ဧဖက် 1:17-23
ဧဖက် 1:17-23 Judson Bible (JBMLE)
ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဉာဏ်ကိုလည်းကောင်း၊ သင်တို့အား ပေးပါမည်အကြောင်း၊- ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊- ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊ သင်တို့သည်သိစေခြင်းငှာ၊ သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပတ္ထနာပြု၏။- ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။- ခပ်သိမ်းသော အထွတ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ယာတော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊- ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်အဖို့အလိုငှာ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။- ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံစေတော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။
ဧဖက် 1:17-23 Common Language Bible (BCL)
သင်တို့သည်ဘုရားသခင်ကိုသိကျွမ်းခြင်း အလို့ငှာသင်တို့အားဉာဏ်ပညာကိုပေး၍ ဘုရားသခင်ကိုပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ကိုသင်တို့ရရှိကြစေရန် ငါ တို့သခင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးသောအဖခမည်းတော်ထံငါ လျှောက်ထား၏။- ကိုယ်တော်သည်သင်တို့အားအဘယ်သို့သော အရာကိုမျှော်လင့်ကြစေရန်ခေါ်ယူတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏လူစု တော်အားကတိထားတော်မူသောအံ့သြ ဖွယ်ရာကောင်းချီးမင်္ဂလာများမှာ အဘယ် မျှများပြားသည်ကိုလည်းကောင်း၊ ယုံကြည် သူငါတို့အတွင်း၌လုပ်ဆောင်လျက်ရှိ သောတန်ခိုးတော်သည်အဘယ်မျှကြီး မားသည်ကိုလည်းကောင်း သင်တို့သိမြင် ကြစေရန်သင်တို့၏ဉာဏ်မျက်စိကိုပွင့် လင်းစေတော်မူပါမည့်အကြောင်း ငါသည် ဆုတောင်းပတ္ထနာပြု၏။ ငါတို့အတွင်း ၌လုပ်ဆောင်လျက်ရှိသည့်တန်ခိုးတော် ကား၊- ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ကောင်းကင်လောကတွင်မိမိ ၏လက်ယာတော်ဘက်၌စံမြန်းစေတော် မူသောအခါက ဘုရားသခင်အသုံးပြု တော်မူခဲ့သည့်တန်ခိုးတော်ပင်ဖြစ်သတည်း။- ထိုကောင်းကင်လောကတွင်ခရစ်တော်သည် ကောင်းကင်လောကကိုအစိုးရသူများ၊ အာ ဏာပိုင်များ၊ တန်ခိုးရှင်များနှင့်အရှင်သခင် အပေါင်းတို့၏အထွတ်အထိပ်အဖြစ်ဖြင့် အုပ်စိုးတော်မူ၏။ ကိုယ်တော်၏နာမတော် သည်မျက်မှောက်လောကနှင့်အနာဂတ် လောက၌ ခေါ်ဝေါ်သမုတ်နိုင်သောအထွတ် အထိပ်ဘွဲ့နာမအပေါင်းတို့ထက်ကြီး မြတ်တော်မူပေသည်။- ဘုရားသခင်သည်ခပ်သိမ်းသောအရာတို့ကို ခရစ်တော်၏ခြေဖဝါးတော်အောက်တွင်ချ ထား၍ ကိုယ်တော်အားအသင်းတော်အဖို့ အထွတ်အထိပ်အရှင်သခင်အဖြစ်ဖြင့် ခန့်ထားတော်မူ၏။- ထိုအသင်းတော်ကားအလုံးစုံတို့ကိုပြည့်ဝ စုံလင်စေတော်မူသောသူပြည့်ဝစုံလင်ခြင်း တည်းဟူသောခရစ်တော်၏ကိုယ်ခန္ဓာဖြစ် သတည်း။
ဧဖက် 1:17-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါတို့သခင်ယေရှုခရစ်တော်၏ဘုရားသခင်တည်းဟူသော ဘုန်းအသရေနှင့်ပြည့်စုံတော်မူသည့်ခမည်းတော်သည် မိမိကိုသိရှိစေရန် ဉာဏ်ပညာနှင့်ဗျာဒိတ်တော်ဆိုင်ရာဝိညာဉ်ကို သင်တို့အား ပေးတော်မူမည့်အကြောင်းနှင့် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါ၏လုပ်ဆောင်မှုအားဖြင့် ယုံကြည်သောငါတို့အပေါ်သက်ရောက်သည့် ကိုယ်တော်၏တန်ခိုးသည် မည်မျှထူးကဲကြီးမားသည်ကိုလည်းကောင်း သင်တို့အားသိစေမည့်အကြောင်း တောင်းလျှောက်၏။ ဘုရားသခင်သည် ထိုအစွမ်းသတ္တိနှင့်တန်ခိုးအရှိန်အဝါတို့ကို ခရစ်တော်ထဲ၌ သက်ဝင်လှုပ်ရှားစေတော်မူ၍ ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေကာ ခပ်သိမ်းသော အုပ်ချုပ်မှု၊ အာဏာစက်၊ တန်ခိုး၊ စိုးပိုင်ခွင့်နှင့် မျက်မှောက်ကာလ၌သာမက တမလွန်ကာလ၌လည်း ခေါ်ဝေါ်သမုတ်ခြင်းခံရသည့် ဘွဲ့နာမရှိသမျှတို့၏အပေါ် အထက်ကောင်းကင်အရပ်၌ မိမိ၏လက်ယာတော်ဘက်တွင် ထိုင်စေတော်မူ၏။ အရာခပ်သိမ်းတို့ကိုလည်း ခရစ်တော်၏ခြေတော်အောက်၌ ချထား၍ ကိုယ်တော်ကို အရာခပ်သိမ်းတို့အပေါ် ဦးခေါင်းဖြစ်စေပြီး အသင်းတော်အားပေးတော်မူ၏။ ထိုအသင်းတော်သည် အလုံးစုံတို့ကို အလုံးစုံတို့၌ ပြည့်စုံစေတော်မူသောအရှင်၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ခန္ဓာတော်ဖြစ်၏။