တမန်တော် 2:25-32
တမန်တော် 2:25-32 Judson Bible (JBMLE)
ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။- ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။- အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။- မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မည်ဟု ဒါဝိဒ်ဆိုသတည်း။- ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။- ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဋ္ဌာန်ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဉာဏ်အားဖြင့်သိ၍၊- ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဉာဏ်နှင့် ဟောလေ၏။- ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။
တမန်တော် 2:25-32 Common Language Bible (BCL)
ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊ `ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။ သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မူမည်မဟုတ်၊ ကိုယ်တော်ရှင်၏သစ္စာကိုစောင့်သိသောအစေခံအား သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူမည် မဟုတ်သောကြောင့်တည်း။ အသက်ရှင်ရာလမ်းသို့ကျွန်တော်မျိုးအား ကိုယ်တော်ရှင်ပြညွှန်တော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးနှင့်အတူ ရှိတော်မူခြင်းဖြင့် ကျွန်တော်မျိုးအားဝမ်းမြောက် စေတော်မူလိမ့်မည်' ဟုဆို၏။ ``ညီအစ်ကိုတို့၊ ငါတို့၏နာမည်ကျော်အဖ ဖြစ်သောဒါဝိဒ်မင်း၏အကြောင်းကို ငါသည် သင်တို့အားရှင်းလင်းစွာဖော်ပြပါရစေ။ သူ သည်သေလွန်၍သင်္ဂြိုဟ်ခြင်းကိုခံရ၏။ သူ၏ သင်္ချိုင်းသည်ယနေ့တိုင်အောင်ငါတို့မျက်မှောက် တွင်ရှိသေး၏။- သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။- နောင်အခါတွင်ဘုရားသခင်မည်သို့ပြုတော် မူမည်ကိုသိသဖြင့်၊ `ကိုယ်တော်ကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မမူ။ သူ၏ခန္ဓာကိုသင်္ချိုင်းတွင်ပုပ်ပျက် စေတော်မူမည်မဟုတ်' ဟုသေခြင်းမှမေရှိယထမြောက်တော်မူ မည့်အကြောင်းကိုကြိုတင်ဖော်ပြခဲ့၏။- ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။
တမန်တော် 2:25-32 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဒါဝိဒ်ကလည်း ထိုအရှင်နှင့်ပတ်သက်၍ ‘ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည် တုန်လှုပ်ခြင်းမရှိရာ။ ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ပျော်ရွှင်၍ ငါ၏နှုတ်သည်ရွှင်မြူး၏။ ထိုမျှမက ငါ၏သွေးသားသည်လည်း မျှော်လင့်ခြင်း၌ခိုလှုံလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသောသူအားလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။ ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝစေတော်မူလိမ့်မည်’ဟု ဆိုထား၏။ ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။ သူသည် ပရောဖက်တစ်ပါးဖြစ်သောကြောင့် သူ့သားမြေးထဲမှ တစ်ဦးကို သူ၏ပလ္လင်ပေါ်တွင်ထိုင်စေမည်ဟု ဘုရားသခင်သည် သူ့အားကတိသစ္စာဖြင့်တိုင်တည်၍ မိန့်တော်မူကြောင်းသိထား၏။ သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။ ဘုရားသခင်သည် ထိုယေရှုကို ထမြောက်စေတော်မူ၏။ ငါတို့အားလုံးသည် ဤအကြောင်းအရာ၏သက်သေများဖြစ်ကြ၏။