ့သောမော်ဒကဲကို ချိတ်ဆွဲရန် ဟာမန်ပြုလုပ်ထားသည့် အတောင်ငါးဆယ်မြင့်သောသစ်တိုင်သည် ဟာမန်အိမ်၌စိုက်ထူထားပါသည်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်က “ထိုသစ်တိုင်ပေါ်တွင် သူ့ကိုချိတ်ဆွဲထားစေ”ဟု အမိန့်ပေးလေ၏။ ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။