YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 6:1-22

ဒံယေလ 6:1-22 Judson Bible (JBMLE)

ဒါ​ရိ​မင်း​ကြီး​သည် နိုင်​ငံ​တော် အ​မှု​အ​ရေး​အ​လုံး​စုံ​တို့​ကို စီ​ရင်​ရ​သော မြို့​ဝန်​တစ်​ရာ​နှစ်​ဆယ် တို့​ကို​လည်း​ကောင်း၊ အ​ကျိုး​တော်​ကို မ​ယုတ်​မ​လျော့​စေ​ခြင်း​ငှာ၊ ထို​မြို့​ဝန်​အ​ပေါင်း​တို့​ကို အုပ်​ချုပ်​စစ်​ကြော​ရ​သော ဝန်​ကြီး​သုံး​ပါး​ကို​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း ခန့်​ထား​တော်​မူ၏။ ထို​ဝန်​ကြီး​သုံး​ပါး​တွင် ဒံ​ယေ​လ​သည် ဝန်​ကြီး​အ​ရာ​ကို​ရ​သည်​သာ​မ​က၊ ထူး​ဆန်း​သော ဉာဏ်​နှင့်​ပြည့်​စုံ၍ မြို့​ဝန်​တ​ကာ၊ ဝန်​ကြီး​တ​ကာ​တို့​ထက် လွန်​ကဲ​သော​ကြောင့်၊ နိုင်​ငံ​တော်​တစ်​နိုင်​ငံ​လုံး​ကို သူ၌ အပ်​နှင်း​မည်​ဟု ရှင်​ဘု​ရင်​သည် အ​ကြံ​ရှိ​တော်​မူ၏။ ထို​အ​ခါ ဝန်​ကြီး​နှင့် မြို့​ဝန်​တို့​သည် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို​ရှာ၍၊ နိုင်​ငံ​တော်​အ​မှု​အ​ရေး​များ​ကို စစ်​ကြော​ကြ၏။ ဒံ​ယေ​လ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သော​ကြောင့်၊ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍​မ​တွေ့​ကြ​သည်​ရှိ​သော်၊ ဘု​ရား​သ​ခင်၏ ဘာ​သာ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​တွင် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို ငါ​တို့​မ​တွေ့​နိုင်​ကြ​ဟု တိုင်​ပင်​ပြော​ဆို​ပြီး​မှ၊ အ​ထံ​တော်​သို့ လာ​ရောက်​စည်း​ဝေး​ကြ၍၊ အ​ရှင်​မင်း​ကြီး​ဒါ​ရိ၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​မိန့်​ရှိ​တော်​မူ​ပါ။ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း အ​မိန့်​တော်​တည်​စေ​ခြင်း​ငှာ၊ တံ​ဆိပ်​ခတ်​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​လျှင်၊ ဒါ​ရိ​မင်း​ကြီး​သည် အ​မိန့်​တော်​ကို​ပေး၍ တံ​ဆိပ်​ခတ်​တော်​မူ၏။ အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။ ထို​သို့​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​နေ​သည်​ကို မှူး​မတ်​အ​ရာ​ရှိ​တို့​သည် စည်း​ဝေး၍ တွေ့​မြင်​ကြ​လျှင်၊ အ​ထံ​တော်​သို့​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော​လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို​ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​စေ​ဟု အ​မိန့်​တော်​ကို တံ​ဆိပ်​ခတ်​တော်​မူ​လျက် ရှိ​ပါ​သည်​မ​ဟုတ်​လော​ဟု အ​မိန့်​တော်​အ​ကြောင်း​ကို မေး​လျှောက်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း မှန်​ပေ​သည်​ဟု မိန့်​တော်​မူ၏။ မှူး​မတ်​အ​ရာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ယု​ဒ​ပြည်​က​သိမ်း​ယူ​ခဲ့​သော ယု​ဒ​လူ​မျိုး​ဒံ​ယေ​လ​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု၊ တံ​ဆိပ်​ခတ်​တော်​မူ​သော အ​မိန့်​တော်​ကို ဆန့်​ကျင်​လျက်၊ တစ်​နေ့​သုံး​ကြိမ်​တိုင်​အောင် ဆု​တောင်း၍​နေ​ပါ​သည်​ဟု လျှောက်​ထား​ကြ၏။ ထို​စ​ကား​ကို ကြား​လျှင်၊ ရှင်​ဘု​ရင်​သည် အ​လွန်​နောင်​တ​ရ၍ ဒံ​ယေ​လ​ကို လွှတ်​ခြင်း​ငှာ စိတ်​အား​ကြီး​သ​ဖြင့်၊ လွှတ်​ရ​သော​အ​ခွင့်​ကို နေ​ဝင်​သည်​တိုင်​အောင် ကြိုး​စား၍ ရှာ​တော်​မူ၏။ တစ်​ဖန် မှူး​မတ်​အ​ရာ​ရှိ​တို့​သည် အ​ထံ​တော်​သို့ စည်း​ဝေး၍၊ အ​ရှင်​မင်း​ကြီး၊ တစ်​ခါ​ထုတ်​ပြီး​သော အ​မိန့်​တော် မ​ပျက်​နိုင်​ရာ​ဟု မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်၌ ပါ​ကြောင်း​ကို သ​တိ​ထား​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြန်​လျှင်၊ တစ်​ဖန် ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို​ခေါ်၍ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ သင်​မ​ပြတ်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ကယ်​လွှတ်​ပါ​စေ​ဟု ဒံ​ယေ​လ​ကို မိန့်​တော်​မူ၏။ ကျောက်​ပြား​ကို​လည်း ယူ​ခဲ့၍ တွင်း​ဝ​ကို ပိတ်​ပြီး​လျှင်၊ ဒံ​ယေ​လ​အ​မှု၌ စီ​ရင်​ချက်​ကို မ​တိုး​မ​လျော့ စေ​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​တံ​ဆိပ်​နှင့် မှူး​မတ်​တို့​တံ​ဆိပ်​ကို ခတ်​တော်​မူ၏။ ထို​နောက်၊ ရှင်​ဘု​ရင်​သည် နန်း​တော်​သို့ ပြန်၍ တစ်​ည​လုံး စား​တော်​မ​ခေါ်၊ အ​ငြိမ့်​တန်​ဆာ​ကို အ​ထံ​တော်​သို့ မ​သွင်း​စေ​ဘဲ စက်​တော်​ခေါ်၍ မ​ပျော်​နိုင်။ နံ​နက်​စော​စော​ထ၍ ခြင်္သေ့​တွင်း​သို့ အ​လျင်​အ​မြန် သွား​တော်​မူ၏။ ရောက်​လျှင်၊ ငို​ကြွေး​သော​အ​သံ​နှင့် ဒံ​ယေ​လ​ကို​ခေါ်၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျွန်​ဒံ​ယေ​လ၊ သင်​မ​ပြတ် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ခြင်္သေ့​ဘေး​မှ ကယ်​လွှတ်​နိုင်​သ​လော​ဟု မေး​တော်​မူ၏။ ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော် အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ခြင်္သေ့​နှုတ်​ကို ပိတ်​ထား​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ခြင်္သေ့​ဘေး​နှင့် လွတ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့်​ရှေ့၌ အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​ပါ၏။ ကိုယ်​တော်​မြတ်​ကို​လည်း အ​လျှင်း​မ​ပြစ်​မှား​ပါ​ဟု ပြန်​လျှောက်​လေ၏။

ဒံယေလ 6:1-22 Common Language Bible (BCL)

ဒါ​ရိ​မင်း​သည်​မိ​မိ​၏​အင်​ပါ​ယာ​နိုင်​ငံ တစ်​ဝန်း​လုံး​အုပ်​ချုပ်​မှု​အ​တွက် ဘု​ရင်​ခံ တစ်​ရာ့​နှစ်​ဆယ်​ကို​ခန့်​ထား​ရန်​ဆုံး​ဖြတ် တော်​မူ​ပြီး​လျှင်၊- ဒံ​ယေ​လ​နှင့်​အ​ခြား​သူ​နှစ်​ယောက်​တို့ အား​ဘု​ရင်​ခံ​များ​ကို​ကွပ်​ကဲ​ကြီး​ကြပ် ရန်​နှင့် ဘု​ရင့်​အ​ကျိုး​တော်​ကို​စောင့်​ရှောက် ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​၏။- ထို့​နောက်​မ​ကြာ​မီ​ဒံ​ယေ​လ​သည်​အ​ခြား ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ​ဘု​ရင်​ခံ​များ ထက်​ပို​၍ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​လာ​၏။ သူ​သည် အ​လွန်​ပင်​ထူး​ချွန်​သ​ဖြင့် မင်း​ကြီး​သည် သူ့​အား​အင်​ပါ​ယာ​နိုင်​ငံ​တစ်​ခု​လုံး​ကို ကွပ်​ကဲ​အုပ်​ချုပ်​စေ​ရန်​အ​ကြံ​ရှိ​တော် မူ​၏။- ထို​အ​ခါ​အ​ခြား​ကြီး​ကြပ်​ရေး​အ​ဖွဲ့​ဝင် များ​နှင့်​ဘု​ရင်​ခံ​တို့​သည် ဒံ​ယေ​လ​၏​စီ​မံ အုပ်​ချုပ်​မှု​၌​အ​မှား​ကို​ရှာ​ကြ​လေ​သည်။ သို့​ရာ​တွင်​မည်​သည့်​အ​မှား​ကို​မျှ​မ​တွေ့ မ​ရှိ​နိုင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဒံ​ယေ​လ သည်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့်​မည်​သည့်​အ​မှား၊ မည်​သည့်​မ​ရိုး​မ​ဖြောင့်​မှု​ကို​မျှ​မ​ပြု သော​ကြောင့်​ဖြစ်​၏။- သူ​တို့​က``ငါ​တို့​သည်​ဒံ​ယေ​လ​အား သူ ကိုး​ကွယ်​သည့်​ဘာ​သာ​နှင့်​ပတ်​သက်​သော ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​မှု​တွင် မျှ​ပြစ်​တင်​စွပ်​စွဲ​စ​ရာ​တွေ့​နိုင်​မည်​မ​ဟုတ်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​ရှေ့​တော်​သို့ သွား​ရောက်​၍``ဒါ​ရိ​မင်း​မြတ်​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ။- အ​ရှင်​မင်း​ကြီး​သည်​အ​မိန့်​တော်​တစ်​ရပ် ကို​ထုတ်​ဆင့်​ကာ ထို​အ​မိန့်​တော်​ကို​လူ​တို့ တိ​ကျ​စွာ​လိုက်​နာ​ကြ​စေ​သင့်​ကြောင်း​ကြီး ကြပ်​ရေး​အ​ဖွဲ့​ဝင်​များ၊ ဘု​ရင်​ခံ​များ၊ လက် ထောက်​ဘုရင်​ခံ​များ​နှင့်​အ​ကြံ​ပေး​အ​ရာ ရှိ​များ​ဖြစ်​သည့်​နိုင်ငံ​တော်​ကို​စီ​မံ​အုပ်​ချုပ် ကြ​သူ အ​ကျွန်ုပ်​တို့​အား​လုံး​သ​ဘော​တူ​ညီ ကြ​ပါ​၏။ ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင် အ​ဘယ်​သူ​မျှ​အ​ရှင်​မင်း​ကြီး​မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ​မည်​သူ မ​ဆို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့​ပစ်​ချ ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​ထုတ်​တော် မူ​ပါ။- ထို​အ​မိန့်​တော်​ကို​အ​ရှင်​မင်း​ကြီး​ထုတ် ၍​တံ​ဆိပ်​ခတ်​နှိပ်​၍​လက်​မှတ်​ရေး​ထိုး တော်​မူ​ပါ​လျှင် ယင်း​အ​မိန့်​တော်​သည်​ပြင် ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​သော​မေ​ဒိ​နှင့် ပါ​ရှ​လူ​မျိုး​များ​၏​ဋ္ဌမ္မ​သတ်​ဖြစ်​လာ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။- သို့​ဖြစ်​၍​ဒါ​ရိ​မင်း​သည်​ထို​အ​မိန့်​တော် ကို တံ​ဆိပ်​ခတ်​လက်​မှတ်​ရေး​ထိုး​တော်​မူ​၏။- မင်း​ကြီး​ဤ​သို့​လက်​မှတ်​ရေး​ထိုး​ပြီး ကြောင်း​ကို​ကြား​သိ​သော​အ​ခါ ဒံ​ယေ​လ သည်​အိမ်​သို့​ပြန်​လေ​၏။ သူ​၏​အိမ်​အ​ထက် ခန်း​တွင်​ယေ​ရု​ရှ​လင်​မြို့​သို့​မျက်​နှာ​မူ သည့်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ သူ​သည်​ထို အ​ခန်း​တွင်​မိ​မိ​ပြု​လေ့​ရှိ​သည်​အ​တိုင်း ပြူ​တင်း​ပေါက်​များ​အ​နီး​တွင် ဒူး​ထောက် လျက်​တစ်​နေ့​လျှင်​သုံး​ကြိမ်​ဘု​ရား​သ​ခင်​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။ သူ​၏​ရန်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ဒံ​ယေ​လ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ သည်​ကို​မြင်​သော​အ​ခါ၊- တစ်​စု​တစ်​ရုံး​တည်း​ဘု​ရင့်​ရှေ့​တော်​သို့​ဝင်​၍ ဒံ​ယေ​လ​အား​ပြစ်​တင်​စွပ်​စွဲ​ကြ​ကုန်​၏။ သူ တို့​က``အ​ရှင်​မင်း​ကြီး​ကိုယ်​တော်​သည်​နောက် ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင်​အ​ရှင်​မင်း​ကြီး မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား​ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ မည်​သူ​မ​ဆို​ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​တော် ကို​လက်​မှတ်​ရေး​ထိုး​တော်​မူ​ခဲ့​သည် မဟုတ်​ပါ​လော'' ဟု​မေး​လျှောက်​ကြ​၏။ မင်း​ကြီး​က``ထို​အ​မိန့်​သည်​ပြောင်း​လဲ​၍ မ​ရ​သော​မေ​ဒိ​နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏ ဋ္ဌမ္မ​သတ်​အ​တိုင်း​မှန်​ပေ​၏'' ဟု​မိန့်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​မင်း​ကြီး​အား``ယု​ဒ ပြည်​မှ​ဖမ်း​ဆီး​ခဲ့​သူ​များ​အ​နက်​တစ်​ဦး ဖြစ်​သူ​ဒံ​ယေ​လ​သည်​အ​ရှင်​မင်း​ကြီး အား​ရို​သေ​လေး​စား​မှု​မ​ရှိ။ အ​ရှင်​ထုတ် ပြန်​သည့်​အ​မိန့်​တော်​ကို​လည်း​မ​လိုက်​နာ။ သူ​သည်​တစ်​နေ့​လျှင်​သုံး​ကြိမ်​တိုင်​တိုင် အ​ချိန်​မှန်​မှန်​ဆု​တောင်း​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။ ဤ​လျှောက်​ထား​ချက်​ကို​မင်း​ကြီး​ကြား တော်​မူ​လျှင် အ​လွန်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် တော်​မူ​လျက်​ဒံ​ယေ​လ​အား​ကယ်​ဆယ်​ရန် နည်း​လမ်း​ကို​နေ​ဝင်​သည်​တိုင်​အောင်​အ​စွမ်း ကုန်​ကြိုး​စား​၍​ရှာ​ကြံ​တော်​မူ​၏။- ထို​နောက်​မှူး​မတ်​အ​ရာ​ရှိ​တို့​သည်​အထံ​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​ကာ``မေ​ဒိ နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏​ဥ​ပ​ဒေ​များ​အ​ရ ဘု​ရင့်​အ​မိန့်​တော်​မည်​သည်​မှာ​ပြန်​လည် ပြင်​ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​ကြောင်း​အ​ရှင် မင်း​ကြီး​သိ​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။ ထို့​ကြောင့်​မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဒံ​ယေ​လ အား​ခြင်္သေ့​လှောင်​ရာ​တွင်း​ထဲ​သို့​ပစ်​ချ​လိုက် ကြ​၏။ မင်း​ကြီး​က​ဒံ​ယေ​လ​အား``သင်​သစ္စာ ရှိ​စွာ​ကိုး​ကွယ်​သော​ဘု​ရား​သည်​သင့်​ကို ကယ်​ဆယ်​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော် မူ​၏။- ကျောက်​ပြား​ဖြင့်​တွင်း​ဝ​ကို​ပိတ်​စေ​ပြီး နောက်​မင်း​ကြီး​သည် အ​ဘယ်​သူ​မျှ​ဒံ​ယေ​လ အား​မ​ကယ်​နိုင်​စေ​ရန် မိ​မိ​၏​တံ​ဆိပ်​တော် နှင့်​မှူး​မတ်​တို့​၏​တံ​ဆိပ်​များ​ကို ကျောက် ပြား​ပေါ်​တွင်​ခတ်​နှိပ်​၍​ထား​စေ​တော်​မူ​၏။- မင်း​ကြီး​သည်​နန်း​တော်​သို့​ပြန်​တော်​မူ​၍ တစ်​ညဥ့်​လုံး​စား​တော်​မ​ခေါ်။ အ​ဘယ်​သို့ သော​ဖြေ​ဖျော်​မှု​ကို​မျှ​ခံ​ယူ​တော်​မ​မူ။ စက်​တော်​ခေါ်​၍​မ​ပျော်​နိုင်။ မိုး​သောက်​ချိန်​၌​မင်း​ကြီး​သည်​ထ​၍ ခြင်္သေ့​တွင်း​သို့​အ​လျင်​အ​မြန်​ကြွ တော်​မူ​၏။- ခြင်္သေ့​တွင်း​သို့​ရောက်​သော​အ​ခါ​စိုး​ရိမ်​ပူ ပန်​သော​အ​သံ​နှင့်``အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​၏​အ​စေ​ခံ၊ ဒံ​ယေ​လ၊ သင်​သစ္စာ​ရှိ စွာ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည်​သင့် အား​ခြင်္သေ့​များ​၏​ဘေး​မှ​ကယ်​တော်​မူ နိုင်​ပါ​၏​လော'' ဟု​မေး​တော်​မူ​၏။ ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ​သော။- ခြင်္သေ့​တို့​သည်​အ​ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် မ​ပြု​နိုင်​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​၍​ခြင်္သေ့​တို့ ၏​နှုတ်​ကို​ပိတ်​ထား​တော်​မူ​ပါ​၏။ ဤ​ကဲ့​သို့ ပြု​တော်​မူ​ခြင်း​မှာ​အ​ကျွန်ုပ်​၌​အ​ပြစ်​မ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် အ​ရှင်​မင်း​ကြီး​အား​မ​ပြစ်​မှား​ခဲ့​ကြောင်း ကို​လည်း​ကောင်း​သိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။

ဒံယေလ 6:1-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဒါရိ​မင်းကြီး​သည် နိုင်ငံ​ကို​အုပ်ချုပ်​မည့်​အရာရှိ တစ်ရာ့​နှစ်ဆယ်​ကို နိုင်ငံ​တစ်ဝန်းလုံး​တွင် ခန့်ထား​ရန်​အလိုရှိ​၏​။ ထို​သူ​တို့​အထက်​တွင် ဒံယေလ​အပါအဝင် အုပ်ချုပ်ရေးမှူး​သုံး​ဦး​ကို ခန့်ထား​၏​။ ဘုရင်​၏​အကျိုး​မ​ယုတ်​စေရန် အမှုကိစ္စ​တို့​ကို အုပ်ချုပ်ရေး​အရာရှိ​တို့​က အုပ်ချုပ်ရေးမှူး​သုံး​ဦး​ထံ အစီရင်ခံ​တင်ပြ​ရ​၏​။ ဒံယေလ​တွင် ထူးကဲ​သော​ဝိညာဉ်​ရှိ​၍ အခြား​အုပ်ချုပ်ရေးမှူး​၊ အုပ်ချုပ်ရေး​အရာရှိ​တို့​ထက် ထူးချွန်ထက်မြက်​သောကြောင့် ရှင်ဘုရင်​သည် သူ့​အား နိုင်ငံ​တော်​တစ်ခုလုံး​ကို အုပ်ချုပ်​စေ​မည်​ဟု အကြံ​ရှိ​၏​။ ထိုအခါ အခြား​အုပ်ချုပ်ရေးမှူး​နှင့် အုပ်ချုပ်ရေး​အရာရှိ​တို့​သည် နိုင်ငံ​အရေး​နှင့်​ပတ်သက်၍ ဒံယေလ​ကို စွပ်စွဲ​နိုင်​ရန် သူ​၏​အမှား​ကို ရှာကြံ​ကြ​၏​။ သို့သော် ဒံယေလ​သည် သစ္စာရှိ​သူ​ဖြစ်​သည်​နှင့်အညီ သူ​၌ မှားယွင်းမှု​၊ ပေါ့ဆမှု​တစ်စုံတစ်ရာ​မျှ​မ​ရှိ​။ သူ​၌​အမှား​မ​တွေ့​သောကြောင့် သူ့​ကို​စွပ်စွဲ​၍​မ​ရ​ကြ​။ နောက်ဆုံး​တွင် သူ​တို့​က “​ဒံယေလ​ကို သူ့​ဘုရားသခင်​၏​ပညတ်တရား​နှင့်​ပတ်သက်သော​စွပ်စွဲ​ချက်​မှတစ်ပါး အခြား​စွပ်စွဲ​ချက်​ကို ရှာတွေ့​နိုင်​မည်​မ​ဟုတ်​”​ဟု ပြောဆို​ကြ​၏​။ ထို့နောက် အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ အတူတကွ​စုရုံး​ကာ ရှင်ဘုရင်​ထံသို့​သွား​ပြီး “​အို ဒါရိ​မင်းကြီး​၊ သက်​တော်​ထာဝရ​ရှည်​ပါစေသော​။ အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​တားမြစ်​အမိန့်​ကို အတည်ပြု​အမိန့်​ထုတ်ပြန်​စေ​လို​ပါ​သည်​ဟု နိုင်ငံ​အကြီးအကဲ​များ​ဖြစ်​သည့်​အုပ်ချုပ်ရေးမှူး​များ​နှင့် အုပ်ချုပ်ရေး​အရာရှိ​များ​၊ မင်း​အတိုင်ပင်ခံ​များ​၊ ဘုရင်ခံ​များ​အားလုံး​သဘောတူ​တိုင်ပင်​ကြ​ပါ​၏​။ အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​နိုင်​သော​ဥပဒေသ​အတိုင်း ဤ​အမိန့်​စာ​ကို ယခု အတည်ပြု​လက်မှတ်ရေးထိုး​တော်မူ​ပါ​”​ဟု လျှောက်တင်​ကြ​သောကြောင့် ဒါရိ​မင်းကြီး​လည်း ထို​အမိန့်​စာ​ကို လက်မှတ်ရေးထိုး​လေ​၏​။ ထို​အမိန့်စာ​ကို ဒါရိ​မင်းကြီး​လက်မှတ်ရေးထိုး​ကြောင်း ဒံယေလ​ကြားသိ​သော်လည်း သူ​သည် အိမ်​သို့​ပြန်​၍​အပေါ်ထပ် မိမိ​အခန်း​သို့​ဝင်​ကာ ဂျေရုဆလင်​မြို့​ဘက်​သို့​မျက်နှာမူ​ထား​သော ပြတင်းပေါက်​ကို​ဖွင့်​ပြီး ဘုရားသခင်​ရှေ့​တော်​တွင် ယခင်​က​တစ်​နေ့​သုံး​ကြိမ်​ဒူးထောက်​ဆုတောင်း​ခဲ့​သည့်​အတိုင်း ဆုတောင်း​လျက်​ကျေးဇူး​တော်​ကို ချီးမွမ်း​လေ​၏​။ ထိုအခါ လူ​တို့​သည် အုပ်စုလိုက်​ရောက်လာ​၍ ဒံယေလ​သည် မိမိ​ဘုရားသခင်​ရှေ့​တော်​တွင် ဆုတောင်း​အသနားခံ​နေ​သည်​ကို တွေ့​သောအခါ ရှင်ဘုရင်​ထံသို့​သွား​ပြီးလျှင် ရှင်ဘုရင်​ထုတ်ပြန်​ထား​သော​အမိန့်​နှင့်​ပတ်သက်၍ “အရှင်မင်းကြီး​၊ ဤ​ရက်​သုံးဆယ်​အတွင်း အရှင်မင်းကြီး​မှလွဲ၍ အခြား​ဘုရား​ကို​ဖြစ်စေ​၊ လူ​ကို​ဖြစ်စေ အသနားခံ​ဆုတောင်း​သော​သူ မည်သူမဆို ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​ခြင်း​ခံရ​မည်​ဟူသော​အမိန့်​ကို လက်မှတ်ရေးထိုး​ထား​ပြီ​မ​ဟုတ်​ပါ​လော​၊ အရှင်မင်းကြီး​”​ဟု မေးလျှောက်​ကြ​လျှင် မင်းကြီး​က “​မေဒိ​နှင့်​ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​အတိုင်း ဤ​ကိစ္စ​မှာ မှန်ကန်​၏​”​ဟု ပြန်လည်​မိန့်ဆို​၏​။ ထိုအခါ သူ​တို့​က “​အရှင်မင်းကြီး​၊ ယုဒ​လူမျိုး​သုံ့ပန်း​တစ်​ဦး​ဖြစ်​သော​ဒံယေလ​သည် အရှင်မင်းကြီး​ကို​အလေး​မ​ထား​။ အရှင်မင်းကြီး​လက်မှတ်ရေးထိုး​ထုတ်ပြန်​ထား​သော အမိန့်​ကို မ​နာခံ​ဘဲ တစ်​နေ့​သုံး​ကြိမ်​ဆုတောင်း​မြဲ ဆုတောင်း​လျက်​နေ​ပါ​၏​”​ဟု ဘုရင့်​ထံ လျှောက်ထား​ကြ​လေ​၏​။ ထို​စကား​ကို​ကြား​သောအခါ ရှင်ဘုရင်​သည် အလွန်​စိတ်ထိခိုက်​ပြီး ဒံယေလ​ကို​ကယ်​မည်​ဟု စိတ်ပိုင်းဖြတ်​လျက် နေဝင်​သည့်​တိုင်အောင် ဒံယေလ​လွတ်မြောက်​မည့်​လမ်း​ကို ကြိုးပမ်း​ရှာကြံ​လျက်​နေ​၏​။ ထို​သူ​တို့​က​လည်း ရှင်ဘုရင်​ထံ အုပ်စုလိုက်​သွား​၍ “​အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​နှင့်အညီ ရှင်ဘုရင်​အတည်ပြု​ထား​သော​မည်သည့်​အမိန့်​၊ မည်သည့်​ပြဋ္ဌာန်းချက်​ကို​မျှ ပြုပြင်​ပြောင်းလဲ​၍​မ​ရ​ကြောင်း သိမှတ်​တော်မူ​ပါ​”​ဟု ရှင်ဘုရင်​အား လျှောက်ဆို​ကြ​၏​။ ထို့ကြောင့် ရှင်ဘုရင်​အမိန့်ပေး​၍ သူ​တို့​သည်​လည်း ဒံယေလ​ကို ခေါ်လာ​ကြ​ပြီး ခြင်္သေ့​တွင်း​ထဲသို့ ပစ်ချ​လိုက်​လေ​၏​။ ရှင်ဘုရင်​က​လည်း ဒံယေလ​အား “​သင် အမြဲ​ကိုးကွယ်​သော​သင်​၏​ဘုရားသခင်​သည် သင့်​ကို​ကယ်တင်​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​၏​။ ထို့နောက် ကျောက်တုံး​တစ်​တုံး​သယ်လာ​ကြ​ပြီး တွင်းဝ​ကို ပိတ်​ထား​ကြ​၏​။ ဒံယေလ​နှင့်​ပတ်သက်၍ ချမှတ်​ထား​သည့်​အရာ အပြောင်းအလဲ​မ​ဖြစ်​စေရန် ရှင်ဘုရင်​သည် မိမိ​တံဆိပ်တုံး​နှင့် မှူးမတ်​တို့​တံဆိပ်တုံး​ကို တွင်းဝ​တွင် ခတ်နှိပ်​ထား​လေ​၏​။ ရှင်ဘုရင်​သည် နန်းတော်​သို့​ပြန်လာ​၍ တစ်ညလုံး စားတော်မခေါ်​၊ ဖျော်ဖြေပွဲ​များ​လည်း ရှေ့​တော်​မ​သွင်း​၊ စက်တော်​လည်း မ​ခေါ်​နိုင်​ဘဲ ရှိ​လေ​၏​။ ရှင်ဘုရင်​သည် နံနက်စောစော​ထ​၍ ခြင်္သေ့​တွင်း​သို့ အလျင်အမြန်​သွား​လေ​၏​။ ဒံယေလ​ရှိ​ရာ​တွင်းဝ​နား​သို့​ရောက်လာ​သောအခါ ဝမ်းနည်း​သော​အသံ​ဖြင့် ရှင်ဘုရင်​က “​အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​ကျွန် ဒံယေလ​၊ သင် အမြဲ​ကိုးကွယ်​သော​သင်​၏​ဘုရားသခင်​သည် သင့်​ကို ခြင်္သေ့​တို့​၏​ဘေး​မှ ကယ်တင်​ပြီ​လော​”​ဟု ဒံယေလ​အား မေး​လေ​၏​။ ဒံယေလ​က​လည်း “​အို အရှင်မင်းကြီး​၊ သက်​တော်​ထာဝရ​တည်​ပါစေသော​။ အကျွန်ုပ်​၏​ဘုရားသခင်​သည် ကောင်းကင်တမန်​ကို​စေလွှတ်​၍ ခြင်္သေ့​တို့​၏​နှုတ်​ကို​ပိတ်​ထား​သဖြင့် ခြင်္သေ့​တို့​သည် အကျွန်ုပ်​ကို အန္တရာယ်​မ​ပြု​ပါ​။ အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့​တော်​၌ အပြစ်ကင်း​ကြောင်း ထင်ရှား​ပါ​၏​။ အရှင်မင်းကြီး​ရှေ့​တွင်​လည်း မည်သည့်​ပြစ်မှု​မျှ မ​ကျူးလွန်​ခဲ့​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။