တမန်တော် 4:1-13
တမန်တော် 4:1-13 Judson Bible (JBMLE)
ထိုသို့ တမန်တော်တို့သည် လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ်တို့နှင့် ဇဒ္ဒုကဲများတို့သည် လာကြသဖြင့်၊- တမန်တော်တို့သည် လူများတို့အားဆုံးမဩဝါဒပေး၍ ယေရှုကိုအကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့်၊- တမန်တော်တို့ကို ဖမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။- တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါးထောင်မျှလောက် ရှိကြ၏။ နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်၊- ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုး ရှိမျှတို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊- တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။ ထိုအခါပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ လူများကို အစိုးရသောမင်းတို့နှင့် ဣသရေလအမျိုးအကြီးအကဲတို့၊ အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည် ယနေ့အစစ်ခံရလျှင်၊- သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။- ထိုသခင်ကား၊ သင်တို့သည် တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။- ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။ ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့်ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ်ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍လည်းကောင်း၊
တမန်တော် 4:1-13 Common Language Bible (BCL)
ပေတရုနှင့်ယောဟန်တို့သည်လူတို့အား ဟောပြောလျက်နေကြစဉ်ယဇ်ပုရောဟိတ် များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့်ဇဒ္ဒုကဲ များသည်ရောက်လာကြ၏။- တမန်တော်တို့သည် သေခြင်းမှသခင်ယေရှု ရှင်ပြန်ထမြောက်သည့်အကြောင်းကိုဟောပြော လျက်နေသဖြင့် ဇဒ္ဒုကဲတို့စိတ်ဆိုးကြ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သေခြင်း မှရှင်ပြန်ထမြောက်မှုသည် သူသေတို့ရှင်ပြန် ထမြောက်ကြလိမ့်မည်ဟူသောအယူဝါဒ မှန်ကန်ကြောင်းကို သက်သေထူလျက်ရှိသော ကြောင့်ဖြစ်၏။- သို့ဖြစ်၍သူတို့သည်တမန်တော်တို့ကို ဖမ်းဆီးကြပြီးနောက် ညချမ်းအချိန်ရှိ ပြီဖြစ်၍ နောက်တစ်နေ့နံနက်တိုင်အောင် ချုပ်နှောင်ထားကြ၏။- သို့ရာတွင်တရားနာသောသူအမြောက် အမြားပင် ကိုယ်တော်ကိုသက်ဝင်ယုံကြည် လာကြ၏။ ယုံကြည်သူအရေအတွက် ငါးထောင်ခန့်တိုးပွားလာသတည်း။ နောက်တစ်နေ့၌ယုဒခေါင်းဆောင်များ၊ အကြီး အကဲများနှင့်ကျမ်းတတ်ဆရာများသည် ယေရုရှလင်မြို့တွင်စုဝေးကြပြီးလျှင်၊- ယဇ်ပုရောဟိတ်မင်းအန္နတ်နှင့်တကွသူ၏ အိမ်ထောင်စုသားများဖြစ်သည့်ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြေုအစရှိသောသူ အပေါင်းတို့နှင့်တွေ့ဆုံတိုင်ပင်ကြ၏။- ထိုသူတို့သည်မိမိတို့ရှေ့တွင်တမန်တော် နှစ်ပါးကိုရပ်စေ၍``သင်တို့သည်မည်သည့် တန်ခိုး၊ မည်သည့်နာမအားဖြင့်ဤအမှု ကိုပြုသနည်း'' ဟုမေးမြန်းကြ၏။ ထိုအခါပေတရုသည် သန့်ရှင်းသောဝိညာဉ် တော်ဖြင့်ပြည့်ဝလျက်``လူတို့၏ခေါင်းဆောင် တို့နှင့်အကြီးအကဲတို့၊- ခြေမစွမ်းမသန်သူတစ်ယောက်ကိုကောင်း ကျိုးပြုသည့်အကြောင်း၊ သူစွမ်းသန်လာပုံ အကြောင်းနှင့်ပတ်သက်၍ ယနေ့ငါတို့အစစ် ခံရကြ၏။- နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။ `တိုက်ကိုတည်ဆောက်ရာတွင် သင်တို့ပယ်ထားသည့်ကျောက်သည် အရေးကြီးဆုံးဖြစ်သည့်ထောင့်ချုပ်ကျောက် ဖြစ်လာရ၏' ဟုကျမ်းစာကရည်ညွန်းသူမှာထိုအရှင် ဖြစ်သည်။- ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။ ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။
တမန်တော် 4:1-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ပေတရုနှင့်ယောဟန်တို့သည် လူတို့အားဟောပြောလျက်နေကြစဉ် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့် ဇဒ္ဒုကဲတို့သည် သူတို့ထံသို့ရောက်လာကြ၏။ တမန်တော်တို့သည် ယေရှုကိုအကြောင်းပြုလျက် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို လူတို့အား သွန်သင်ဟောပြောနေကြသောကြောင့် ထိုသူတို့သည် စိတ်အနှောင့်အယှက်ဖြစ်လျက် တမန်တော်တို့ကိုဖမ်းဆီးကာ မိုးချုပ်ပြီဖြစ်သဖြင့် နောက်တစ်နေ့တိုင်အောင် အချုပ်ထောင်ထဲ၌ထည့်ထားကြ၏။ သို့သော် နှုတ်ကပတ်တရားကို ကြားနာသူများစွာတို့သည် ယုံကြည်ကြရာ ယောက်ျားအရေအတွက် ငါးထောင်ခန့်မျှဖြစ်လာလေ၏။ နောက်တစ်နေ့၌ သူတို့၏အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းပြုဆရာများသည် ဂျေရုဆလင်မြို့၌စုဝေးကြ၏။ ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြားမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိသမျှတို့လည်းပါဝင်ကြ၏။ သူတို့သည် ပေတရုနှင့်ယောဟန်တို့ကို အားလုံးရှေ့၌ရပ်စေပြီးလျှင် “သင်တို့သည် မည်သည့်အာဏာ၊ မည်သည့်နာမဖြင့် ဤအမှုကို ပြုကြသနည်း”ဟု မေးမြန်းကြ၏။ ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် “လူတို့၏အကြီးအကဲများနှင့် သက်ကြီးဝါကြီးများတို့၊ ယနေ့ အကျွန်ုပ်တို့သည် အားနည်းသောသူတစ်ဦးအပေါ် ကောင်းကျိုးပြုခဲ့သည့်အကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဤသူသည် မည်ကဲ့သို့အကောင်းပကတိဖြစ်လာသနည်းဟူသည့်အကြောင်းနှင့်ပတ်သက်၍လည်းကောင်း စစ်ဆေးခြင်းခံရသည်ဆိုလျှင် သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။ ထိုအရှင်သည် တိုက်ဆောက်သူများတည်းဟူသောသင်တို့က ပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်ဖြစ်၏။ ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။ ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။