ဒံယေလ 6:1-9
ဒံယေလ 6:1-9 Judson Bible (JBMLE)
ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေးအလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တစ်ရာနှစ်ဆယ် တို့ကိုလည်းကောင်း၊ အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှာ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီးသုံးပါးကိုလည်းကောင်း အလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင် ဒံယေလသည် ဝန်ကြီးအရာကိုရသည်သာမက၊ ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော်တစ်နိုင်ငံလုံးကို သူ၌ အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော်မူ၏။ ထိုအခါ ဝန်ကြီးနှင့် မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကိုရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှ မရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊ ဘုရားသခင်၏ ဘာသာမှုမှတစ်ပါး အခြားသောအမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကို ငါတို့မတွေ့နိုင်ကြဟု တိုင်ပင်ပြောဆိုပြီးမှ၊ အထံတော်သို့ လာရောက်စည်းဝေးကြ၍၊ အရှင်မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ ကိုယ်တော်မြတ်မှတစ်ပါး အခြားသော လူကိုဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်ရမည်ဟု မဖောက်ပြန်နိုင်သော အမိန့်တော်မြတ်ကို ထုတ်စေခြင်းငှာ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။ သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှာ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊ ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ်ခတ်တော်မူ၏။
ဒံယေလ 6:1-9 Common Language Bible (BCL)
ဒါရိမင်းသည်မိမိ၏အင်ပါယာနိုင်ငံ တစ်ဝန်းလုံးအုပ်ချုပ်မှုအတွက် ဘုရင်ခံ တစ်ရာ့နှစ်ဆယ်ကိုခန့်ထားရန်ဆုံးဖြတ် တော်မူပြီးလျှင်၊- ဒံယေလနှင့်အခြားသူနှစ်ယောက်တို့ အားဘုရင်ခံများကိုကွပ်ကဲကြီးကြပ် ရန်နှင့် ဘုရင့်အကျိုးတော်ကိုစောင့်ရှောက် ရန်အတွက်ရွေးချယ်ခန့်ထားတော်မူ၏။- ထို့နောက်မကြာမီဒံယေလသည်အခြား ကြီးကြပ်ရေးအဖွဲ့ဝင်များဘုရင်ခံများ ထက်ပို၍ အရည်အချင်းကောင်းမွန်သူ ဖြစ်ကြောင်းသိသာထင်ရှားလာ၏။ သူသည် အလွန်ပင်ထူးချွန်သဖြင့် မင်းကြီးသည် သူ့အားအင်ပါယာနိုင်ငံတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်စေရန်အကြံရှိတော် မူ၏။- ထိုအခါအခြားကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်ဘုရင်ခံတို့သည် ဒံယေလ၏စီမံ အုပ်ချုပ်မှု၌အမှားကိုရှာကြလေသည်။ သို့ရာတွင်မည်သည့်အမှားကိုမျှမတွေ့ မရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဒံယေလ သည်သစ္စာရှိသူဖြစ်သဖြင့်မည်သည့်အမှား၊ မည်သည့်မရိုးမဖြောင့်မှုကိုမျှမပြု သောကြောင့်ဖြစ်၏။- သူတို့က``ငါတို့သည်ဒံယေလအား သူ ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်သော ကိစ္စမှတစ်ပါး အခြားအဘယ်အမှုတွင် မျှပြစ်တင်စွပ်စွဲစရာတွေ့နိုင်မည်မဟုတ်'' ဟုအချင်းချင်းပြောဆိုကြ၏။ ထိုနောက်သူတို့သည်မင်းကြီးရှေ့တော်သို့ သွားရောက်၍``ဒါရိမင်းမြတ်သက်တော်ရာ ကျော်ရှည်တော်မူပါစေ။- အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။- ထိုအမိန့်တော်ကိုအရှင်မင်းကြီးထုတ် ၍တံဆိပ်ခတ်နှိပ်၍လက်မှတ်ရေးထိုး တော်မူပါလျှင် ယင်းအမိန့်တော်သည်ပြင် ဆင်ပြောင်းလဲ၍မရနိုင်သောမေဒိနှင့် ပါရှလူမျိုးများ၏ဋ္ဌမ္မသတ်ဖြစ်လာ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။- သို့ဖြစ်၍ဒါရိမင်းသည်ထိုအမိန့်တော် ကို တံဆိပ်ခတ်လက်မှတ်ရေးထိုးတော်မူ၏။
ဒံယေလ 6:1-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဒါရိမင်းကြီးသည် နိုင်ငံကိုအုပ်ချုပ်မည့်အရာရှိ တစ်ရာ့နှစ်ဆယ်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခန့်ထားရန်အလိုရှိ၏။ ထိုသူတို့အထက်တွင် ဒံယေလအပါအဝင် အုပ်ချုပ်ရေးမှူးသုံးဦးကို ခန့်ထား၏။ ဘုရင်၏အကျိုးမယုတ်စေရန် အမှုကိစ္စတို့ကို အုပ်ချုပ်ရေးအရာရှိတို့က အုပ်ချုပ်ရေးမှူးသုံးဦးထံ အစီရင်ခံတင်ပြရ၏။ ဒံယေလတွင် ထူးကဲသောဝိညာဉ်ရှိ၍ အခြားအုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအရာရှိတို့ထက် ထူးချွန်ထက်မြက်သောကြောင့် ရှင်ဘုရင်သည် သူ့အား နိုင်ငံတော်တစ်ခုလုံးကို အုပ်ချုပ်စေမည်ဟု အကြံရှိ၏။ ထိုအခါ အခြားအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအရာရှိတို့သည် နိုင်ငံအရေးနှင့်ပတ်သက်၍ ဒံယေလကို စွပ်စွဲနိုင်ရန် သူ၏အမှားကို ရှာကြံကြ၏။ သို့သော် ဒံယေလသည် သစ္စာရှိသူဖြစ်သည်နှင့်အညီ သူ၌ မှားယွင်းမှု၊ ပေါ့ဆမှုတစ်စုံတစ်ရာမျှမရှိ။ သူ၌အမှားမတွေ့သောကြောင့် သူ့ကိုစွပ်စွဲ၍မရကြ။ နောက်ဆုံးတွင် သူတို့က “ဒံယေလကို သူ့ဘုရားသခင်၏ပညတ်တရားနှင့်ပတ်သက်သောစွပ်စွဲချက်မှတစ်ပါး အခြားစွပ်စွဲချက်ကို ရှာတွေ့နိုင်မည်မဟုတ်”ဟု ပြောဆိုကြ၏။ ထို့နောက် အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ အတူတကွစုရုံးကာ ရှင်ဘုရင်ထံသို့သွားပြီး “အို ဒါရိမင်းကြီး၊ သက်တော်ထာဝရရှည်ပါစေသော။ အရှင်မင်းကြီး၊ ဤရက်သုံးဆယ်အတွင်း အရှင်မင်းကြီးမှလွဲ၍ အခြားဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ အသနားခံဆုတောင်းသောသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရမည်ဟူသောတားမြစ်အမိန့်ကို အတည်ပြုအမိန့်ထုတ်ပြန်စေလိုပါသည်ဟု နိုင်ငံအကြီးအကဲများဖြစ်သည့်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအရာရှိများ၊ မင်းအတိုင်ပင်ခံများ၊ ဘုရင်ခံများအားလုံးသဘောတူတိုင်ပင်ကြပါ၏။ အို အရှင်မင်းကြီး၊ မေဒိနှင့် ပါးရှားတို့၏ပယ်ဖျက်၍မရနိုင်သောဥပဒေသအတိုင်း ဤအမိန့်စာကို ယခု အတည်ပြုလက်မှတ်ရေးထိုးတော်မူပါ”ဟု လျှောက်တင်ကြသောကြောင့် ဒါရိမင်းကြီးလည်း ထိုအမိန့်စာကို လက်မှတ်ရေးထိုးလေ၏။