၃ ဓမ္မရာဇဝင် 3:1-15
၃ ဓမ္မရာဇဝင် 3:1-15 Judson Bible (JBMLE)
ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့်စုံဖက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။ ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။ ရှောလမုန်သည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်၏ စီရင်ချက်တို့ကို စောင့်ရှောက်တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။ တစ်ရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်းငှာ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင်မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။ ထိုမြို့၌ထာဝရဘုရားသည် ညအခါ အိပ်မက်တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင်မိန့်တော်မူ၏။ ရှောလမုန်ကလည်း၊ ကိုယ်တော်၏ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့်၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့်သည်နှင့်အညီ၊ သူ၌များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောသားကို သူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဖို့ ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။ ယခုမှာ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှာ မတတ်နိုင်ပါ။ ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိများပြားစွာသော ကိုယ်တော်၏ လူမျိုးကြီးအလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။ ထိုသို့ ရှောလမုန်တောင်းလျှောက်သော ပတ္ထနာစကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။ ဘုရားသခင်ကလည်း၊ သင်သည် တာရှည်သောအသက်ကို မတောင်း၊ စည်းစိမ်ကိုလည်း မတောင်း၊ ရန်သူတို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှာ တတ်နိုင်သောဉာဏ်ကိုသာ ကိုယ်အဖို့တောင်းလျှောက်သောကြောင့်၊ သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။ ရှေးကာလ၌ သင်နှင့်တူသောသူ တစ်ယောက်မျှမဖြစ်၊ နောင်ကာလ၌ မဖြစ်နိုင်အောင် ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်ဝိညာဥ်ကို သင့်အားငါပေး၏။ ထိုမှတစ်ပါး သင်နှင့်တူသော ရှင်ဘုရင်တစ်ယောက်ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှာ၊ သင်မတောင်းသောဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။ သင့်အဘဒါဝိဒ် ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက် ပညတ်တရားတို့ကို စောင့်ရှောက်လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။ ရှောလမုန်သည် နိုး၍ အိပ်မက်ဖြစ်မှန်းကိုသိ၏။ တစ်ဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဖို့ ပွဲကို စီရင်တော်မူ၏။
၃ ဓမ္မရာဇဝင် 3:1-15 Common Language Bible (BCL)
ရှောလမုန်မင်းသည်အီဂျစ်ဘုရင်၏သမီးကို မိဖုရားမြှောက်ခြင်းအားဖြင့် ထိုမင်းနှင့်မဟာ မိတ်ဖွဲ့တော်မူ၏။ ထို့နောက်မိမိတည်ဆောက်လျက် ရှိသည့်နန်းတော်၊ ဗိမာန်တော်နှင့်မြို့ရိုးမပြီးမီ ဒါဝိဒ်မြို့တွင်နေထိုင်ရန်မင်းသမီးအားခေါ် ဆောင်ခဲ့၏။- ထာဝရဘုရားအတွက်ဗိမာန်တော်မဆောက် ရသေးသဖြင့် လူတို့သည်ယဇ်ပလ္လင်အနှံ့ အပြားတို့တွင်ယဇ်ပူဇော်လျက်ရှိနေကြ သေး၏။- ရှောလမုန်မင်းသည်ထာဝရဘုရားကိုချစ်၍ မိမိခမည်းတော်၏ပြညွှန်သွန်သင်ချက်တို့ ကိုလိုက်နာသော်လည်း တိရစ္ဆာန်များကိုသတ် ၍ယဇ်ပလ္လင်အမျိုးမျိုးတွင်ယဇ်ပူဇော်လေ သည်။ ဂိဗောင်မြို့တွင်အလွန်ထင်ရှားကျော်စောသော ယဇ်ပလ္လင်ရှိသဖြင့် အခါတစ်ပါး၌မင်းကြီး သည်ယဇ်ပူဇော်ရန်ထိုအရပ်သို့သွားတော် မူ၏။ သူသည်ယခင်အခါများကထောင် ပေါင်းများစွာသောမီးရှို့ရာပူဇော်သကာ များကိုထိုယဇ်ပလ္လင်တွင်ပူဇော်ခဲ့ဖူး၏။- ယခုညဥ့်၌ထာဝရဘုရားသည်အိပ်မက် တွင်ထင်ရှားတော်မူ၍``သင်သည်အဘယ် ဆုကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။ ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။- အို ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ် သည်အသက်အရွယ်ငယ်၍တိုင်းပြည်ကို မအုပ်စိုးတတ်သော်လည်း ကိုယ်တော်ရှင်သည် အကျွန်ုပ်အားခမည်းတော်အရိုက်အရာ ကိုဆက်ခံစေ၍နန်းတင်တော်မူပါပြီ။- ယခုအခါအကျွန်ုပ်သည်ကိုယ်တော်ရွေးချယ် တော်မူသောလူမျိုးကြီးအလယ်တွင်ရှိပါ၏။ ထိုသူတို့သည်ရေတွက်၍မရနိုင်အောင်ပင် များပြားပါ၏။- သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။ ဤသို့ရှောလမုန်တောင်းလျှောက်သည်ကို ထာဝရဘုရားသည်နှစ်သက်တော်မူသဖြင့်၊- ``သင်သည်မိမိအသက်ရှည်မှု၊ ချမ်းသာကြွယ်ဝ မှုသို့မဟုတ်ရန်သူများသေကြေပျက်စီးမှု ကိုတောင်းလျှောက်မည့်အစားတရားမျှတ စွာအုပ်စိုးနိုင်ရန် ဉာဏ်ပညာကိုတောင်းလျှောက် သည်ဖြစ်၍၊- သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။- သင်မတောင်းလျှောက်သည့်ဆုကိုလည်းငါပေး မည်။ သင်သည်တစ်သက်လုံးအခြားအဘယ် ဘုရင်နှင့်မျှမတူအောင် စည်းစိမ်ချမ်းသာ နှင့်ဂုဏ်အသရေကိုငါပေးမည်။- သင်သည်သင်၏ခမည်းတော်ဒါဝိဒ်နည်းတူ ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုလိုက်နာလျှင် ငါသည်သင့်အားကြာရှည် သောအသက်ကိုလည်းငါပေးမည်''ဟုမိန့် တော်မူ၏။ ရှောလမုန်သည်အိပ်ရာမှနိုး၍ မိမိသည်ဘုရားသခင်မိန့်တော်မူသောစကားများကိုအိပ်မက် တွင်ကြားသိခဲ့ရကြောင်းကိုသိလေ၏။ ထို့နောက် သူသည်ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ရပ်လျက် မီးရှို့ရာ ပူဇော်သကာများနှင့်မိတ်သဟာယဇ်တို့ကို ထာဝရဘုရားအားပူဇော်ပြီးနောက် မှူးမတ် အပေါင်းတို့အတွက်စားသောက်ပွဲကိုကျင်းပ လေသည်။
၃ ဓမ္မရာဇဝင် 3:1-15 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ရှောလမုန်မင်းကြီးသည် အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး ဖာရောမင်းကြီး၏သမီးတော်နှင့် စုံဖက်လေ၏။ စံမြန်းရာနန်းတော်၊ ထာဝရဘုရား၏အိမ်တော်နှင့် ဂျေရုဆလင်မြို့ရိုးတို့ ဆောက်လုပ်၍မပြီးမီတိုင်အောင် သူ့ကို ဒါဝိဒ်မြို့တွင် စံမြန်းနေစေ၏။ ထိုကာလ၌ ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို မတည်ဆောက်ရသေးသဖြင့် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်ကြရ၏။ ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။ ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။ ဂိဗောင်မြို့၌ ထာဝရဘုရားသည် ရှောလမုန်မင်းကြီးအား ညအချိန်အိပ်မက်ထဲတွင် ကိုယ်ထင်ရှားပြတော်မူ၏။ ဘုရားသခင်က “ငါပေးရမည့်ဆုကို တောင်းလော့”ဟု မိန့်တော်မူ၏။ ရှောလမုန်မင်းကြီးကလည်း “အရှင့်အစေအပါး အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးသည် ကိုယ်တော်၏ရှေ့တော်တွင် သစ္စာစောင့်လျက်၊ ဖြောင့်မတ်လျက်၊ စိတ်နှလုံးမှန်ကန်စွာ အသက်ရှင်လျှောက်လှမ်းခဲ့သဖြင့် ကိုယ်တော်သည် သူ့အား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူခဲ့ပြီ။ ဤကြီးမားသောမေတ္တာကရုဏာတော်ကို ဆက်လက်ပြသလျက် သူ့သားကို သူ၏ရာဇပလ္လင်ပေါ်တွင် ယနေ့ စံမြန်းစေတော်မူလေပြီ။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါးအား ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံစေပြီ။ အကျွန်ုပ်သည် ငယ်ရွယ်သေးသောကြောင့် မည်သို့သွားလာပြုမူရမည်ကို မသိသေးပါ။ ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်ရွေးချယ်တော်မူသောလူမျိုး၊ မရေမတွက်နိုင်လောက်အောင်များပြားသောလူမျိုးကြီးအလယ်တွင် ရှိနေပါ၏။ ဤများပြားလှသောကိုယ်တော်၏လူမျိုးတော်ကို မည်သူအုပ်ချုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ်တော့်အစေအပါးအား ကိုယ်တော်၏လူမျိုးတော်ကို စီရင်အုပ်ချုပ်နိုင်ရန်နှင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ရန်အတွက် သိနားလည်နိုင်သောနှလုံးသားကို ပေးတော်မူပါ”ဟု တောင်းလျှောက်၏။ ဤသို့ ရှောလမုန်မင်းကြီးတောင်းလျှောက်သည်ကို ဘုရားရှင်နှစ်သက်တော်မူ၏။ ထို့ကြောင့် ဘုရားသခင်က သူ့အား “သင်သည် အသက်တာရှည်ရန်မတောင်း၊ ဓနဥစ္စာကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်းဘဲ တရားမျှတစွာစီရင်နိုင်သောအသိဉာဏ်ကိုသာ တောင်းလေပြီ။ ဤသို့ သင်တောင်းဆိုသောကြောင့် သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။ သင်မတောင်းသောဓနဥစ္စာနှင့် ဘုန်းအသရေကိုလည်း သင့်အား ငါပေးဦးမည်။ သင်အသက်ရှင်သမျှကာလပတ်လုံး ရှင်ဘုရင်တို့တွင် သင်နှင့်တူသောသူ တစ်ယောက်မျှမရှိစေရ။ သင့်ခမည်းတော်ဒါဝိဒ် လိုက်လျှောက်ခဲ့သည့်အတိုင်း သင်သည် ငါ့လမ်းသို့လိုက်၍ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို စောင့်ထိန်းမည်ဆိုလျှင် သင့်အသက်တာကို ရှည်စေမည်”ဟု မိန့်တော်မူ၏။ ရှောလမုန်မင်းကြီးနိုးလာလျှင် အိပ်မက်ဖြစ်ကြောင်းကို သိရလေ၏။ သူသည် ဂျေရုဆလင်မြို့သို့ ပြန်သွား၍ ဘုရားရှင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရပ်လျက် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထို့နောက် သူ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲ ကျင်းပပေးလေ၏။