တမန်တော် 2:37-47
တမန်တော် 2:37-47 Judson Bible (JBMLE)
ထိုသူတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။- ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။- အကြောင်းမူကား၊ ကတိတော်သည် သင်တို့နှင့်လည်းကောင်း၊ သင်တို့၏ သားသမီးတို့နှင့်လည်းကောင်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်လည်းကောင်း ဆိုင်သည်ဟု ဟော၏။- ထိုမှတစ်ပါး သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။ ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည် ဝင်ကြ၏။- ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပတ္ထနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။ လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြုကြ၏။- ယုံကြည်သော သူအပေါင်းတို့သည် တစ်စုတစ်ဝေးတည်းနေကြသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။- မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှခြင်းကို ပြုကြ၏။- ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကို သုံးဆောင်ကြ၏။- ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။
တမန်တော် 2:37-47 Common Language Bible (BCL)
ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။ ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။- ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။ ပေတရုသည်ဤမျှသာမကအခြားတရား စကားများအားဖြင့်လည်းတိုက်တွန်းဟောပြော ၏။ ``သင်တို့သည်မိမိတို့ကိုယ်ကိုဤဆိုးယုတ် သောလူတို့ခံကြရမည့်အပြစ်ဒဏ်မှကင်း လွတ်စေကြလော့'' ဟုထိုသူတို့အားတိုက် တွန်း၏။- လူအမြောက်အမြားပင်သူ၏တရားစကား ကိုလက်ခံယုံကြည်ကာ ဗတ္တိဇံမင်္ဂလာခံယူ ကြသဖြင့် ထိုနေ့၌တပည့်တော်အရေအတွက် သုံးထောင်မျှတိုးလာ၏။- ထိုသူတို့သည်တမန်တော်တို့၏ဆုံးမသြဝါဒ ကိုခံယူခြင်း၊ စုပေါင်းနေထိုင်စားသောက်ခြင်း၊ ပွဲ တော်မင်္ဂလာဝင်ခြင်း၊ အတူတကွဆုတောင်းပတ္ထနာ ပြုခြင်းတို့ဖြင့်အချိန်ကိုကုန်လွန်စေကြ၏။ တမန်တော်တို့သည်များစွာသောအံ့သြဖွယ် ရာများနှင့်နိမိတ်လက္ခဏာများကိုပြကြ သဖြင့် လူအပေါင်းတို့သည်အံ့သြကြောက် လန့်ကြကုန်၏။- ခရစ်တော်ကိုယုံကြည်သူအပေါင်းတို့သည် တစ် စုတစ်ဝေးတည်းနေထိုင်၍ မိမိတို့ဥစ္စာပစ္စည်း များကိုဝေမျှသုံးဆောင်ကြလေသည်။- သူတို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ချို့တဲ့သူများအားချို့တဲ့မှု ပမာဏအတိုင်းဝေမျှကြ၏။- သူတို့သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် စုဝေးကြ၏။ မိမိတို့အိမ်များတွင်နှိမ့်ချ သောစိတ်ဖြင့်ဝမ်းမြောက်စွာအတူတကွ အစာအာဟာရကိုသုံးဆောင်ကြ၏။- သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။
တမန်တော် 2:37-47 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။ ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။ အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။ ပေတရုသည် အခြားသောစကားအမျိုးမျိုးတို့ဖြင့် သက်သေခံလျက် “ဤကောက်ကျစ်သောမျိုးဆက်ထဲမှလွတ်မြောက်ရန် ကယ်တင်ခြင်းကိုခံယူကြလော့”ဟု သူတို့အား တိုက်တွန်းနှိုးဆော်လေ၏။ ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။ ထိုသူတို့သည် တမန်တော်တို့၏သွန်သင်ချက်ကိုခံယူခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြ၏။ လူအပေါင်းတို့၌ ကြောက်စိတ်ဖြစ်ပေါ်ကြပြီး တမန်တော်တို့သည်လည်း များစွာသောအံ့ဩဖွယ်ရာများနှင့် နိမိတ်လက္ခဏာတို့ကိုပြုကြ၏။ ယုံကြည်သူအားလုံးတို့သည် တစ်စုတစ်ဝေးတည်းနေလျက် ရှိသမျှတို့ကို စုပေါင်းပိုင်ဆိုင်ကြကာ ဥစ္စာပစ္စည်းများနှင့် မိမိတို့ပိုင်ဆိုင်သောအရာများကို ရောင်းချပြီးလျှင် ၎င်းတို့ကို တစ်ဦးချင်းစီ၌လိုအပ်မှုရှိသည့်အတိုင်း အားလုံးတို့အား ခွဲဝေပေးကမ်းကြ၏။ သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ ဘုရားသခင်ကိုချီးမွမ်းလျက် လူအပေါင်းတို့ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှတိုးပွားစေတော်မူ၏။