YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 1:1-8

ဒံယေလ 1:1-8 Judson Bible (JBMLE)

ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​လာ၍ ဝန်း​ရံ​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် မိန်း​မ​စိုး​အုပ် အာ​ရှ​ပေ​နတ်​ကို​ခေါ်​တော်​မူ၍၊ မ​ကောင်း​သော လ​က္ခ​ဏာ​ကင်း​လျက်၊ လှ​သော​အ​ဆင်း​သ​ဏ္ဌာန်​နှင့် ပြည့်​စုံ၍၊ ကောင်း​သော​ဉာဏ်​နှင့် တ​ကွ အ​ထူး​ထူး​အ​ပြား​ပြား​သော အ​တတ်​ပ​ညာ​များ​ကို လေ့​ကျက်၍၊ နန်း​တော်၌ အ​မှု​ထမ်း​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​လူ​ပျို​တို့​ကို ဣ​သ​ရေ​လ မင်း​မျိုး​မင်း​သား​ထဲ​က ရွေး​ကောက်၍၊ ခါ​လ​ဒဲ​ဘာ​သာ​အ​တတ်​ကို​သင်​စေ​ဟု အ​မိန့်​တော်​ရှိ၏။ ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို နေ့​တိုင်း​ပေး၍ သုံး​နှစ်​ကျွေး​မွေး​ပြီး​မှ၊ အ​မှု​တော်​ထမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။ ထို​သူ​တို့​တွင် ယု​ဒ​အ​မျိုး​သား ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​သည်​ပါ​ကြ၏။ မိန်း​မ​စိုး​အုပ်​သည် ထို​သူ​တို့​ကို အ​မည်​နာ​မ​လဲ၍၊ ဒံ​ယေ​လ​ကို ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို မေ​ရှက်၊ အာ​ဇ​ရိ​ကို အ​ဗေ​ဒ​နေ​ဂေါ​ဟု၊ အ​သီး​အ​သီး အ​မည်​အ​သစ်​ကို​ပေး၏။ ဒံ​ယေ​လ​မူ​ကား၊ ပွဲ​တော်​မှ​ကြွင်း​သော​အ​စာ​နှင့် သောက်​တော်​မူ​သော စ​ပျစ်​ရည်​ကို မ​သောက်​မ​စား​ဘဲ၊ ညစ်​ညူး​ခြင်း​ကို ရှောင်​မည်​ဟု​အ​ကြံ​ရှိ၍၊ မိ​မိ​ကို မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း၊ မိန်း​မ​စိုး​အုပ်​ကို အ​ခွင့်​တောင်း၏။

ဒံယေလ 1:1-8 Common Language Bible (BCL)

ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​သုံး​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​ဝိုင်း​ရံ​ထား​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။ မင်း​ကြီး​သည်​ဣ​သ​ရေ​လ​သုံ့​ပန်း​များ​တွင် မင်း​မျိုး​မင်း​နွယ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ​အိမ်​ထောင်​စု​များ​မှ၊ ရုပ်​ရည်​သန့်​ပြန့်​သူ၊ အ​သိ​ပ​ညာ​အ​တတ်​ပ​ညာ​ရှိ​မှု၊ ပ​ညာ​ဉာဏ်​ထက်​မျက်​မှု၊ ကိုယ်​အင်္ဂါ​ချို့​ယွင်း​ခြင်း​နှင့်​ကင်း​မှု အ​စ​ရှိ​သည့်​အ​ရည်​အ​ချင်း​များ​နှင့်​ပြည့်​စုံ​၍ နန်း​တွင်း​အ​မှု​ထမ်း​နိုင်​မည့်​လူ​ငယ်​လူ​ရွယ်​အ​ချို့​တို့​ကို​ရွေး​ချယ်​ရန် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​အား​အ​မိန့်​ပေး​တော်​မူ​၏။ သူ​တို့​အား​ဗာ​ဗု​လုန်​ဘာ​သာ​ကို​ဖတ်​တတ်​ရေး​တတ်​အောင်​သင်​ကြား​ပေး​ရန်​နှင့်၊- ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​ကို​နေ့​စဉ်​နေ့​တိုင်း​စား​သောက်​စေ​ရန်​လည်း မိန်း​မ​စိုး​အုပ်​အား​အ​မိန့်​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​သုံး​နှစ်​တိုင်​တိုင်​လေ့​ကျင့်​ပေး​ပြီး​မှ​သူ​တို့​အား​ဘု​ရင်​၏​ရှေ့​တော်​သို့​သွင်း​ရ​ကြ​မည်။- ယင်း​သို့​ရွေး​ချယ်​ခြင်း​ခံ​ကြ​ရ​သူ​တို့​ထဲ​တွင်​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​ပါ​ဝင်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ယု​ဒ​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သည်။- မိန်း​မ​စိုး​အုပ်​သည်​ဒံ​ယေ​လ​ကို​ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို​ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို​မေ​ရှက်၊ အာ​ဇ​ရိ​ကို​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​၍​နာ​မည်​သစ်​ကို​ပေး​၏။ ဒံ​ယေ​လ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သောက်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ​မ​ညစ်​ညမ်း​စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ပြီး​လျှင် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​၏​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​လေ​၏။

ဒံယေလ 1:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​တတိယ​နှစ်​တွင် ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ချီတက်​၍ မြို့​ကို​ဝိုင်းထား​၏​။ ဘုရားရှင်​သည် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်တကွ ဘုရားသခင်​၏​အိမ်​တော်​တန်ဆာပလာ​အချို့​ကို နေဗုခဒ်နေဇာ​လက်​သို့ အပ်လိုက်​တော်မူ​၏​။ ရှင်ဘုရင်​သည်​လည်း ထို​အရာ​တို့​ကို ရှိနာ​ပြည်​ရှိ မိမိ​ဘုရား​များ​၏​ဗိမာန်​သို့​ယူဆောင်​သွား​၍ ထို​တန်ဆာပလာ​တို့​ကို မိမိ​ဘုရား​အများ​၏​ဘဏ္ဍာတိုက်​ထဲသို့ သွင်း​ထား​လေ​၏​။ ထို့နောက် ရှင်ဘုရင်​သည် နန်းတော်အုပ် အာရှာပေနတ်​ကို​ခေါ်​၍ အစ္စရေး​အမျိုးသား မင်းမျိုးမင်းနွယ်​၊ မှူးမျိုးမတ်နွယ်​တို့​ထဲမှ ကိုယ်အင်္ဂါ​မ​ချို့ယွင်း​သူ​၊ ကိုယ်ခန္ဓာ​သန်မာ​ထွားကျိုင်း​သူ​၊ ဘက်စုံထူးချွန်​သူ​၊ အသိပညာ​ကြွယ်ဝ​သူ​၊ နန်းတွင်း​၌​အမှုထမ်း​နိုင်စွမ်း​သူ လူငယ်​တို့​ကို ခါလဒဲ​စာပေ​နှင့် ဘာသာစကား​ကို သင်ကြား​ပေး​ရန် အမိန့်ပေး​လေ​၏​။ ရှင်ဘုရင်​သည် ထို​သူ​တို့​အား ဘုရင်​စား​သော​အစားအစာ​၊ ဘုရင်​သောက်​သော​စပျစ်ဝိုင်​ကို နေ့စဉ်​ကျွေးမွေး​၍ သုံး​နှစ်​တိုင်တိုင် သင်ကြားလေ့ကျင့်​ပေး​စေ​၏​။ သုံး​နှစ်​စေ့​သောအခါ ဘုရင့်​ရှေ့​တော်​တွင် အမှုထမ်း​ရန် စီရင်​၏​။ ထို​သူ​တို့​ထဲတွင် ယုဒ​အမျိုးသား​ထဲမှ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ တို့​ပါ​၏​။ နန်းတော်အုပ်​က သူ​တို့​အား နာမည်​သစ်​များ​ပေး​၏​။ ဒံယေလ​ကို ဗေလတရှာဇာ​၊ ဟာနနိယ​ကို ရှာဒရက်​၊ မိရှေလ​ကို မေရှက်​၊ အာဇရိ​ကို အဗေဒနေဂေါ ဟု​အမည်ပေး​၏​။ ဒံယေလ​သည် ဘုရင့်​အစားအစာ​နှင့် ဘုရင်​သောက်​သော​စပျစ်ဝိုင်​တို့​ဖြင့် မိမိကိုယ်ကို​မ​ညစ်ညူး​စေရန် စိတ်ပိုင်းဖြတ်​ထား​သဖြင့် ထို​အရာ​တို့​ဖြင့် မိမိကိုယ်ကို​ညစ်ညူး​အောင်​မ​ပြု​ပါရစေ​နှင့်​ဟု နန်းတော်အုပ်​ထံ အခွင့်တောင်း​လေ​၏​။