ဒံယေလ 1:11-17
ဒံယေလ 1:11-17 Judson Bible (JBMLE)
ထိုအခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကို ကြည့်ရှုစေခြင်းငှာ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊ အကျွန်ုပ်တို့ စားသောက်စရာဖို့ ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ။ ထိုနောက်၊ အကျွန်ုပ်တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာကိုစားသော လူပျိုတို့၏မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ၊ အကျွန်ုပ်တို့ကို စီရင်တော်မူပါဟု ပြောလျှင်၊ စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်းလေ၏။ ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။ ထိုအခါ စားတော်ကဲသည် သူတို့အစာကိုလည်းကောင်း၊ သူတို့သောက်ဖို့ စပျစ်ရည်ကိုလည်းကောင်း ရုပ်သိမ်း၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး၏။ ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်းငှာ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
ဒံယေလ 1:11-17 Common Language Bible (BCL)
သို့ဖြစ်၍ဒံယေလသည်မိမိနှင့်အဖော်သုံးဦးတို့အားစောင့်ကြပ်ရန် အာရှပေနတ်တာဝန်ပေးခြင်းခံရသူထံသို့သွား၍၊- ``ငါတို့စားသောက်ရန်အတွက်အသီးအနှံနှင့် ရေကိုသာကျွေး၍ဆယ်ရက်မျှစမ်းကြည့်ပါ။- ထိုနောက်ပွဲတော်စာများစားသောက်ရသူလူငယ်လူရွယ်များနှင့်ငါတို့အားနှိုင်းယှဉ်ကြည့်ပြီးလျှင် သင်တို့တွေ့မြင်ရသည့်ငါတို့ရုပ်ဆင်းသဏ္ဌာန်အပေါ်တွင်မူတည်၍ ငါတို့အားအဘယ်သို့ကျွေးမွေးသင့်သည်ကိုဆုံးဖြတ်ပါလော့'' ဟုဆို၏။ စောင့်ကြပ်သူသည်ဤသို့ဆယ်ရက်မျှသူတို့အားစမ်းကြည့်ရန်သဘောတူလိုက်၏။- အချိန်စေ့သောအခါသူတို့သည်ပွဲတော်စာစားသောက်ကြသူများထက် ပို၍ကျန်းမာသန်စွမ်းလျက်ရှိကြောင်းတွေ့မြင်ရလေသည်။- ထို့ကြောင့်စောင့်ကြပ်သူသည်ပွဲတော်စာနှင့်စပျစ်ရည်အစား သူတို့အားအသီးအနှံကိုသာကျွေးလေသည်။ ဘုရားသခင်သည်ထိုလူငယ်လူရွယ်လေးယောက်တို့အား စာပေနှင့်အထူးထူးအပြားပြားသောပညာရပ်တို့တွင်တတ်သိကျွမ်းကျင်မှုကိုပေးတော်မူ၏။ ထို့အပြင်လည်းဒံယေလအားဗျာဒိတ်ရူပါရုံနှင့်အိပ်မက်များ၏ အနက်အဋ္ဌိပ္ပါယ်ကိုပြဆိုနိုင်သောစွမ်းရည်ကိုလည်းပေးတော်မူ၏။
ဒံယေလ 1:11-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ ဒံယေလက မိမိအပါအဝင် ဟာနနိယ၊ မိရှေလ၊ အာဇရိတို့ကို ကြည့်ရှုပေးရန် နန်းတော်အုပ်ခန့်ထားသောစားတော်ကဲထံသွား၍ “အသင့်အစေအပါးတို့အား ဟင်းသီးဟင်းရွက်ကိုသာကျွေး၍ ရေကိုသာတိုက်ခြင်းဖြင့် ဆယ်ရက်စမ်းသပ်ကြည့်ပါ။ ထို့နောက် အကျွန်ုပ်တို့၏ရုပ်ဆင်းသွင်ပြင်နှင့် ဘုရင့်အစားအစာကိုစားသောလူငယ်တို့၏ရုပ်ဆင်းသွင်ပြင်ကို ယှဉ်ကြည့်ပါ။ သို့ပြီးမှ အသင်မြင်သည့်အတိုင်း အသင့်ကျွန်တို့ကို စီရင်ပါ”ဟု ဆို၏။ စားတော်ကဲသည်လည်း ဒံယေလစကားကို သဘောတူ၍ ဆယ်ရက်စမ်းသပ်လေ၏။ ဆယ်ရက်စေ့သောအခါ သူတို့၏ရုပ်ဆင်းသွင်ပြင်သည် ဘုရင့်အစားအစာကိုစားသောအခြားလူငယ်တို့ထက် ပို၍ကျန်းမာကြံ့ခိုင်သည်ကို တွေ့ရ၏။ ထိုအခါ စားတော်ကဲသည် သူတို့စားဖို့အစာ၊ သောက်ဖို့စပျစ်ဝိုင်တို့အစား သူတို့အား ဟင်းသီးဟင်းရွက်များကိုသာ ကျွေးလေ၏။ ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။