၂ တိမောသေ 2:1-13
၂ တိမောသေ 2:1-13 Judson Bible (JBMLE)
ငါ့သား၊ သင်သည် ယေရှုခရစ်၌ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။- သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတစ်ပါးတို့ကို သွန်သင်ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။- ထိုသို့အလိုငှာ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကို သည်းခံလော့၊- စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှာ၊ လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။- ပွဲ၌ လူချင်းတိုက်သောသူ မည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။- လယ်လုပ်သောသူသည်လည်း အရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။- ငါ့စကားကို ဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ ဉာဏ်ကို သင့်အား ပေးသနားတော်မူပါစေသော။ ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည်၊ ငါဟောသော ဝံဂေလိတရားအတိုင်း၊ သေခြင်းမှ ထမြောက်တော်မူသည်ဟု အောက်မေ့လော့။- ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။- ထိုကြောင့် ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှာ၊ သူတို့အဖို့ အရာရာကို ငါသည်းခံရ၏။- သစ္စာစကားဟူကား၊ ထိုသခင်နှင့်အတူသေလျှင်၊ အတူရှင်လိမ့်မည်။- သည်းခံလျှင်၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။- ငါတို့သည် မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။
၂ တိမောသေ 2:1-13 Common Language Bible (BCL)
ငါ့သား၊ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းကြောင့် ရရှိသည့်ဆု ကျေးဇူးတော်အားဖြင့်သင်သည်ကြံ့ခိုင် ခြင်းရှိလော့။- အသိသက်သေများရှေ့တွင်ငါသွန်သင်ခဲ့ သည့်အရာများကိုသင်သည်ကြားသိရလေ ပြီ။ သူတစ်ပါးတို့အားတစ်ဆင့်သွန်သင်နိုင် မည်ဟုစိတ်ချယုံကြည်ရသူတို့အားထို သွန်သင်ချက်များကိုလက်ဆင့်ကမ်းလော့။ သင်သည်ခရစ်တော်ယေရှု၏စစ်သည်တော် ကောင်းအနေဖြင့်ဆင်းရဲဒုက္ခကိုခံလော့။- အလုပ်ဝတ္တရားထမ်းဆောင်နေဆဲဖြစ်သော စစ်သားသည်မိမိနှင့်မဆိုင်သည့်အရေး အခင်းများတွင်ပါဝင်မှုကိုရှောင်ရှားတတ်၏။ သူ၏တစ်ခုတည်းသောရည်ရွယ်ချက်မှာ မိမိတပ်မှူး၏ကျေနပ်မှုကိုရရှိရန်ပင် ဖြစ်ပေသည်။- အားကစားမှုဆိုင်ရာစည်းကမ်းဥပဒေများ ကိုမလိုက်နာလျှင် အဘယ်အားကစားသမား မျှအောင်ပန်းကိုဆွတ်ခူးနိုင်လိမ့်မည်မဟုတ်။- ပင်ပန်းစွာအလုပ်လုပ်ခဲ့သောလယ်သမား သည်သီးနှံကိုဦးစွာစားသုံးသင့်သည်။- ငါ့စကားကိုဆင်ခြင်လော့။ ယင်းကိုနားလည် စေရန်သခင်ဘုရားသည်သင့်အားကူညီ တော်မူလိမ့်မည်။ ငါဟောပြောသောသတင်းကောင်းအရဒါဝိဒ် မင်းမှဆင်းသက်တော်မူ၍သေခြင်းမှရှင် ပြန်ထမြောက်တော်မူသောယေရှုခရစ်ကို သတိရလော့။- ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။- ထို့ကြောင့်ငါသည်ဘုရားသခင်ရွေးကောက် တော်မူသောလူစုတော်၏အတွက်မည့်သည့် ဒုက္ခဆင်းရဲကိုမဆိုခံ၏။ ဤသို့ခံခြင်းမှာ သူတို့သည်လည်းထာဝရဘုန်းအသရေ နှင့်တကွယေရှုခရစ်အားဖြင့်ကယ်တင် ခြင်းကိုခံရစေရန်ဖြစ်၏။- အောက်ပါစကားသည်သစ္စာစကားဖြစ်ပေသည်။ ``ငါတို့သည်ကိုယ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူရှင်လိမ့်မည်။ ခံနိုင်ရည်ရှိလျှင်ကိုယ်တော်နှင့်အတူစိုးစံရ လိမ့်မည်။ ကိုယ်တော်အားစွန့်ပယ်လျှင်ကိုယ်တော်သည် ငါတို့အားစွန့်ပယ်တော်မူလိမ့်မည်။ ငါတို့သစ္စာဖောက်လျှင်ကိုယ်တော်သည် သစ္စာဖောက်တော်မမူ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မိမိသစ္စာတော်ကိုပယ်ဖျက်တော်မမူနိုင် သောကြောင့်ဖြစ်၏''
၂ တိမောသေ 2:1-13 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။ များစွာသောသက်သေတို့ရှေ့၌ ငါ့ထံမှ ကြားနာရသောအရာတို့ကို အခြားသူတို့အားလည်း သင်ကြားပေးနိုင်စွမ်းရှိသည့် သစ္စာရှိသောသူတို့၌ ပေးအပ်လော့။ ခရစ်တော်ယေရှု၏စစ်သားကောင်းတစ်ဦးအဖြစ် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။ စစ်မှုထမ်းသောသူသည် စစ်သားအရာ၌ မိမိကိုခန့်ထားသောသူအား နှစ်သက်စေရန် စားဝတ်နေရေးကိစ္စများနှင့် ပတ်သက်ရှုပ်ထွေးခြင်းမရှိတတ်။ မည်သူမဆို အားကစားပြိုင်ပွဲကိုယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနှင့်အညီ မယှဉ်ပြိုင်ပါက သရဖူကိုရမည်မဟုတ်။ ကြိုးစားလုပ်ဆောင်သောခြံသမားသည် အသီးအနှံများ၏အဦးဆုံးသောဝေစုကို ခံစားသင့်၏။ ငါပြောဆိုသောအရာကို ဆင်ခြင်လော့။ သခင်ဘုရားသည် အရာခပ်သိမ်းတို့၌ သင့်အား ဉာဏ်စွမ်းကိုပေးတော်မူလိမ့်မည်။ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းအရ ဒါဝိဒ်၏အမျိုးအနွယ်မှပေါ်ထွန်းလျက် သေသောသူတို့ထဲမှ ထမြောက်တော်မူသော ယေရှုခရစ်တော်ကို သတိရလော့။ ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။ ထို့ကြောင့် ရွေးကောက်ခံရသောသူတို့သည် ခရစ်တော်ယေရှု၌ရှိသောကယ်တင်ခြင်းကို ထာဝရဘုန်းအသရေနှင့်တကွ ရရှိနိုင်မည့်အကြောင်း ငါသည် သူတို့အတွက် အရာရာကိုသည်းခံ၏။ အောက်ပါစကားသည် သစ္စာစကားဖြစ်၏။ ငါတို့သည် ကိုယ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူအသက်ရှင်ကြလိမ့်မည်။ ငါတို့သည် သည်းခံလျှင် ကိုယ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။ ကိုယ်တော်ကိုငြင်းပယ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။ ငါတို့သည် သစ္စာမရှိလျှင်လည်း ကိုယ်တော်၏သစ္စာတော်သည် တည်မြဲတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုမငြင်းပယ်နိုင်။