ဒံယေလ 3:1-18
ဒံယေလ 3:1-18 Judson Bible (JBMLE)
တရံရောအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမြင့် အတောင်ခြောက်ဆယ်၊ အနံခြောက်တောင် ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရလွင်ပြင်၌ တည်ထားတော်မူ၍၊ စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေခြင်းငှာ အမိန့်တော်ရှိ၍၊ စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် စုဝေးရောက်လာ၍၊ တည်ထားတော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ၏။ ထိုအခါ သံတော်ဆင့်တစ်ယောက်က၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့၊ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ၊ နေဗုခဒ်နေဇာမင်းကြီးတည်ထားတော်မူသော ရွှေရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ရကြမည်။ မပျပ်ဝပ်မကိုးကွယ်ဘဲနေသောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းချပစ်စေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ်ကြော်၏။ ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာမျိုး တီးမှုတ်ခြင်းအသံကို ကြားသောအခါ၊ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးအပေါင်းတို့သည် ပျပ်ဝပ်၍၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။ ထိုအခါ၊ ခါလဒဲလူအချို့တို့သည် နေဗုခဒ်နေဇာမင်းကြီးထံတော်သို့ ချဉ်းကပ်လျက်၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောသူရှိသမျှတို့သည် ရွှေရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ရကြမည်။ မပျပ်ဝပ်မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ချပစ်စေဟု အမိန့်တော်မြတ်ရှိပါ၏။ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါအမည်ရှိသော သူတို့သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု၊ ယုဒလူတို့ကို အပြစ်တင်၍ လျှောက်ထားကြ၏။ ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာအမျက်ထွက်၍၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ခေါ်ချေဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် အထံတော်သို့ ရောက်လျှင်၊ ဟယ်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ငါ၏ဘုရားတို့ကို ဝတ်မပြုလော။ ငါတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်လော။ ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ ငါလုပ်သော ရွှေရုပ်တုကို ပျပ်ဝပ် ကိုးကွယ်အံ့သောငှာ အသင့်နေကြ။ သို့မဟုတ်လျှင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ်ဘုရားရှိသနည်းဟု မိန့်တော်မူ၏။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည်အကြောင်း မရှိပါ။ အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ ထိုသို့ ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။
ဒံယေလ 3:1-18 Common Language Bible (BCL)
နေဗုခဒ်နေဇာမင်းသည်အမြင့်ပေကိုး ဆယ်၊ အနံကိုးပေရှိသောရွှေရုပ်ကြီးကို သွန်းလုပ်စေပြီးလျှင်ဗာဗုလုန်ဒုရလွင် ပြင်တွင်တည်ထားစေတော်မူ၏။- မင်းကြီးသည်မင်းညီမင်းသားများ၊ ဘုရင်ခံ များ၊ ဒုတိယဘုရင်ခံများ၊ တိုင်းမင်းကြီး များ၊ ငွေတိုက်စိုးများ၊ တရားသူကြီးများ၊ ရဲမှူးများအစရှိသည့်အရာရှိအပေါင်း တို့အား မိမိတည်ထားသည့်ရွှေရုပ်ကြီး အနုမောဒနာပွဲကိုတက်ရောက်ကြရန် အမိန့်ပေးတော်မူ၏။- အရာရှိအပေါင်းတို့သည်ရွှေရုပ်ကြီး ၏ရှေ့တွင်ရပ်နေကြသောအခါ၊- သံတော်ဆင့်တစ်ဦးက``ဘာသာစကား အမျိုးမျိုးကိုပြောဆိုကြသောလူမျိုး အသီးသီးနှင့်နိုင်ငံအသီးသီးကလူ အပေါင်းတို့၊- သင်တို့သည်တံပိုးခရာမှုတ်သံကိုကြား ရပြီးနောက်ပလွေ၊ ပတ်သာ၊ စောင်းကြီး၊ စောင်း ငယ်တို့ကိုတီးမှုတ်သံကိုလည်းကောင်း၊ ထို နောက်အခြားတူရိယာများတီးမှုတ်သံ ကိုလည်းကောင်းကြားကြလိမ့်မည်။ တူရိယာ တီးမှုတ်သံစသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာမင်းတည်ထားသည့်ရွှေရုပ်ကြီးကို သင်တို့ဦးညွှတ်ရှိခိုးကြစေ။- ဦးညွှတ်ရှိခိုးခြင်းမပြုသူမည်သူမဆို ပြင်းစွာအလျှံထလျက်နေသော မီးဖိုကြီး ထဲသို့ချက်ချင်းပစ်ချခြင်းကိုခံစေ'' ဟု အသံကျယ်စွာကြေညာလေသည်။- သို့ဖြစ်၍ဘာသာစကားအမျိုးမျိုးပြော ဆိုသောလူမျိုးအသီးသီးနှင့် နိုင်ငံအသီး သီးကလူတို့သည်တူရိယာတီးမှုတ်သံ ကိုကြားသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာတည်ထားသည့်ရွှေရုပ်ကြီးကိုဦး ညွှတ်ရှိခိုးကြကုန်၏။ ဗာဗုလုန်ပြည်သားအချို့တို့သည်ယုဒ အမျိုးသားတို့အား ပြစ်တင်ပြောဆိုရန် အခွင့်ကောင်းကိုယူ၍၊- နေဗုခဒ်နေဇာမင်းအား``အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။- တူရိယာစတင်တီးမှုတ်သည်နှင့်တစ်ပြိုင် နက်ရွှေရုပ်ကြီးအားလူတိုင်းဦးညွှတ်ရှိ ခိုးစေ။- ထိုအရုပ်ကြီးအားဦးညွှတ်ခြင်းမပြုသူ ဟူသမျှသည် ပြင်းစွာအလျှံထလျက်နေ သောမီးဖိုကြီးထဲသို့ပစ်ချခြင်းကိုခံစေ ဟူ၍အရှင်အမိန့်တော်ထုတ်ပြန်ခဲ့ပါ၏။- ဗာဗုလုန်နယ်ကိုအုပ်ချုပ်ရန်အရှင်မင်း ကြီးတာဝန်ပေးထားသူရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါဟူသောယုဒအမျိုး သားများသည် အရှင်၏အမိန့်တော်ကို မနာခံဘဲနေကြပါ၏။ သူတို့သည် အရှင်၏ဘုရားကိုရှိမခိုးကြပါ။ အရှင် တည်ထားသည့်ရွှေရုပ်ကြီးကိုလည်းဦး မညွှတ်ကြပါ'' ဟုလျှောက်ထားကြ၏။ ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူသဖြင့် ထိုသူသုံးယောက်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ရန်အမိန့် ပေးတော်မူ၏။- မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ သင်တို့သည်ငါ၏ဘုရားကိုရှိ မခိုး၊ ငါစိုက်ထူတည်ထားသည့်ရွှေရုပ်ကြီး ကိုဦးမညွှတ်ဘဲနေကြသည်ဟုဆိုသည် မှာမှန်သလော။- ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။ ရှာဒရက်၊ မေရှက်နှင့်အဗေဒနေဂေါတို့ က``အရှင်မင်းကြီး၊ အကျွန်ုပ်တို့သည်မိမိ တို့အတွက်ထုချေလျှောက်လဲကြမည် မဟုတ်ပါ။- အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင် သည် အကျွန်ုပ်တို့အားပြင်းစွာအလျှံထ လျက်ရှိသောမီးဖိုကြီးထဲမှလည်းကောင်း၊ အရှင်၏လက်မှလည်းကောင်းကယ်နိုင် လျှင်လည်းကယ်တော်မူမည်။- ကယ်တော်မမူလျှင်လည်းအကျွန်ုပ်တို့ သည်အရှင်၏ဘုရားကိုရှိမခိုး၊ အရှင် ၏ရွှေရုပ်ကြီးကိုလည်းဦးမညွှတ်ကြောင်း သိမှတ်တော်မူပါ'' ဟုပြန်လည်လျှောက် ထားကြ၏။
ဒံယေလ 3:1-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်နေ့တွင် နေဗုခဒ်နေဇာမင်းကြီးသည် အမြင့်အတောင်ခြောက်ဆယ်၊ အကျယ်ခြောက်တောင်ရှိသော ရွှေရုပ်တုတစ်ခုကို ထုလုပ်ပြီး ဘေဘီလုံနယ်မြေရှိ ဒုရလွင်ပြင်၌ ထားရှိ၍ မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့စုရုံး၍ သူတည်ထားသောရုပ်တုကြီး၏အနုမောဒနာပွဲသို့ လာရောက်ကြရန် ဆင့်ခေါ်လေ၏။ ထို့ကြောင့် မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့သည် နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တု၏အနုမောဒနာပွဲသို့ စုရုံးလာကြပြီး နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တုရှေ့၌ ရပ်နေကြ၏။ သံတော်ဆင့်တစ်ဦးက “အို နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုကြသောလူမျိုးအပေါင်းတို့၊ သင်တို့အတွက် အမိန့်တော်ရှိ၏။ တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကို သင်တို့ကြားရသောအခါ နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရွှေရုပ်တုကို ပျပ်ဝပ်ရှိခိုးကြရမည်။ မပျပ်ဝပ်မရှိခိုးသောသူ မည်သူမဆို မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်း ခံရမည်”ဟု ကျယ်လောင်စွာ ကြေညာလေ၏။ ထို့ကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသောလူမျိုးအပေါင်းတို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြားမှစ၍ တူရိယာအမျိုးမျိုးတီးမှုတ်သံကို ကြားလျှင်ကြားချင်း နေဗုခဒ်နေဇာမင်းကြီး တည်ထားသောရွှေရုပ်တုကို ပျပ်ဝပ်ရှိခိုးကြ၏။ ထိုအခါ ခါလဒဲပညာရှိတို့သည် လာ၍ ဂျူးလူမျိုးတို့ကို စွပ်စွဲကြ၏။ သူတို့သည် နေဗုခဒ်နေဇာမင်းကြီးအား “အရှင်မင်းကြီး၊ သက်တော်ထာဝရတည်ပါစေသော။ အို အရှင်မင်းကြီး၊ မင်းကြီးက တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားသောသူတိုင်း ရွှေရုပ်တုကို ပျပ်ဝပ်ရှိခိုးရမည်။ မပျပ်ဝပ် မရှိခိုးသောသူ မည်သူမဆို မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ပစ်ချခြင်းခံရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပါ၏။ ဘေဘီလုံနယ်မြေတွင် အုပ်ချုပ်ရေးမှူးအဖြစ် မင်းကြီးခန့်ထားသော ဂျူးလူမျိုး ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် မင်းကြီးထုတ်ပြန်သောအမိန့်ကို အလေးမထားကြပါ။ မင်းကြီး၏ဘုရားများကို မကိုးကွယ်သည်သာမက ယခုတည်ထားသောရွှေရုပ်တုကိုလည်း မရှိခိုးကြပါ”ဟု တိုင်ကြားလေ၏။ ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမျက်ပြင်းစွာထွက်၍ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ခေါ်ဆောင်လာရန် အမိန့်ပေး၏။ ဘုရင့်ရှေ့မှောက်သို့ သူတို့ ရောက်လာသောအခါ နေဗုခဒ်နေဇာမင်းကြီးက “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ သင်တို့သည် ငါ့ဘုရားများကို မကိုးကွယ်၊ ငါတည်ထားသောရွှေရုပ်တုကိုလည်း မရှိခိုးဘဲ နေကြသည်မှာ မှန်သလော။ ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း “အို နေဗုခဒ်နေဇာမင်းကြီး၊ ဤကိစ္စနှင့်ပတ်သက်၍ အကျွန်ုပ်တို့သည် မင်းကြီးအား ပြန်လျှောက်စရာအကြောင်း ဘာမျှမရှိပါ။ အကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသခင်သည် မီးတောက်လောင်နေသောမီးပြင်းဖိုထဲမှ အကျွန်ုပ်တို့ကို ကယ်တင်နိုင်ပါ၏။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်။ ထိုသို့ ကယ်တင်တော်မမူလျှင်လည်း အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏ဘုရားများကို မကိုးကွယ်၊ မင်းကြီးတည်ထားသောရွှေရုပ်တုကိုလည်း ရှိခိုးမည်မဟုတ်ကြောင်း သိမှတ်တော်မူပါ”ဟု မင်းကြီးအား ပြန်လျှောက်ကြ၏။