တမန်တော် 18:1-18
တမန်တော် 18:1-18 Judson Bible (JBMLE)
ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား၍ ကောရိန္သုမြို့သို့ ရောက်လေ၏။- ထိုအခါ ယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိသည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတစ်ယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွ မကြာမမြင့်မီ ရောက်လာသည်ကို ပေါလုတွေ့လျှင် သူတို့ဆီသို့ဝင်၍၊- အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ်သော အချုပ်သမားဖြစ်ကြ၏။- ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားဇရပ်၌ ဆွေးနွေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။- သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။- ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည်ရှိသော်၊ ပေါလုသည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌တည်စေ။ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်ဟု ဆိုပြီးလျှင်၊- ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ်သော ယုတ္တု အမည်ရှိသောသူ၏ အိမ်သို့သွား၏။ ထိုအိမ်သည် တရားဇရပ်နှင့် စပ်လျက်ရှိသတည်း။- ကရိပ္ပုအမည်ရှိသော တရားဇရပ်မှူးသည် မိမိအိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္သုပြည်သား အများတို့သည်လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။ ညအခါ သခင်ဘုရားသည် ပေါလုအား ဗျာဒိတ်ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ်စွာ မနေနှင့်။ ဟောပြောလော့။- ငါသည် သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်းငှာ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ ငါ၏လူအများရှိကြသည်ဟု မိန့်တော်မူ၏။- ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင်၍ တစ်နှစ်နှင့် ခြောက်လပတ်လုံး နေလေ၏။ အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊- လူတို့သည် ဘုရားကိုမတရားသဖြင့် ကိုးကွယ်စေခြင်းငှာ၊ ဤသူသည် ဖြားယောင်းတတ်ပါသည် ဟုဆိုကြ၏။- ပေါလုသည် နှုတ်ကိုဖွင့်မည်ပြုသော်၊ ဂါလျုန်မင်းက၊ အချင်း ယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသောအမှုဖြစ်လျှင်၊ ငါသည်သင်တို့ကို အကြောင်းရှိသည်အတိုင်း သည်းခံရမည်။- သို့မဟုတ် စကားသော်လည်းကောင်း၊ ခေါ်ဝေါ်သမုတ်ခြင်းသော်လည်းကောင်း၊ သင်တို့၏ ဘာသာတရားသော်လည်းကောင်း၊ သင်တို့သည်အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သော အမှုကိုစီရင်ခြင်းငှာ ငါအလိုမရှိဟုဆိုလျက်၊- ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။- ထိုအခါ ဟေလသလူအပေါင်းတို့သည် တရားဇရပ်မှူး သုဿင်ကိုယူ၍ တရားပလ္လင်ရှေ့မှာ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျုန်မင်းသည် အမှုမထားဘဲနေ၏။ ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်က သစ္စာကတိပြုသည်နှင့်အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလကို ခေါ်၍ ရှုရိပြည်သို့ သင်္ဘောနှင့် လွှင့်လေ၏။
တမန်တော် 18:1-18 Common Language Bible (BCL)
ထိုနောက်ပေါလုသည်အာသင်မြို့မှထွက် ခွာ၍ ကောရိန္သုမြို့သို့ရောက်၏။- ထိုမြို့တွင်ပုန္တုပြည်သားအာကုလနာမည်ရှိ သော ယုဒအမျိုးသားတစ်ယောက်နှင့်သူ၏ဇနီး ပြစ်ကိလကိုတွေ့၏။ ယုဒအမျိုးသားအပေါင်း တို့ရောမမြို့မှထွက်ခွာသွားရန် ကလောဒိဘုရင် အမိန့်ထုတ်ဆင့်သဖြင့် သူတို့သည်မကြာမီက ပင်ဣတလိပြည်မှထွက်ခွာလာခဲ့ကြသူများ ဖြစ်၏။- ထိုသူတို့သည်ပေါလုကဲ့သို့သားရေအလုပ် သမားများဖြစ်ကြ၏။ သို့ဖြစ်၍ပေါလုသည် သူတို့ထံသို့သွားပြီးလျှင် သူတို့နှင့်အတူ နေ၍အလုပ်လုပ်၏။- ယုဒအမျိုးသားနှင့်ဂရိအမျိုးသားများ နားလည်သဘောပေါက်လာကြစေရန် သူသည် ဥပုသ်နေ့တိုင်းတရားဇရပ်တွင်တရားဆွေး နွေး၏။ သိလနှင့်တိမောသေတို့မာကေဒေါနိပြည် မှရောက်လာကြသောအခါ ပေါလုသည်တရား ဟောခြင်းအမှုကိုသာဆောင်ရွက်လျက် မေရှိယ သည်သခင်ယေရှုပင်ဖြစ်ကြောင်းယုဒအမျိုး သားတို့အားသေချာစွာရှင်းပြ၏။- ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။- ထိုနောက်ထိုသူတို့ထံမှထွက်ခွာ၍ ဘုရား သခင်ကိုကိုးကွယ်သူတိတုယုတ္တုနာမည် ရှိသော ယုဒအမျိုးသားမဟုတ်သူ၏အိမ် သို့သွားရောက်တည်းခိုလေသည်။ ထိုအိမ်သည် တရားဇရပ်နှင့်ကပ်လျက်ရှိ၏။- တရားဇရပ်အုပ်ချုပ်မှူးကရိပ္ပုနှင့်အိမ်သူ အိမ်သားအပေါင်းတို့သည် သခင်ဘုရားကို ယုံကြည်သူများဖြစ်လာကြ၏။ အခြား ကောရိန္သုမြို့သားအမြောက်အမြားသည် လည်း နှုတ်ကပတ်တရားတော်ကိုကြားရ၍ ယုံကြည်ကာဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။ တစ်ညသ၌ပေါလုသည် ဗျာဒိတ်ရူပါရုံကို မြင်၏။ ဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားက ``ငါသည်သင်နှင့်အတူရှိသည်ဖြစ်၍မ ကြောက်နှင့်။ ဆက်လက်ဟောပြောလော့။ လက် မလျှော့နှင့်။- အဘယ်သူမျှသင့်ကိုဘေးအန္တရာယ်မပြုနိုင်။ ဤမြို့ရှိလူအမြောက်အမြားတို့သည် ငါ့ လူစုတော်ဝင်များဖြစ်ကြ၏'' ဟုမိန့်တော် မူ၏။- သို့ဖြစ်၍ပေါလုသည်ထိုမြို့တွင်တစ်နှစ်နှင့် ခြောက်လမျှနေထိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုဟောပြောသွန် သင်လျက်နေ၏။ ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။- သူတို့က ``ဤသူသည်ပညတ်တရားတော် နှင့်ဆန့်ကျင်၍ ဘုရားသခင်ကိုကိုးကွယ် ကြစေရန်လူတို့အားသွေးဆောင်လျက် နေပါသည်'' ဟုလျှောက်ထားကြ၏။- ပေါလုသည်ချေပပြောဆိုမည်အပြုတွင် ဂါလျုန်က ``ယုဒအမျိုးသားတို့၊ ဤအမှု သည်ဆိုးယုတ်သောပြစ်မှုသို့မဟုတ်လိမ်လည် မှုဖြစ်ပါမူ ငါသည်သင်တို့၏စွပ်စွဲချက်ကို စိတ်ရှည်လက်ရှည်နားထောင်နိုင်ပေမည်။- သို့ရာတွင်ဤအမှု၏စကားများ၊ နာမည် များသည်သင်တို့၏ပညတ်တရားနှင့်သက် ဆိုင်သည့်အမှုဖြစ်သဖြင့် သင်တို့ကိုယ်တိုင် ပင်စီရင်ဆုံးဖြတ်ကြလော့။ ထိုအမှုမျိုး ကိုငါမစီရင်ပြီ'' ဟုဆို၍၊- ယုဒအမျိုးသားတို့အားတရားခွင်မှ နှင်ထုတ်လိုက်၏။- ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။ ပေါလုသည်ကောရိန္သုမြို့တွင်ရက်ပေါင်းများ စွာနေ၏။ ထိုနောက်ညီအစ်ကိုတို့ကိုနှုတ်ဆက်၍ ပြစ်ကိလ၊ အာကုလတို့နှင့်အတူရှုရိပြည် သို့သင်္ဘောလွှင့်လေ၏။ ကင်ခြေမြို့မှသင်္ဘော မထွက်မီ သူသည်ဘုရားသခင်အားသစ္စာ ကတိပြုခဲ့သဖြင့်မိမိ၏ဦးခေါင်းကို ရိတ်၏။
တမန်တော် 18:1-18 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ပေါလုသည် အေသင်မြို့မှ ထွက်ခွာ၍ ကောရိန္သုမြို့သို့ ရောက်လေရာ ပုန္တုပြည်သား အာကုလအမည်ရှိဂျူးလူမျိုးတစ်ဦးနှင့်တွေ့လေ၏။ ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံး ရောမမြို့မှ ထွက်သွားရမည့်အကြောင်း အမိန့်ထုတ်ပြန်သောကြောင့် သူသည် မိမိဇနီးပြစ်ကိလနှင့်အတူ မကြာမီက အီတလီပြည်မှ ရောက်လာခြင်းဖြစ်၏။ ပေါလုသည် သူတို့ထံသို့သွား၍ အလုပ်ချင်းတူသောကြောင့် သူတို့နှင့်အတူနေလျက် အလုပ်လုပ်လေ၏။ အကြောင်းမူကား အလုပ်အကိုင်အရ သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။ ပေါလုသည် ဥပုသ်နေ့တိုင်းတွင် ဝတ်ပြုစည်းဝေးကျောင်း၌ ဆွေးနွေးပြောဆိုလျက် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကို စည်းရုံးလေ၏။ သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။ သို့သော် ဂျူးလူမျိုးတို့သည် သူ့ကိုဆန့်ကျင်၍ စော်ကားပြောဆိုကြသောအခါ သူသည် အဝတ်ကိုခါချလျက် “သင်တို့၏သွေးသည် သင်တို့ခေါင်းပေါ်၌တည်စေ။ ငါမူကား ၎င်းနှင့်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသွားမည်”ဟု ဆိုပြီးလျှင် ထိုနေရာမှ ထွက်ခွာ၍ ဘုရားသခင်ကိုကိုးကွယ်သော တိတုယုစတုအမည်ရှိသောသူ၏အိမ်သို့ သွားလေ၏။ သူ၏အိမ်သည် ဝတ်ပြုစည်းဝေးကျောင်းနှင့်ကပ်လျက်ရှိ၏။ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံကရိပ္ပုသည် မိမိအိမ်သူအိမ်သားအားလုံးတို့နှင့်အတူ သခင်ဘုရားကိုယုံကြည်လေ၏။ အခြားကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ကြားနာ၍ ယုံကြည်ကာ ဗတ္တိဇံခံကြ၏။ တစ်ညတွင် သခင်ဘုရားသည် ရူပါရုံအားဖြင့် ပေါလုအား“မကြောက်နှင့်။ တိတ်ဆိတ်စွာမနေဘဲ ဟောပြောလော့။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ မည်သူမျှ သင့်ကို မတရားနှိပ်စက်၍ ထိခိုက်စေမည်မဟုတ်။ ဤမြို့တွင် ငါနှင့်ဆိုင်သောလူ များစွာရှိ၏”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ ပေါလုသည် ထိုမြို့၌ တစ်နှစ်နှင့်ခြောက်လနေထိုင်လျက် သူတို့အလယ်တွင် ဘုရားသခင်၏နှုတ်ကပတ်တရားကို သွန်သင်လေ၏။ သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင် “ဤသူသည် ပညတ်တရားနှင့်ဆန့်ကျင်လျက် ဘုရားသခင်ကို ကိုးကွယ်ကြရန် လူတို့ကိုစည်းရုံးနေပါသည်”ဟု လျှောက်ကြ၏။ ပေါလုသည်လည်း နှုတ်ကိုဖွင့်၍ပြောဆိုမည်ပြုစဉ် ဂါလျုန်က ဂျူးလူမျိုးတို့အား “အို ဂျူးအမျိုးသားတို့၊ ဤအမှုသည် မတရားမှု၊ သို့မဟုတ် ဆိုးညစ်သောပြစ်မှု တစ်စုံတစ်ရာဖြစ်လျှင် ငါသည် သင်တို့အတွက် သည်းခံသင့်ပါသည်။ သို့သော် ၎င်းသည် သင်တို့၏ပညတ်တရား၊ စကား၊ အမည်နာမများနှင့်ပတ်သက်သည့် ပြဿနာများဖြစ်သည်ဆိုလျှင် သင်တို့ကိုယ်တိုင် ကြည့်ရှုဖြေရှင်းရမည်။ ငါသည် ထိုအမှုမျိုးကိုတရားစီရင်သူ မဖြစ်လို”ဟု ဆိုလျက် သူတို့ကို တရားခွင်မှ နှင်ထုတ်လေ၏။ ထိုအခါ လူအပေါင်းတို့သည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသုဿင်ကို ဖမ်းဆီး၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျုန်သည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။ ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။