တမန်တော် 2:1-47
တမန်တော် 2:1-47 Judson Bible (JBMLE)
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။- ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည် တစ်ခဏချင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေထိုင်သောအိမ်ကို ဖြည့်လေ၏။- ထိုခဏချင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးအသီးတို့အပေါ်၌ တည်နေကြ၏။- ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။ ထိုကာလအခါ၊ ကောင်းကင်အောက်တွင် ရှိလေသမျှသောလူမျိုးထဲက ဘုရားကိုရိုသေသော ယုဒလူတို့သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။- ထိုအသံကိုကြားရသောအခါ၊ လူများတို့သည်စုဝေးလာကြလျှင်၊ အသီးသီးအခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ဟောပြောသည်ကို ကြားရ၍ မှိုင်တွေလျက်ရှိနေကြ၏။- ထိုလူအပေါင်းတို့သည် အံ့ဩမိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟောပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။- သို့ဟုတ်လျှင် ငါတို့သည် အသီးအသီးမွေးဖွားရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။- ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊- ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနေမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊- ကရေတေပြည်သား၊ အာရပ်ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဖွယ်သောအမှုတို့ကို ငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကို ကြားရပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။- ထိုလူအပေါင်းတို့သည် မိန်းမောတွေးတောသောစိတ် ရှိသည်နှင့်၊ ဤအမှုအရာသည် အဘယ်သို့သော အမှုအရာဖြစ်သနည်းဟု တစ်ယောက်ကိုတစ်ယောက် ပြောဆိုကြ၏။- လူအချို့တို့က၊ ဤသူတို့သည် ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲ့ပြောဆိုကြ၏။ ထိုအခါ တစ်ကျိပ်တစ်ပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သောအသံနှင့် ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့် ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကို စေ့စေ့နာခံကြလော့။- ယခုအချိန်ကား နံနက်တစ်ချက်တီးအချိန်သာ ရှိသည်ဖြစ်၍၊ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။- ဤအရာကား ပရောဖက်ယောလဟောဖူးသောအရာ ဖြစ်သတည်း။- ဟောဖူးသောအချက်ကား၊ နောင်ကာလ၌ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်လည်း နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။- ထိုကာလ၌လည်း ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။- အထက်မိုးကောင်းကင်၌ အံ့ဖွယ်သော အရာတို့ကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌ သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကိုလည်းကောင်း ငါပြမည်။- ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။- ထိုအခါထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့ဟု ဘုရားဗျာဒိတ်တော်ရှိ၏။ ဣသရေလလူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ သိကြသည်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသော သက်သေကို ရသောသူဖြစ်၍၊- ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်လည်းကောင်း၊ အနာဂတံသ ဉာဏ်တော်အားဖြင့်လည်းကောင်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဖမ်းဆီး၍ မတရားသောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။- ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍ မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကို ဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။- ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။- ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတစ်ပါး ငါ့အသားသည် မျှော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။- အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်။- မျက်နှာတော်ကို ဖူးမြင်ရသောအားဖြင့် ဝမ်းမြောက်သောစိတ်နှင့် အကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မည်ဟု ဒါဝိဒ်ဆိုသတည်း။- ညီအစ်ကိုတို့၊ အမျိုး၏အဘဖြစ်သော ဒါဝိဒ်၏အကြောင်းကို ငါသည် သင်တို့အား အတည့်အလင်း ပြောပါရစေ။ ထိုဒါဝိဒ်သည် သေ၍ သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။- ထိုသူသည် မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍ မိမိပလ္လင်ပေါ်မှာ တင်တော်မူမည်အကြောင်း ဓိဋ္ဌာန်ကျိန်ဆိုတော်မူသည်ကို ပရောဖက်ဉာဏ်အားဖြင့်သိ၍၊- ခရစ်တော်၏ ထမြောက်ခြင်းအကြောင်းကို ရည်မှတ်လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ အသားသည်လည်း ပုပ်စပ်ခြင်းသို့မရောက်ဟု အနာဂတံသဉာဏ်နှင့် ဟောလေ၏။- ထိုယေရှုကို ဘုရားသခင် ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။- ထိုသို့ဘုရားသခင်သည် လက်ယာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ကတိတော်နှင့် ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွှန်းလောင်းတော်မူ၏။- ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး၊- သို့ရာတွင် ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ့သခင်အားမိန့်တော်မူသည်ဟု ဒါဝိဒ်စကားရှိ၏။- ထိုကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရသော အရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။ ထိုသူတို့သည်ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြ၏။- ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။- အကြောင်းမူကား၊ ကတိတော်သည် သင်တို့နှင့်လည်းကောင်း၊ သင်တို့၏ သားသမီးတို့နှင့်လည်းကောင်း၊ ဝေးသောသူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသော သူတို့နှင့်လည်းကောင်း ဆိုင်သည်ဟု ဟော၏။- ထိုမှတစ်ပါး သဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။ ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည် ဝင်ကြ၏။- ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပတ္ထနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏။ လူအပေါင်းတို့သည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြုကြ၏။- ယုံကြည်သော သူအပေါင်းတို့သည် တစ်စုတစ်ဝေးတည်းနေကြသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။- မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှခြင်းကို ပြုကြ၏။- ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကို သုံးဆောင်ကြ၏။- ဘုရားသခင်ကိုလည်း ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။
တမန်တော် 2:1-47 Common Language Bible (BCL)
ပင်တေကုတ္တေပွဲတော်နေ့ကျရောက်သောအခါ တပည့်တော်အပေါင်းတို့သည်တစ်နေရာ တည်းတွင်စုရုံးလျက်ရှိကြ၏။- ထိုအခါလေပြင်းမုန်တိုင်းတိုက်ခတ်သံနှင့် တူသောအသံသည် အထက်ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၏။ ထိုနောက်တပည့်တော် တို့နေထိုင်ရာအိမ်သည် ထိုအသံဖြင့်ပြည့် လေ၏။- သူတို့သည်မီးလျှာများနှင့်တူသည့်အရာ များကိုလည်းမြင်ရကြ၏။ ယင်းမီးလျှာတို့ သည်အဖြာဖြာကွဲကာ ထိုသူတို့အသီး သီးအပေါ်တွင်တည်နေ၏။- ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။ ထိုကာလ၌ကမ္ဘာပေါ်ရှိတိုင်းပြည်အသီးသီး မှ လာရောက်ကြသောဘုရားတရားရိုသေကိုင်း ရှိုင်းသူ ယုဒအမျိုးသားတို့သည်ယေရုရှလင် မြို့တွင်တည်းနေကြ၏။- ထိုအသံကိုကြားသောအခါလူပရိသတ် တို့သည်စုရုံးလာကြ၏။ တပည့်တော်တို့ဟော ပြောချက်များကို လူတိုင်းပင်မိမိဘာသာ စကားဖြင့်ကြားကြရသဖြင့်သူတို့သည် အံ့အားသင့်ကြ၏။- အံ့သြမိန်းမောတွေဝေကာ``ဤသို့ဟောပြော နေကြသူတို့ကားဂါလိလဲပြည်သားများ မဟုတ်ပါလော။- ဟုတ်သည်ဆိုပါမူငါတို့အားလုံးသည် မိမိ တို့တိုင်းရင်းသားဘာသာစကားအတိုင်း အသီး သီးကြားကြရသည်ကားအသို့နည်း။- ငါတို့သည်ပါသိပြည်၊ မေဒိပြည်၊ ဧလံ ပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊- ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်များမှ လည်းကောင်း၊ ကုရေနေမြို့အနီးလိဗုနယ်ပယ် များမှလည်းကောင်းလာကြသူများဖြစ်၏။ အချို့သောငါတို့သည်ရောမမြို့မှရောက် လာသော၊- ယုဒအမျိုးသားများနှင့်ယုဒဘာသာသို့ ကူးပြောင်းလာကြသူများဖြစ်ကြ၏။ အချို့ သောငါတို့သည်ကရေတေပြည်သားနှင့်အာရပ် အမျိုးသားများဖြစ်ကြ၏။ သို့ရာတွင်ငါတို့ သည်ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ် အမှုတော်များကို ငါတို့ဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရကြပါသည် တကား'' ဟုဆိုကြ၏။- သူတို့သည်လွန်စွာအံ့သြတွေဝေလျက် ``ဤ အမှုအရာကားအဘယ်သို့သောအမှုအရာ ဖြစ်သနည်း'' ဟုအချင်းချင်းပြောဆိုကြ၏။ အခြားသောသူတို့မူ ``ဤသူတို့သည်သေ သောက်မူးယစ်နေသူများဖြစ်ကြ၏'' ဟု ကဲ့ရဲ့ပြောဆိုကြ၏။ ပေတရုသည်တစ်ကျိပ်တစ်ပါးတို့နှင့်အတူ ရပ်လျက်အသံကျယ်စွာဖြင့် ``ယုဒအမျိုးသား များနှင့်ယေရုရှလင်မြို့သားအပေါင်းတို့ငါ့ စကားကိုနားထောင်ကြလော့။ ဤအမှုအရာ အကြောင်းကိုငါရှင်းပြမည်။- ဤသူတို့သည်သင်တို့ထင်မှတ်သည်အတိုင်း မူးယစ်နေသူများမဟုတ်။ ယခုနံနက်ကိုး နာရီမျှသာရှိသေး၏။- ဤအမှုအရာကားပရောဖက်ယောလ ဟောကြားခဲ့သည့်အမှုအရာပင်ဖြစ်၏။ ထို ပရောဖက်က၊ `အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။ ထိုနေ့ရက်ကာလ၌ငါ၏အစေခံသူယောကျာ်း၊ မိန်းမများအပေါ်သို့ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သူတို့သည်ငါ၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြလိမ့်မည်။ အထက်အရပ်ကောင်းကင်တွင်နိမိတ် လက္ခဏာများကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်တွင်အံ့သြဖွယ်သော အရာများကိုလည်းကောင်းငါပြမည်။ သွေး၊မီးလျှံ၊မီးခိုးတည်းဟူသော ပုပ္ပနိမိတ်များကိုငါပြမည်။ ထာဝရဘုရား၏နေ့ထူးနေ့မြတ်ကြီးမကျ ရောက်မီ နေသည်မှောင်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးကဲ့သို့နီလိမ့်မည်။ ထိုအခါထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ဆုတောင်းပတ္ထနာပြုကြသူအပေါင်းတို့သည် ကယ်တင်တော်မူခြင်းကိုခံရကြလိမ့်မည်' ဟူ၍ဟောပြောခဲ့သတည်း။ ``အို ဣသရေလအမျိုးသားတို့၊ ငါ့စကား ကိုနားထောင်ကြလော့။ ဘုရားသခင်သည်ထူး ဆန်းအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များကို နာဇရက်မြို့သားယေရှုအားဖြင့်ပြ တော်မူခဲ့၏။ သို့ဖြစ်၍ထိုအရှင်သည်ဘုရား သခင်၏တန်ခိုးအာဏာတော်နှင့်ပြည့်ဝသူ ဖြစ်ကြောင်းသိသာထင်ရှားပေသည်။ ထိုအဖြစ် အပျက်များမှာသင်တို့ရှေ့မှောက်တွင်ဖြစ်ပျက် ခဲ့သဖြင့် ယင်းတို့ကိုသင်တို့ကိုယ်တိုင်သိရှိ ကြသည်။- ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။- သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။- ထိုအရှင်နှင့်ပတ်သက်၍ဒါဝိဒ်မင်းက၊ `ငါသည်ထာဝရဘုရားကိုအစဉ်မပြတ် ဖူးမြင်ရ၏။ ငါသည်စိတ်တုန်လှုပ်ခြင်းနှင့်ကင်းစေရန် ကိုယ်တော်သည်ငါ့အနီးတွင်ရှိတော်မူ၏။ သို့ဖြစ်၍ငါ၏စိတ်နှလုံးသည်ရွှင်လန်းလျက်၊ ငါ၏နှုတ်သည်ရွှင်ပြသောစကားများဖြင့် ပြည့်လျက်ရှိပါ၏။ ငါသည်သေမျိုးပင်ဖြစ်သော်လည်းမျှော်လင့်လျက် ငြိမ်ဝပ်စိတ်ချစွာနေပါမည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မူမည်မဟုတ်၊ ကိုယ်တော်ရှင်၏သစ္စာကိုစောင့်သိသောအစေခံအား သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူမည် မဟုတ်သောကြောင့်တည်း။ အသက်ရှင်ရာလမ်းသို့ကျွန်တော်မျိုးအား ကိုယ်တော်ရှင်ပြညွှန်တော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးနှင့်အတူ ရှိတော်မူခြင်းဖြင့် ကျွန်တော်မျိုးအားဝမ်းမြောက် စေတော်မူလိမ့်မည်' ဟုဆို၏။ ``ညီအစ်ကိုတို့၊ ငါတို့၏နာမည်ကျော်အဖ ဖြစ်သောဒါဝိဒ်မင်း၏အကြောင်းကို ငါသည် သင်တို့အားရှင်းလင်းစွာဖော်ပြပါရစေ။ သူ သည်သေလွန်၍သင်္ဂြိုဟ်ခြင်းကိုခံရ၏။ သူ၏ သင်္ချိုင်းသည်ယနေ့တိုင်အောင်ငါတို့မျက်မှောက် တွင်ရှိသေး၏။- သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။- နောင်အခါတွင်ဘုရားသခင်မည်သို့ပြုတော် မူမည်ကိုသိသဖြင့်၊ `ကိုယ်တော်ကိုမရဏာနိုင်ငံတွင် စွန့်ပစ်၍ထားတော်မမူ။ သူ၏ခန္ဓာကိုသင်္ချိုင်းတွင်ပုပ်ပျက် စေတော်မူမည်မဟုတ်' ဟုသေခြင်းမှမေရှိယထမြောက်တော်မူ မည့်အကြောင်းကိုကြိုတင်ဖော်ပြခဲ့၏။- ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။- ကိုယ်တော်သည်ဘုရားသခင်၏လက်ယာတော် ဘက်တွင်စံပယ်ရန်ချီးမြှင့်ခြင်းခံတော်မူပြီး နောက် ခမည်းတော်ကတိထားတော်မူသည့်သန့် ရှင်းသောဝိညာဉ်တော်ကိုခံယူ၍ သင်တို့ယခု တွေ့မြင်ကြားသိနေကြသည့်ဝိညာဉ်တော်ကို ငါတို့အပေါ်သို့သွန်းလောင်းတော်မူသတည်း။- ဒါဝိဒ်မင်းသည်ကောင်းကင်ဘုံသို့တက်ကြွ သည်မဟုတ်။ သို့ရာတွင်ဒါဝိဒ်မင်းက၊ `ငါ၏လက်ယာဘက်၌ထိုင်နေလော့။ သင်၏ရန်သူများကိုသင်၏ခြေတင်ခုံဖြစ် စေမည်ဟု ထာဝရဘုရားကငါ၏အရှင်အားမိန့်တော် မူ၏' ဟူ၍ဖော်ပြခဲ့၏။- သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။ ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။ ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။- ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။ ပေတရုသည်ဤမျှသာမကအခြားတရား စကားများအားဖြင့်လည်းတိုက်တွန်းဟောပြော ၏။ ``သင်တို့သည်မိမိတို့ကိုယ်ကိုဤဆိုးယုတ် သောလူတို့ခံကြရမည့်အပြစ်ဒဏ်မှကင်း လွတ်စေကြလော့'' ဟုထိုသူတို့အားတိုက် တွန်း၏။- လူအမြောက်အမြားပင်သူ၏တရားစကား ကိုလက်ခံယုံကြည်ကာ ဗတ္တိဇံမင်္ဂလာခံယူ ကြသဖြင့် ထိုနေ့၌တပည့်တော်အရေအတွက် သုံးထောင်မျှတိုးလာ၏။- ထိုသူတို့သည်တမန်တော်တို့၏ဆုံးမသြဝါဒ ကိုခံယူခြင်း၊ စုပေါင်းနေထိုင်စားသောက်ခြင်း၊ ပွဲ တော်မင်္ဂလာဝင်ခြင်း၊ အတူတကွဆုတောင်းပတ္ထနာ ပြုခြင်းတို့ဖြင့်အချိန်ကိုကုန်လွန်စေကြ၏။ တမန်တော်တို့သည်များစွာသောအံ့သြဖွယ် ရာများနှင့်နိမိတ်လက္ခဏာများကိုပြကြ သဖြင့် လူအပေါင်းတို့သည်အံ့သြကြောက် လန့်ကြကုန်၏။- ခရစ်တော်ကိုယုံကြည်သူအပေါင်းတို့သည် တစ် စုတစ်ဝေးတည်းနေထိုင်၍ မိမိတို့ဥစ္စာပစ္စည်း များကိုဝေမျှသုံးဆောင်ကြလေသည်။- သူတို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ချို့တဲ့သူများအားချို့တဲ့မှု ပမာဏအတိုင်းဝေမျှကြ၏။- သူတို့သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် စုဝေးကြ၏။ မိမိတို့အိမ်များတွင်နှိမ့်ချ သောစိတ်ဖြင့်ဝမ်းမြောက်စွာအတူတကွ အစာအာဟာရကိုသုံးဆောင်ကြ၏။- သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။
တမန်တော် 2:1-47 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေးနေကြ၏။ ထိုအခါ ပြင်းထန်သောလေတိုက်ခတ်သံနှင့်တူသည့် အသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်ထွက်လာ၍ သူတို့ထိုင်နေသောအိမ်တစ်အိမ်လုံးကို ဖုံးလွှမ်းလေ၏။ ထို့နောက် ဖြာထွက်သည့်မီးလျှံကဲ့သို့သောလျှာများသည် သူတို့ရှေ့၌ပေါ်ထွက်လာ၍ သူတို့တစ်ဦးစီအပေါ်တည်လေ၏။ ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏။ ထိုအချိန်ကာလတွင် မိုးကောင်းကင်အောက်ရှိ တိုင်းနိုင်ငံအသီးသီးမှ ဘုရားတရားကြည်ညိုသောဂျူးလူမျိုးတို့သည် ဂျေရုဆလင်မြို့၌တည်းခိုနေကြ၏။ ထိုအသံထွက်ပေါ်လာသောအခါ များစွာသောလူတို့သည် စုဝေးလာကြ၍ သူတို့အသီးသီးသည် သူတို့၏ဘာသာစကားဖြင့် တမန်တော်တို့ပြောဆိုနေကြသည်ကိုကြားရသဖြင့် အံ့ဩတွေဝေကြကုန်၏။ သူတို့သည် အံ့သြငေးမောကြလျက် “ကြည့်ပါ။ ယခုပြောဆိုနေသော ဤသူအားလုံးတို့သည် ဂါလိလဲနယ်သားများဖြစ်ကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ငါတို့အသီးသီးသည် ငါတို့မွေးဖွားရာအရပ်မှ ဘာသာစကားဖြင့် ကြားနေရသည်မှာ မည်သို့နည်း။ ငါတို့တွင် ပါသိလူမျိုး၊ မေဒိလူမျိုးနှင့် ဧလံလူမျိုးများမှစ၍ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊ ဖြူဂိပြည်၊ ပံဖုလိပြည်၊ အီဂျစ်ပြည်နှင့် ကုရေနေမြို့အနီး လစ်ဗျားနယ်မြေဒေသတို့၌ နေထိုင်သောသူများရှိကြ၏။ ထို့ပြင် အလည်အပတ်ရောက်ရှိလာသောရောမနိုင်ငံသားများ၊ ဂျူးလူမျိုးများနှင့် ဂျူးဘာသာဝင်ဖြစ်လာသူများ၊ ကရေတေကျွန်းသားများ၊ အာရပ်ပြည်သားများလည်းရှိကြ၏။ သို့ဖြစ်လျက်နှင့် ဤသူတို့သည် ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို ငါတို့၏ဘာသာစကားများဖြင့် ပြောဆိုနေကြသည်ကို ငါတို့ကြားရပါသည်တကား”ဟု ပြောဆိုကြ၏။ လူအားလုံးတို့သည် အံ့သြငေးမောလျက် ဝေခွဲမရဖြစ်ကြကာ “ဤအမှုအရာသည် မည်သည့်အရာကိုဆိုလိုသနည်း”ဟု အချင်းချင်းပြောဆိုကြ၏။ သို့သော် လူအချို့တို့က “သူတို့သည် ဝိုင်ချိုဖြင့်မူးယစ်နေကြသည်”ဟု ကဲ့ရဲ့ပြောဆိုကြ၏။ ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။ ယခုအချိန်ကား နံနက်ကိုးနာရီဖြစ်၍ ဤသူတို့သည် သင်တို့ထင်မှတ်သကဲ့သို့ ယစ်မူးနေကြသည်မဟုတ်။ ဤအရာသည် ပရောဖက်ယောလဟောပြောထားသောအရာပင်ဖြစ်၏။ ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။ ထိုနေ့ရက်တို့၌ ငါသည် ငါ၏အစေခံယောက်ျားနှင့် ငါ၏အစေခံမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းသဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။ ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီးမရောက်မီ နေသည် မှောင်မိုက်သွား၍ လသည် သွေးဖြစ်သွားလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်’ဟူ၍ ဖြစ်၏။ အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။ ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။ ဒါဝိဒ်ကလည်း ထိုအရှင်နှင့်ပတ်သက်၍ ‘ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည် တုန်လှုပ်ခြင်းမရှိရာ။ ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ပျော်ရွှင်၍ ငါ၏နှုတ်သည်ရွှင်မြူး၏။ ထိုမျှမက ငါ၏သွေးသားသည်လည်း မျှော်လင့်ခြင်း၌ခိုလှုံလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသောသူအားလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။ ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝစေတော်မူလိမ့်မည်’ဟု ဆိုထား၏။ ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။ သူသည် ပရောဖက်တစ်ပါးဖြစ်သောကြောင့် သူ့သားမြေးထဲမှ တစ်ဦးကို သူ၏ပလ္လင်ပေါ်တွင်ထိုင်စေမည်ဟု ဘုရားသခင်သည် သူ့အားကတိသစ္စာဖြင့်တိုင်တည်၍ မိန့်တော်မူကြောင်းသိထား၏။ သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။ ဘုရားသခင်သည် ထိုယေရှုကို ထမြောက်စေတော်မူ၏။ ငါတို့အားလုံးသည် ဤအကြောင်းအရာ၏သက်သေများဖြစ်ကြ၏။ ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်ခြင်းကိုခံရပြီးနောက် ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှခံယူရရှိလျက် သင်တို့တွေ့မြင်ကြားသိသည့်အတိုင်း ထိုဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ၏။ ဒါဝိဒ်သည် ကောင်းကင်ဘုံသို့တက်သွားခဲ့သည်မဟုတ်။ သို့သော် သူက ‘ထာဝရဘုရားသည် ငါ၏သခင်ဘုရားအား သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုမိန့်တော်မူ၏’ဟူ၍ ဆိုလေ၏။ ထို့ကြောင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သောထိုယေရှုကို သခင်အရာ၌လည်းကောင်း၊ ခရစ်တော်အရာ၌လည်းကောင်း ခန့်ထားတော်မူကြောင်း အစ္စရေးတစ်မျိုးလုံးသည် သေချာစွာသိမှတ်ကြပါစေ”ဟု ဟောပြောလေ၏။ လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။ ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။ အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။ ပေတရုသည် အခြားသောစကားအမျိုးမျိုးတို့ဖြင့် သက်သေခံလျက် “ဤကောက်ကျစ်သောမျိုးဆက်ထဲမှလွတ်မြောက်ရန် ကယ်တင်ခြင်းကိုခံယူကြလော့”ဟု သူတို့အား တိုက်တွန်းနှိုးဆော်လေ၏။ ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။ ထိုသူတို့သည် တမန်တော်တို့၏သွန်သင်ချက်ကိုခံယူခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြ၏။ လူအပေါင်းတို့၌ ကြောက်စိတ်ဖြစ်ပေါ်ကြပြီး တမန်တော်တို့သည်လည်း များစွာသောအံ့ဩဖွယ်ရာများနှင့် နိမိတ်လက္ခဏာတို့ကိုပြုကြ၏။ ယုံကြည်သူအားလုံးတို့သည် တစ်စုတစ်ဝေးတည်းနေလျက် ရှိသမျှတို့ကို စုပေါင်းပိုင်ဆိုင်ကြကာ ဥစ္စာပစ္စည်းများနှင့် မိမိတို့ပိုင်ဆိုင်သောအရာများကို ရောင်းချပြီးလျှင် ၎င်းတို့ကို တစ်ဦးချင်းစီ၌လိုအပ်မှုရှိသည့်အတိုင်း အားလုံးတို့အား ခွဲဝေပေးကမ်းကြ၏။ သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ ဘုရားသခင်ကိုချီးမွမ်းလျက် လူအပေါင်းတို့ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှတိုးပွားစေတော်မူ၏။