ဒံယေလ 1:1-20
ဒံယေလ 1:1-20 Judson Bible (JBMLE)
ယုဒရှင်ဘုရင်ယောယကိမ် နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်မှစ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာလက်သို့ အပ်နှံတော်မူ၍၊ ထိုတန်ဆာများကို နေဗုခဒ်နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ကျောင်းသို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။ ထိုအခါ ရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှပေနတ်ကိုခေါ်တော်မူ၍၊ မကောင်းသော လက္ခဏာကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၍၊ ကောင်းသောဉာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှာ တတ်စွမ်းနိုင်သောလူပျိုတို့ကို ဣသရေလ မင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာအတတ်ကိုသင်စေဟု အမိန့်တော်ရှိ၏။ ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို နေ့တိုင်းပေး၍ သုံးနှစ်ကျွေးမွေးပြီးမှ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ၏။ ထိုသူတို့တွင် ယုဒအမျိုးသား ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည်ပါကြ၏။ မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါဟု၊ အသီးအသီး အမည်အသစ်ကိုပေး၏။ ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟုအကြံရှိ၍၊ မိမိကို မညစ်ညူးစေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။ ဘုရားသခင် ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမစိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း၊ ငါ့သခင်ကြည့်ရှုစေခြင်းငှာ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ငါကြောက်၏။ သင်တို့အစားအသောက်ကို စီရင်တော်မူပြီ။ သင်တို့မျက်နှာသည် အရွယ်တူ လူပျိုတို့၏ မျက်နှာလောက် အဆင်းမလှသည်ကို မြင်တော်မူလျှင်၊ သင်တို့အတွက် ငါသည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။ ထိုအခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကို ကြည့်ရှုစေခြင်းငှာ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊ အကျွန်ုပ်တို့ စားသောက်စရာဖို့ ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ။ ထိုနောက်၊ အကျွန်ုပ်တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာကိုစားသော လူပျိုတို့၏မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ၊ အကျွန်ုပ်တို့ကို စီရင်တော်မူပါဟု ပြောလျှင်၊ စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်းလေ၏။ ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။ ထိုအခါ စားတော်ကဲသည် သူတို့အစာကိုလည်းကောင်း၊ သူတို့သောက်ဖို့ စပျစ်ရည်ကိုလည်းကောင်း ရုပ်သိမ်း၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး၏။ ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်းငှာ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။ နန်းတော်သို့ သွင်းစေခြင်းငှာ ချိန်းချက်တော်မူသော အချိန်ရောက်သော်၊ မိန်းမစိုးအုပ်သည် လုလင်များတို့ကိုခေါ်၍ နန်းတော်သို့ သွင်းလေ၏။ ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေးမေးမြန်းတော်မူပြီးလျှင်၊ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့် တူသောသူ တစ်ယောက်မျှမရှိသောကြောင့်၊ သူတို့သည် အထံတော်၌ ခစားရသော အခွင့်အရာကို ရကြ၏။ ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ရှိသမျှသော မာဂုပညာရှိ၊ ဗေဒင်တတ်များထက်သာ၍ ဆယ်ဆတတ်ကြသည်ကို တွေ့မြင်တော်မူ၏။
ဒံယေလ 1:1-20 Common Language Bible (BCL)
ယုဒဘုရင်ယောယကိမ်နန်းစံသုံးနှစ်မြောက်၌ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သို့ချီတက်ဝိုင်းရံထား၏။- ထာဝရဘုရားသည်နေဗုခဒ်နေဇာအား ယောယကိမ်မင်းကိုဖမ်းဆီးခွင့်နှင့်ဗိမာန်တော်ဘဏ္ဍာအချို့ကိုသိမ်းယူခွင့်ပေးတော်မူ၏။ နေဗုခဒ်နေဇာသည်သုံ့ပန်းများကိုဗာဗုလုန်ပြည်ရှိ မိမိ၏ဘုရားဝတ်ကျောင်းသို့ခေါ်ဆောင်သွားပြီးလျှင် ဖမ်းဆီးသိမ်းယူခဲ့သည့်ဘဏ္ဍာများကိုဝတ်ကျောင်းဘဏ္ဍာတိုက်တွင်ထားတော်မူ၏။ မင်းကြီးသည်ဣသရေလသုံ့ပန်းများတွင် မင်းမျိုးမင်းနွယ်နှင့်ဂုဏ်အသရေရှိအိမ်ထောင်စုများမှ၊ ရုပ်ရည်သန့်ပြန့်သူ၊ အသိပညာအတတ်ပညာရှိမှု၊ ပညာဉာဏ်ထက်မျက်မှု၊ ကိုယ်အင်္ဂါချို့ယွင်းခြင်းနှင့်ကင်းမှု အစရှိသည့်အရည်အချင်းများနှင့်ပြည့်စုံ၍ နန်းတွင်းအမှုထမ်းနိုင်မည့်လူငယ်လူရွယ်အချို့တို့ကိုရွေးချယ်ရန် မိန်းမစိုးအုပ်အာရှပေနတ်အားအမိန့်ပေးတော်မူ၏။ သူတို့အားဗာဗုလုန်ဘာသာကိုဖတ်တတ်ရေးတတ်အောင်သင်ကြားပေးရန်နှင့်၊- ပွဲတော်စာနှင့်စပျစ်ရည်ကိုနေ့စဉ်နေ့တိုင်းစားသောက်စေရန်လည်း မိန်းမစိုးအုပ်အားအမိန့်ပေးတော်မူ၏။ ဤနည်းအားဖြင့်သုံးနှစ်တိုင်တိုင်လေ့ကျင့်ပေးပြီးမှသူတို့အားဘုရင်၏ရှေ့တော်သို့သွင်းရကြမည်။- ယင်းသို့ရွေးချယ်ခြင်းခံကြရသူတို့ထဲတွင်ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့ပါဝင်ကြ၏။ သူတို့အားလုံးပင်ယုဒအနွယ်ဝင်များဖြစ်ကြသည်။- မိန်းမစိုးအုပ်သည်ဒံယေလကိုဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကိုအဗေဒနေဂေါဟူ၍နာမည်သစ်ကိုပေး၏။ ဒံယေလသည်ပွဲတော်စာနှင့်စပျစ်ရည်တို့ကိုစားသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာရေးကျင့်ထုံးအရမညစ်ညမ်းစေရန်စိတ်ပိုင်းဖြတ်ပြီးလျှင် မိန်းမစိုးအုပ်အာရှပေနတ်၏အကူအညီကိုတောင်းခံလေ၏။- ဘုရားသခင်သည်လည်းဒံယေလအပေါ်တွင် ကိုယ်ချင်းစာ၍သနားလာစေရန်အာရှပေနတ်၏စိတ်ကိုပြုပြင်တော်မူ၏။- သို့ရာတွင်အာရှပေနတ်သည်မင်းကြီးကိုကြောက်သဖြင့်ဒံယေလအား``မင်းကြီးသည်သင်တို့စားသောက်ကြရမည့်အစားအစာများကိုပြဋ္ဌာန်းပေးတော်မူခဲ့ပါသည်။ ထိုကြောင့်အကယ်၍သင်တို့သည်အခြားလူငယ်လူရွယ်များနည်းတူ ကျန်းမာသန်စွမ်းမှုမရှိပါကငါအသတ်ခံရပါလိမ့်မည်'' ဟုဆို၏။ သို့ဖြစ်၍ဒံယေလသည်မိမိနှင့်အဖော်သုံးဦးတို့အားစောင့်ကြပ်ရန် အာရှပေနတ်တာဝန်ပေးခြင်းခံရသူထံသို့သွား၍၊- ``ငါတို့စားသောက်ရန်အတွက်အသီးအနှံနှင့် ရေကိုသာကျွေး၍ဆယ်ရက်မျှစမ်းကြည့်ပါ။- ထိုနောက်ပွဲတော်စာများစားသောက်ရသူလူငယ်လူရွယ်များနှင့်ငါတို့အားနှိုင်းယှဉ်ကြည့်ပြီးလျှင် သင်တို့တွေ့မြင်ရသည့်ငါတို့ရုပ်ဆင်းသဏ္ဌာန်အပေါ်တွင်မူတည်၍ ငါတို့အားအဘယ်သို့ကျွေးမွေးသင့်သည်ကိုဆုံးဖြတ်ပါလော့'' ဟုဆို၏။ စောင့်ကြပ်သူသည်ဤသို့ဆယ်ရက်မျှသူတို့အားစမ်းကြည့်ရန်သဘောတူလိုက်၏။- အချိန်စေ့သောအခါသူတို့သည်ပွဲတော်စာစားသောက်ကြသူများထက် ပို၍ကျန်းမာသန်စွမ်းလျက်ရှိကြောင်းတွေ့မြင်ရလေသည်။- ထို့ကြောင့်စောင့်ကြပ်သူသည်ပွဲတော်စာနှင့်စပျစ်ရည်အစား သူတို့အားအသီးအနှံကိုသာကျွေးလေသည်။ ဘုရားသခင်သည်ထိုလူငယ်လူရွယ်လေးယောက်တို့အား စာပေနှင့်အထူးထူးအပြားပြားသောပညာရပ်တို့တွင်တတ်သိကျွမ်းကျင်မှုကိုပေးတော်မူ၏။ ထို့အပြင်လည်းဒံယေလအားဗျာဒိတ်ရူပါရုံနှင့်အိပ်မက်များ၏ အနက်အဋ္ဌိပ္ပါယ်ကိုပြဆိုနိုင်သောစွမ်းရည်ကိုလည်းပေးတော်မူ၏။ မင်းကြီးသတ်မှတ်ပေးသည့်သုံးနှစ်တာကာလကုန်ဆုံးသွားသောအခါအာရှပေနတ်သည် လူငယ်လူရွယ်အားလုံးတို့အားနေဗုခဒ်နေဇာမင်း၏ထံတော်သို့သွင်းလေ၏။- မင်းကြီးသည်ထိုသူရှိသမျှတို့နှင့်ဆွေးနွေးမေးမြန်းတော်မူရာဒံယေလ၊ ဟာနနိ၊ မိရှေလနှင့်အာဇရိတို့သည်အခြားသူတို့ထက်ပို၍ဉာဏ်ပညာကောင်းကြောင်းတွေ့ရှိရလေသည်။ သို့ဖြစ်၍သူတို့သည်အပါးတော်တွင်ခစားခွင့်ရကြ၏။- မင်းကြီးသည်အဘယ်မေးခွန်းကိုပင်မေးသည်မဆို၊ အဘယ်ပြဿနာကိုပင်တင်ပြသည်မဆိုထိုသူလေးဦးတို့သည်နိုင်ငံတစ်ဝန်းလုံးရှိဗေဒင်ဆရာ၊ မှော်ဆရာများထက်ဆယ်ဆမျှပို၍တတ်သိနားလည်ကြသည်ကိုတွေ့ရှိတော်မူ၏။
ဒံယေလ 1:1-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံတတိယနှစ်တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီတက်၍ မြို့ကိုဝိုင်းထား၏။ ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။ ထို့နောက် ရှင်ဘုရင်သည် နန်းတော်အုပ် အာရှာပေနတ်ကိုခေါ်၍ အစ္စရေးအမျိုးသား မင်းမျိုးမင်းနွယ်၊ မှူးမျိုးမတ်နွယ်တို့ထဲမှ ကိုယ်အင်္ဂါမချို့ယွင်းသူ၊ ကိုယ်ခန္ဓာသန်မာထွားကျိုင်းသူ၊ ဘက်စုံထူးချွန်သူ၊ အသိပညာကြွယ်ဝသူ၊ နန်းတွင်း၌အမှုထမ်းနိုင်စွမ်းသူ လူငယ်တို့ကို ခါလဒဲစာပေနှင့် ဘာသာစကားကို သင်ကြားပေးရန် အမိန့်ပေးလေ၏။ ရှင်ဘုရင်သည် ထိုသူတို့အား ဘုရင်စားသောအစားအစာ၊ ဘုရင်သောက်သောစပျစ်ဝိုင်ကို နေ့စဉ်ကျွေးမွေး၍ သုံးနှစ်တိုင်တိုင် သင်ကြားလေ့ကျင့်ပေးစေ၏။ သုံးနှစ်စေ့သောအခါ ဘုရင့်ရှေ့တော်တွင် အမှုထမ်းရန် စီရင်၏။ ထိုသူတို့ထဲတွင် ယုဒအမျိုးသားထဲမှ ဒံယေလ၊ ဟာနနိယ၊ မိရှေလ၊ အာဇရိ တို့ပါ၏။ နန်းတော်အုပ်က သူတို့အား နာမည်သစ်များပေး၏။ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိယကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါ ဟုအမည်ပေး၏။ ဒံယေလသည် ဘုရင့်အစားအစာနှင့် ဘုရင်သောက်သောစပျစ်ဝိုင်တို့ဖြင့် မိမိကိုယ်ကိုမညစ်ညူးစေရန် စိတ်ပိုင်းဖြတ်ထားသဖြင့် ထိုအရာတို့ဖြင့် မိမိကိုယ်ကိုညစ်ညူးအောင်မပြုပါရစေနှင့်ဟု နန်းတော်အုပ်ထံ အခွင့်တောင်းလေ၏။ နန်းတော်အုပ်သည် ဒံယေလအား ကျေးဇူးပြုလိုသောစိတ်၊ သနားလိုသောစိတ်ရှိအောင် ဘုရားသခင်ပြုပေးတော်မူ၏။ နန်းတော်အုပ်ကလည်း ဒံယေလအား “သင်တို့စားသောက်ရန် ကြီးကြပ်စီမံပေးသော ငါ့အရှင်ဘုရင်ကို ငါကြောက်၏။ သင်တို့မျက်နှာသည် သင်တို့နှင့်သက်တူရွယ်တူလူငယ်တို့၏မျက်နှာနှင့်မတူ ညှိုးငယ်နေမည်ကို အဘယ်ကြောင့် သူ့ကို မြင်စေမည်နည်း။ သို့ဖြစ်လျှင် ငါသည် ဘုရင်ထံမှ အပြစ်ဒဏ်ခံရလိမ့်မည်”ဟု ပြန်ပြော၏။ ထိုအခါ ဒံယေလက မိမိအပါအဝင် ဟာနနိယ၊ မိရှေလ၊ အာဇရိတို့ကို ကြည့်ရှုပေးရန် နန်းတော်အုပ်ခန့်ထားသောစားတော်ကဲထံသွား၍ “အသင့်အစေအပါးတို့အား ဟင်းသီးဟင်းရွက်ကိုသာကျွေး၍ ရေကိုသာတိုက်ခြင်းဖြင့် ဆယ်ရက်စမ်းသပ်ကြည့်ပါ။ ထို့နောက် အကျွန်ုပ်တို့၏ရုပ်ဆင်းသွင်ပြင်နှင့် ဘုရင့်အစားအစာကိုစားသောလူငယ်တို့၏ရုပ်ဆင်းသွင်ပြင်ကို ယှဉ်ကြည့်ပါ။ သို့ပြီးမှ အသင်မြင်သည့်အတိုင်း အသင့်ကျွန်တို့ကို စီရင်ပါ”ဟု ဆို၏။ စားတော်ကဲသည်လည်း ဒံယေလစကားကို သဘောတူ၍ ဆယ်ရက်စမ်းသပ်လေ၏။ ဆယ်ရက်စေ့သောအခါ သူတို့၏ရုပ်ဆင်းသွင်ပြင်သည် ဘုရင့်အစားအစာကိုစားသောအခြားလူငယ်တို့ထက် ပို၍ကျန်းမာကြံ့ခိုင်သည်ကို တွေ့ရ၏။ ထိုအခါ စားတော်ကဲသည် သူတို့စားဖို့အစာ၊ သောက်ဖို့စပျစ်ဝိုင်တို့အစား သူတို့အား ဟင်းသီးဟင်းရွက်များကိုသာ ကျွေးလေ၏။ ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။ ဤသို့ဖြင့် သူတို့ကို ဘုရင့်ရှေ့တော်သွင်းရမည့်နေ့ရောက်လာသောအခါ နန်းတော်အုပ်သည် သူတို့ကို နေဗုခဒ်နေဇာမင်းကြီးရှေ့တော်သို့ ခေါ်ဆောင်လာ၏။ ရှင်ဘုရင်သည် သူတို့နှင့်အပြန်အလှန်ပြောဆိုကြည့်သောအခါ ဒံယေလ၊ ဟာနနိယ၊ မိရှေလ၊ အာဇရိတို့ကဲ့သို့သောသူ တစ်ယောက်မျှမတွေ့။ ထို့ကြောင့် သူတို့သည် ဘုရင့်ထံပါး၌ ခစားခွင့်ရလေ၏။ ရှင်ဘုရင်မေးမြန်းသမျှသောဉာဏ်စမ်းမေးခွန်းတို့ကို ဖြေကြားရာတွင် သူတို့သည် တစ်နိုင်ငံလုံးရှိနတ်ဝိဇ္ဇာဆရာများ၊ ဂမ္ဘီရဆရာများထက် ဆယ်ဆမက သာသည်ကို ရှင်ဘုရင်တွေ့ရ၏။