ကောလောသဲ 3:1-17
ကောလောသဲ 3:1-17 Judson Bible (JBMLE)
အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏ လက်ယာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။- မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ် မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။- အကြောင်းမူကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏။- ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတ္တံ့။ ထိုကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။- ထိုအမှုများကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်သော သူတို့အပေါ်၌ သင့်ရောက်ပေ၏။- ထိုသူတို့နှင့် သင်တို့သည်လည်း အထက်က ပေါင်းဖော်သောအခါ၊ ထိုအမှုများ၌ ကျင်လည်ကြ၏။- ယခုမူကား၊ ထိုအမှုအလုံးစုံတို့ကိုလည်းကောင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်း၊ ညစ်ညူးသော စကားကို သုံးခြင်းတို့ကိုလည်းကောင်း၊ သင်တို့နှုတ်မှ ပယ်ရှင်းကြလော့။- အချင်းချင်း မုသားစကားကို မပြောမသုံးကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် လူဟောင်း၏ အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကို ချွတ်ပယ်၍၊- ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။- ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။- တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကို လွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။- စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။- သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးစေ။ ထိုသို့အလိုငှာ သင်တို့သည် တစ်လုံးတစ်ကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို ခံကြသည် ဖြစ်၍၊ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့။ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာ တည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။- စကားပြောသော်လည်းကောင်း၊ အမှုဆောင်ရွက်သော်လည်းကောင်း၊ သခင်ယေရှု၏ နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။
ကောလောသဲ 3:1-17 Common Language Bible (BCL)
သင်တို့သည်ခရစ်တော်နှင့်အတူသေခြင်းမှ ရှင်ပြန်ထမြောက်ကြပြီဖြစ်၍ ဘုရားသခင် ၏လက်ယာတော်ဘက်တွင်ခရစ်တော်ထိုင် လျက်နေတော်မူရာ ကောင်းကင်ဘုံ၌ရှိသော အရာတို့ကိုလိုချင်တောင့်တကြလော့။- လောကတွင်ရှိသောအရာတို့ကိုစိတ်မစွဲ လမ်းဘဲ အထက်ဘုံ၌ရှိသောအရာတို့ကို စိတ်စွဲလမ်းကြလော့။- အဘယ်ကြောင့်ဆိုသော်သေပြီးသောသင်တို့ အသက်သည် ခရစ်တော်နှင့်အတူဘုရား သခင်၌ဝှက်ထားလျက်ရှိသောကြောင့်တည်း။- သင်တို့အသက်အစစ်အမှန်သည်ခရစ်တော် ဖြစ်သည်။ ကိုယ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်းကိုယ်တော်နှင့်အတူဘုန်း အသရေတော်ကိုခံစားရကြလတ္တံ့။ သို့ဖြစ်၍ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ကျင့်ခြင်း၊ ပြင်းပြသောတဏှာရမ္မက်၊ မကောင်းမှု ပြုလုပ်လိုသောစိတ်ရှိခြင်း၊ လောဘလွန်ကူး ခြင်းအစရှိသောလောကီအာသာရမ္မက်များ ကိုသေစေကြလော့။ (လောဘကူးခြင်းသည် ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင်ဖြစ်၏။-) ထိုကဲ့သို့သောအာသာရမ္မက်များကြောင့်ဘုရား သခင်၏စကားကိုမနာခံသောသူများသည် အမျက်တော်သင့်ကြပေအံ့။- အခါတစ်ပါးကသင်တို့ကိုယ်တိုင်လည်းထို အပြစ်ဒုစရိုက်များကိုကူးလွန်လျက် အသက်ရှင်နေထိုင်ခဲ့ကြ၏။ သို့သော်ယခုအခါ၌သင်တို့သည်အမျက် ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မုန်းတီးခြင်း၊ သူတစ် ပါးအသရေကိုဖျက်ခြင်း၊ ညစ်ညမ်းသော စကားကိုပြောဆိုခြင်းစသည်တို့ကိုပယ် ရှားကြလော့။- တစ်ဦးနှင့်တစ်ဦးလိမ်လည်၍မပြောဆိုကြနှင့်။ သင်တို့သည်အကျင့်ဆိုးများနှင့်တကွလူ ဟောင်းကိုချွတ်ပယ်ကာ၊- လူသစ်ကိုဝတ်ဆင်ကြလေပြီ။ ဖန်ဆင်းတော်မူ ရှင်ဘုရားသခင်သည် ထိုလူသစ်အားမိမိ၏ ပုံသဏ္ဌာန်တော်နှင့်အညီအမြဲအသစ်ပြုပြင် လျက်နေတော်မူ၏။ ဤသို့ပြုတော်မူခြင်းမှာ သင်တို့သည်ကိုယ်တော်ကိုပြည့်ဝစုံလင်စွာ သိကျွမ်းလာကြစေရန်ပင်ဖြစ်ပေသည်။- သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။ သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင်များ ဖြစ်ကြ၏။ ကိုယ်တော်သည်သင်တို့ကိုချစ်၍ မိမိ ပိုင်ဆိုင်သူများဖြစ်ရန်ရွေးချယ်တော်မူသဖြင့် ကရုဏာပြခြင်း၊ သနားကြင်နာခြင်း၊ စိတ် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း တို့ကိုဝတ်ဆင်ကြလော့။- သင်တို့သည်အချင်းချင်းအပေါ်တွင်အပြစ် တင်စရာရှိပါလျှင် သည်းခံလျက်အပြစ်ဖြေ လွှတ်ကြလော့။ သခင်ဘုရားသည်သင်တို့ အားအပြစ်ဖြေလွှတ်တော်မူသကဲ့သို့ သင် တို့သည်လည်းအချင်းချင်းအားအပြစ်ဖြေ လွှတ်ရကြမည်။- ဤအရည်အသွေးများကိုမေတ္တာဖြင့်ဖြည့်စွက် လော့။ မေတ္တာသည်အရာခပ်သိမ်းကိုစုစည်း၍ လုံးဝစည်းလုံးညီညွတ်စေသတည်း။- သင်တို့ကိုလမ်းပြရန်ခရစ်တော်ထံမှရရှိ သည့်ငြိမ်သက်ခြင်းနှင့်အညီ သင်တို့ဆုံးဖြတ် ချက်များချမှတ်ကြလော့။ ထိုငြိမ်သက်ခြင်း ကိုသင်တို့ခံစားနိုင်ကြစေရန်ဘုရားသခင် သည်သင်တို့ကိုတစ်ခုတည်းသောကိုယ်ခန္ဓာ အဖြစ်ခေါ်ယူရွေးကောက်တော်မူခဲ့၏။ သို့ ဖြစ်၍ကျေးဇူးတော်ကိုချီးမွမ်းကြလော့။- ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။- သို့ဖြစ်၍သင်တို့သည်ပြောဆိုပြုမူရာတွင် သခင် ယေရှု၏နာမတော်ကိုထောက်၍ပြောဆိုပြုမူကြ လော့။ ထိုအရှင်ကိုအမှီပြု၍အဖဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
ကောလောသဲ 3:1-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော်ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။ မြေကြီးပေါ်၌ရှိသောအရာတို့ကို မစွဲလမ်းဘဲ အထက်အရပ်၌ရှိသောအရာတို့ကို စွဲလမ်းကြလော့။ အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။ သင်တို့၏အသက်ဖြစ်သောခရစ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေ၌ထင်ရှားကြလိမ့်မည်။ ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။ ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။ သင်တို့သည်လည်း ယခင်က ထိုအရာတို့၌ အသက်ရှင်ကြစဉ် ထိုအရာတို့ထဲတွင် ကျင်လည်ခဲ့ကြ၏။ ယခုမူကား သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသကြီးခြင်း၊ မလိုတမာဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် သင်တို့၏နှုတ်မှထွက်သည့် ညစ်ညမ်းရိုင်းစိုင်းသောစကား စသည့်အမှုအလုံးစုံတို့ကို ဖယ်ရှားကြလော့။ အချင်းချင်းမလိမ်ညာကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းကို ၎င်း၏အကျင့်များနှင့်အတူချွတ်ပယ်၍ ဖန်ဆင်းတော်မူသောအရှင်၏ပုံသဏ္ဌာန်နှင့်အညီ စစ်မှန်သောအသိပညာအားဖြင့် အသစ်ပြုပြင်ခြင်းခံရသောလူသစ်ကို ဝတ်ဆင်ကြပြီဖြစ်၏။ ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။ အချင်းချင်းသည်းခံ၍ တစ်ဦးအပေါ်တစ်ဦးအပြစ်တင်စရာရှိလျှင် သခင်ဘုရားသည် သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း အချင်းချင်းခွင့်လွှတ်ကြလော့။ ဤအရာအားလုံးတို့အပေါ်၌ စုံလင်ခြင်း၏နှောင်ကြိုးဖြစ်သော ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ကြလော့။ သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းကို အုပ်စိုးစေကြလော့။ အကြောင်းမူကား သင်တို့သည် ဤငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ခေါ်ယူတော်မူခြင်းခံရကြ၏။ ကျေးဇူးသိတတ်သောစိတ်ရှိကြလော့။ ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။ သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။