၃ ဓမ္မရာဇဝင် 3:1-28
၃ ဓမ္မရာဇဝင် 3:1-28 Judson Bible (JBMLE)
ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့်စုံဖက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။ ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။ ရှောလမုန်သည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်၏ စီရင်ချက်တို့ကို စောင့်ရှောက်တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။ တစ်ရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်းငှာ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင်မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။ ထိုမြို့၌ထာဝရဘုရားသည် ညအခါ အိပ်မက်တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင်မိန့်တော်မူ၏။ ရှောလမုန်ကလည်း၊ ကိုယ်တော်၏ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့်၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့်သည်နှင့်အညီ၊ သူ၌များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောသားကို သူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဖို့ ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။ ယခုမှာ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှာ မတတ်နိုင်ပါ။ ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိများပြားစွာသော ကိုယ်တော်၏ လူမျိုးကြီးအလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။ ထိုသို့ ရှောလမုန်တောင်းလျှောက်သော ပတ္ထနာစကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။ ဘုရားသခင်ကလည်း၊ သင်သည် တာရှည်သောအသက်ကို မတောင်း၊ စည်းစိမ်ကိုလည်း မတောင်း၊ ရန်သူတို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှာ တတ်နိုင်သောဉာဏ်ကိုသာ ကိုယ်အဖို့တောင်းလျှောက်သောကြောင့်၊ သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။ ရှေးကာလ၌ သင်နှင့်တူသောသူ တစ်ယောက်မျှမဖြစ်၊ နောင်ကာလ၌ မဖြစ်နိုင်အောင် ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်ဝိညာဥ်ကို သင့်အားငါပေး၏။ ထိုမှတစ်ပါး သင်နှင့်တူသော ရှင်ဘုရင်တစ်ယောက်ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှာ၊ သင်မတောင်းသောဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။ သင့်အဘဒါဝိဒ် ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက် ပညတ်တရားတို့ကို စောင့်ရှောက်လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။ ရှောလမုန်သည် နိုး၍ အိပ်မက်ဖြစ်မှန်းကိုသိ၏။ တစ်ဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဖို့ ပွဲကို စီရင်တော်မူ၏။ ထိုအခါ ပြည့်တန်ဆာမိန်းမနှစ်ယောက်သည်လာ၍ ရှေ့တော်၌ရပ်လျက်၊ မိန်းမတစ်ယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တစ်အိမ်တည်းနေကြပါ၏။ တစ်အိမ်တည်းနေလျက် ကျွန်တော်မသည် သားမျက်နှာကို မြင်ပါ၏။ သုံးရက်လွန်မှ တစ်ဖန် ဤမိန်းမသည် သားမျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှမရှိ။ သူနှင့် ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။ ဤမိန်းမသည် ညအခါ မိမိသားငယ်ကို ဖိ၍အိပ်မိသောကြောင့် သားငယ်သေပါ၏။ သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မအိပ်ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ်အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။ နံနက်အချိန်၌ ကျွန်တော်မသည် သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက်ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကိုစေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဖွားမြင်သောသားမဟုတ်ပါဟု လျှောက်၏။ အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ်သည် သင်၏သားဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမကလည်း ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သားဖြစ်၏ဟု ဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်၊ ရှင်ဘုရင်က၊ မိန်းမတစ်ယောက်က အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျက်၊ တစ်ယောက်က ထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည်ဖြစ်၍၊ ဓားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း၊ ဓားကို ရှေ့တော်သို့ယူခဲ့ကြ၏။ ရှင်ဘုရင်ကလည်း၊ အသက်ရှင်သောသူငယ်ကိုခွဲ၍ ထိုမိန်းမတို့အား တစ်ယောက်တစ်ဝက်စီပေးလော့ဟု မိန့်တော်မူသော်၊ အသက်ရှင်သောသူငယ်၏အမိသည် မိမိသားကိုအလွန်သနား၍၊ အိုအရှင်၊ အသက်ရှင်သောသူငယ်ကို မသတ်ပါနှင့်။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန်လေ၏။ အခြားမိန်းမက ငါမပိုင်စေနှင့်။ သင်လည်း မပိုင်စေနှင့်။ ခွဲပါလေစေဟု ဆို၏။ ထိုအခါရှင်ဘုရင်က၊ အသက်ရှင်သော သူငယ်ကိုမသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ၏။ ထိုသို့ ရှင်ဘုရင်စီရင်တော်မူသည်အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသောအခါ၊ တရားစီရင်စေခြင်းငှာ ဘုရားသခင်ပေးတော်မူသောဉာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင်၍၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။
၃ ဓမ္မရာဇဝင် 3:1-28 Common Language Bible (BCL)
ရှောလမုန်မင်းသည်အီဂျစ်ဘုရင်၏သမီးကို မိဖုရားမြှောက်ခြင်းအားဖြင့် ထိုမင်းနှင့်မဟာ မိတ်ဖွဲ့တော်မူ၏။ ထို့နောက်မိမိတည်ဆောက်လျက် ရှိသည့်နန်းတော်၊ ဗိမာန်တော်နှင့်မြို့ရိုးမပြီးမီ ဒါဝိဒ်မြို့တွင်နေထိုင်ရန်မင်းသမီးအားခေါ် ဆောင်ခဲ့၏။- ထာဝရဘုရားအတွက်ဗိမာန်တော်မဆောက် ရသေးသဖြင့် လူတို့သည်ယဇ်ပလ္လင်အနှံ့ အပြားတို့တွင်ယဇ်ပူဇော်လျက်ရှိနေကြ သေး၏။- ရှောလမုန်မင်းသည်ထာဝရဘုရားကိုချစ်၍ မိမိခမည်းတော်၏ပြညွှန်သွန်သင်ချက်တို့ ကိုလိုက်နာသော်လည်း တိရစ္ဆာန်များကိုသတ် ၍ယဇ်ပလ္လင်အမျိုးမျိုးတွင်ယဇ်ပူဇော်လေ သည်။ ဂိဗောင်မြို့တွင်အလွန်ထင်ရှားကျော်စောသော ယဇ်ပလ္လင်ရှိသဖြင့် အခါတစ်ပါး၌မင်းကြီး သည်ယဇ်ပူဇော်ရန်ထိုအရပ်သို့သွားတော် မူ၏။ သူသည်ယခင်အခါများကထောင် ပေါင်းများစွာသောမီးရှို့ရာပူဇော်သကာ များကိုထိုယဇ်ပလ္လင်တွင်ပူဇော်ခဲ့ဖူး၏။- ယခုညဥ့်၌ထာဝရဘုရားသည်အိပ်မက် တွင်ထင်ရှားတော်မူ၍``သင်သည်အဘယ် ဆုကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။ ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။- အို ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်အသက်အရွယ်ငယ်၍တိုင်းပြည်ကို မအုပ်စိုးတတ်သော်လည်း ကိုယ်တော်ရှင်သည် အကျွန်ုပ်အားခမည်းတော်အရိုက်အရာ ကိုဆက်ခံစေ၍နန်းတင်တော်မူပါပြီ။- ယခုအခါအကျွန်ုပ်သည်ကိုယ်တော်ရွေးချယ် တော်မူသောလူမျိုးကြီးအလယ်တွင်ရှိပါ၏။ ထိုသူတို့သည်ရေတွက်၍မရနိုင်အောင်ပင် များပြားပါ၏။- သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။ ဤသို့ရှောလမုန်တောင်းလျှောက်သည်ကို ထာဝရဘုရားသည်နှစ်သက်တော်မူသဖြင့်၊- ``သင်သည်မိမိအသက်ရှည်မှု၊ ချမ်းသာကြွယ်ဝ မှုသို့မဟုတ်ရန်သူများသေကြေပျက်စီးမှု ကိုတောင်းလျှောက်မည့်အစားတရားမျှတ စွာအုပ်စိုးနိုင်ရန် ဉာဏ်ပညာကိုတောင်းလျှောက် သည်ဖြစ်၍၊- သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။- သင်မတောင်းလျှောက်သည့်ဆုကိုလည်းငါပေး မည်။ သင်သည်တစ်သက်လုံးအခြားအဘယ် ဘုရင်နှင့်မျှမတူအောင် စည်းစိမ်ချမ်းသာ နှင့်ဂုဏ်အသရေကိုငါပေးမည်။- သင်သည်သင်၏ခမည်းတော်ဒါဝိဒ်နည်းတူ ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုလိုက်နာလျှင် ငါသည်သင့်အားကြာရှည် သောအသက်ကိုလည်းငါပေးမည်''ဟုမိန့် တော်မူ၏။ ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။ အခါတစ်ပါး၌ပြည့်တန်ဆာနှစ်ယောက်တို့သည် လာ၍ရှောလမုန်မင်း၏ရှေ့တော်၌ရပ်ကြ၏။- တစ်ယောက်က``အရှင်မင်းကြီး၊ ကျွန်မသည်ဤ မိန်းမနှင့်တစ်အိမ်တည်းနေထိုင်ပါသည်။ ယင်း သို့နေထိုင်စဉ်သားကလေးတစ်ယောက်ကို ဖွားမြင်ပါသည်။- ကျွန်မကလေးမွေးပြီး၍သုံးရက်အကြာ တွင် ဤမိန်းမသည်လည်းသားကလေးတစ် ယောက်ကိုဖွားမြင်ပါ၏။- အိမ်တွင်ကျွန်မတို့နှစ်ဦးသာလျှင်ရှိပါ၏။ အခြားမည်သူမျှမရှိပါ။ တစ်ညသ၌ဤ မိန်းမသည်မိမိ၏သားငယ်ကိုမတော်တဆ ဖိ၍အိပ်မိသဖြင့်သားငယ်သေဆုံးသွားပါ၏။- သူသည်ညဥ့်ချင်းတွင်ပင်ထ၍ကျွန်မအိပ်ပျော် နေစဉ် နံဘေးရှိကျွန်မ၏သားငယ်ကိုပွေ့၍မိမိ အိပ်ရာသို့ယူသွားပါ၏။ ထို့နောက်သေနေသော ကလေးကိုကျွန်မ၏အိပ်ရာတွင်ထားပါ၏။- နောက်တစ်နေ့နံနက်၌ကျွန်မသည်အိပ်ရာ မှနိုး၍ ကလေးကိုနို့တိုက်မည်ပြုသောအခါ ကလေးသေနေသည်ကိုတွေ့ရပါသည်။ ကလေး ကိုသေချာစွာကြည့်ရာထိုကလေးသည် ကျွန်မ၏ကလေးမဟုတ်ကြောင်းသိရှိရ ပါ၏'' ဟုလျှောက်ထားလေသည်။ သို့ရာတွင်အခြားမိန်းမက``သင်၏စကား မမှန်ပါ။ အသက်ရှင်လျက်နေသည့်ကလေး သည်ငါ၏ကလေးဖြစ်၍ သေနေသောကလေး မှာသင့်ကလေးဖြစ်ပါသည်'' ဟုဆို၏။ ပထမမိန်းမကလည်း``သင့်စကားမမှန်ပါ။ သေနေသောကလေးသည်သင်၏ကလေးဖြစ် ၍အသက်ရှင်လျက်ရှိသည့်ကလေးမှာငါ၏ ကလေးဖြစ်ပါသည်'' ဟုပြန်ပြောလေ၏။ ဤသို့လျှင်သူတို့နှစ်ဦးသည် မင်းကြီး၏ ရှေ့တော်တွင်ငြင်းခုံလျက်နေကြ၏။ ထိုအခါမင်းကြီးသည်``သင်တို့နှစ်ဦးစလုံးက အသက်ရှင်လျက်ရှိသည့်ကလေးသည်ငါ၏သား၊ သေနေသောကလေးသည် သင်၏သားဟုပြော ဆိုနေကြ၏'' ဟုမိန့်တော်မူပြီးလျှင်၊ ဋ္ဌားတစ်လက်ကိုတောင်းယူတော်မူ၍ ရရှိတော် မူသောအခါ``အသက်ရှင်လျက်ရှိသောကလေး ကိုနှစ်ပိုင်းဖြတ်၍ ဤမိန်းမတို့အားတစ်ပိုင်းစီ ဝေပေးလော့'' ဟုမိန့်တော်မူ၏။ မိခင်စစ်သည်မိမိ၏သားကိုချစ်လှသဖြင့် မင်းကြီးအား``အရှင်မင်းကြီး၊ ကလေးကို သတ်တော်မမူပါနှင့်။ ထိုမိန်းမအားပေး တော်မူပါ''ဟုလျှောက်၏။ သို့ရာတွင်အခြားမိန်းမက``ကလေးကိုမည် သူမျှမယူပါစေနှင့်။ နှစ်ပိုင်းဖြတ်တော်မူပါ'' ဟုလျှောက်လေသည်။- ရှောလမုန်က``ကလေးကိုမသတ်နှင့်တော့။ သူ့ကို ပထမမိန်းမအားပေးလော့။ ထိုမိန်းမသည် ကလေး၏မိခင်စစ်ဖြစ်၏'' ဟုမိန့်တော်မူ၏။ ရှောလမုန်၏စီရင်ဆုံးဖြတ်ချက်ကို ဣသရေလ ပြည်သူပြည်သားတို့ကြားကြသောအခါ ဘုရား သခင်သည်မင်းကြီးအားတရားမျှတစွာစီရင် ဆုံးဖြတ်နိုင်သောဉာဏ်ပညာကိုပေးတော်မူ ကြောင်းသိရှိလျက် မင်းကြီးအားလွန်စွာရိုသေ ကြ၏။
၃ ဓမ္မရာဇဝင် 3:1-28 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှောလမုန်မင်းကြီးသည် အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး ဖာရောမင်းကြီး၏သမီးတော်နှင့် စုံဖက်လေ၏။ စံမြန်းရာနန်းတော်၊ ထာဝရဘုရား၏အိမ်တော်နှင့် ဂျေရုဆလင်မြို့ရိုးတို့ ဆောက်လုပ်၍မပြီးမီတိုင်အောင် သူ့ကို ဒါဝိဒ်မြို့တွင် စံမြန်းနေစေ၏။ ထိုကာလ၌ ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို မတည်ဆောက်ရသေးသဖြင့် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်ကြရ၏။ ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။ ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။ ဂိဗောင်မြို့၌ ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်အိပ်မက်ထဲတွင် ကိုယ်ထင်ရှားပြတော်မူ၏။ ဘုရားသခင်က “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏။ ရှောလမုန်မင်းကြီးကလည်း “အရှင့်အစေအပါး အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးသည် ကိုယ်တော်၏ရှေ့တော်တွင် သစ္စာစောင့်လျက်၊ ဖြောင့်မတ်လျက်၊ စိတ်နှလုံးမှန်ကန်စွာ အသက်ရှင်လျှောက်လှမ်းခဲ့သဖြင့် ကိုယ်တော်သည် သူ့အား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူခဲ့ပြီ။ ဤကြီးမားသောမေတ္တာကရုဏာတော်ကို ဆက်လက်ပြသလျက် သူ့သားကို သူ၏ရာဇပလ္လင်ပေါ်တွင် ယနေ့ စံမြန်းစေတော်မူလေပြီ။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးအား ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံစေပြီ။ အကျွန်ုပ်သည် ငယ်ရွယ်သေးသောကြောင့် မည်သို့သွားလာပြုမူရမည်ကို မသိသေးပါ။ ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်ရွေးချယ်တော်မူသောလူမျိုး၊ မရေမတွက်နိုင်လောက်အောင်များပြားသောလူမျိုးကြီးအလယ်တွင် ရှိနေပါ၏။ ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။ ဤသို့ ရှောလမုန်မင်းကြီးတောင်းလျှောက်သည်ကို ဘုရားရှင်နှစ်သက်တော်မူ၏။ ထို့ကြောင့် ဘုရားသခင်က သူ့အား “သင်သည် အသက်တာရှည်ရန်မတောင်း၊ ဓနဥစ္စာကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်းဘဲ တရားမျှတစွာစီရင်နိုင်သောအသိဉာဏ်ကိုသာ တောင်းလေပြီ။ ဤသို့ သင်တောင်းဆိုသောကြောင့် သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။ သင်မတောင်းသောဓနဥစ္စာနှင့် ဘုန်းအသရေကိုလည်း သင့်အား ငါပေးဦးမည်။ သင်အသက်ရှင်သမျှကာလပတ်လုံး ရှင်ဘုရင်တို့တွင် သင်နှင့်တူသောသူ တစ်ယောက်မျှမရှိစေရ။ သင့်ခမည်းတော်ဒါဝိဒ် လိုက်လျှောက်ခဲ့သည့်အတိုင်း သင်သည် ငါ့လမ်းသို့လိုက်၍ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို စောင့်ထိန်းမည်ဆိုလျှင် သင့်အသက်တာကို ရှည်စေမည်”ဟု မိန့်တော်မူ၏။ ရှောလမုန်မင်းကြီးနိုးလာလျှင် အိပ်မက်ဖြစ်ကြောင်းကို သိရလေ၏။ သူသည် ဂျေရုဆလင်မြို့သို့ ပြန်သွား၍ ဘုရားရှင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရပ်လျက် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထို့နောက် သူ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲ ကျင်းပပေးလေ၏။ တစ်နေ့တွင် ပြည့်တန်ဆာမိန်းမနှစ်ဦးသည် ရှင်ဘုရင်ထံသို့လာ၍ ရှေ့တော်၌ ရပ်လျက် မိန်းမတစ်ဦးက “အို အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် ဤမိန်းမနှင့် တစ်အိမ်တည်းနေပါ၏။ ထိုအိမ်တွင် အကျွန်ုပ်မီးဖွားစဉ် သူရှိနေပါ၏။ ထိုသို့ အကျွန်ုပ်မီးဖွားပြီး သုံးရက်မြောက်သောနေ့တွင် ထိုမိန်းမလည်း မီးဖွားပါ၏။ ထိုအိမ်တွင် အကျွန်ုပ်တို့နှစ်ဦးအပြင် အခြားမည်သူမျှမရှိပါ။ ဤမိန်းမသည် ညအိပ်ချိန်၌ သူ့သားကို ဖိအိပ်မိသဖြင့် သားမှာ သေဆုံးသွားပါ၏။ ထို့ကြောင့် သူသည် ညသန်းခေါင်ထ၍ အကျွန်ုပ်အိပ်နေချိန်တွင် အကျွန်ုပ်ဘေး၌အိပ်နေသော အကျွန်ုပ်၏သားကိုယူပြီး သူ့ရင်ခွင်၌သိပ်ပါ၏။ သူ့သားအသေကောင်ကိုမူ အကျွန်ုပ်၏ရင်ခွင်၌ ထားပါ၏။ နံနက်ထ၍ နို့တိုက်မည်ပြုသောအခါ အကျွန်ုပ်၏သားမှာ သေနေပါ၏။ နံနက်လင်း၍ ထိုသားကို သေချာစွာကြည့်သောအခါ ထိုသားသည် အကျွန်ုပ်ဖွားသောသားမဟုတ်သည်ကို သိရပါ၏”ဟု လျှောက်ဆို၏။ နောက်မိန်းမတစ်ယောက်က “ထိုသို့မဟုတ်ပါ။ အသက်ရှင်သောသားသည် ငါ့သားဖြစ်၏။ သေနေသောသားမှာ သင့်သားဖြစ်၏”ဟု ဆို၏။ ပထမမိန်းမကလည်း “ထိုသို့မဟုတ်ပါ။ သေနေသောသားသည် သင့်သားဖြစ်၏။ အသက်ရှင်နေသောသားမှာ ငါ့သားဖြစ်၏”ဟု ရှင်ဘုရင်ရှေ့တွင် ငြင်းခုံကြလေ၏။ ထိုအခါ ရှင်ဘုရင်က “ဤမိန်းမက ‘အသက်ရှင်နေသောသားသည် ငါ့သား၊ သေနေသောသားမှာ သင့်သား’ဟု ဆိုပြီး နောက်တစ်ယောက်က ‘ထိုသို့မဟုတ်ပါ။ သေနေသောသားသည် သင့်သား၊ အသက်ရှင်နေသောသားမှာ ငါ့သား’ဟု ဆိုလေပြီ”ဟူ၍ မိန့်ဆိုပြီးနောက် “ဓားယူလာခဲ့ပါ”ဟု အမိန့်ပေးသဖြင့် သူ့ထံ ဓားယူလာကြ၏။ ထို့နောက် ရှင်ဘုရင်က “အသက်ရှင်နေသောကလေးကို နှစ်ခြမ်းခွဲပြီး တစ်ယောက်ကို တစ်ခြမ်းစီ ပေးလိုက်ပါ”ဟု မိန့်ဆိုလျှင် အသက်ရှင်နေသောသား၏မိခင်မှာ မိမိသားကို အလွန်သနားသဖြင့် ရှင်ဘုရင်အား “အို အကျွန်ုပ်၏သခင်၊ အသက်ရှင်နေသောသားကို သူ့အား ပေးလိုက်ပါ။ ကလေးကို အလျှင်းမသတ်ပါနှင့်”ဟု လျှောက်တင်၏။ သို့သော် နောက်မိန်းမက “သင်လည်း မယူရ၊ ငါလည်း မယူရ။ ဤကလေးကို နှစ်ခြမ်းခွဲပါစေ”ဟု ဆို၏။ ထိုအခါ ရှင်ဘုရင်က “အသက်ရှင်နေသောကလေးကို ပထမမိန်းမအား ပေးလိုက်ပါ။ အလျှင်းမသတ်ပါနှင့်။ သူသည် ကလေး၏မိခင်မှန်၏”ဟု စီရင်ပေးလေ၏။ အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။