၁ ရှင်ယောဟန် 3:12-17
၁ ရှင်ယောဟန် 3:11-17 Judson Bible (JBMLE)
သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော တရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။ ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်း ဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။ ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့်။- ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရကြ၏။ မိမိ ညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည်၏။- မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ လူအသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ၏။- ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဖို့အလိုငှာ အသက်ကိုစွန့်ရကြ၏။- အကြင်သူသည် လောကီစည်းစိမ်ဥစ္စာ ရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကို မြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။
၁ ရှင်ယောဟန် 3:12-17 Common Language Bible (BCL)
မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။ သို့ဖြစ်၍ညီအစ်ကိုတို့၊ လောကသားတို့သည် သင်တို့ကိုမုန်းကြလျှင်မအံ့သြကြနှင့်။- ငါတို့သည်မိမိတို့၏ညီအစ်ကိုများကိုချစ် သည့်အတွက်ကြောင့် သေခြင်းမှအသက်ရှင်ခြင်း သို့ကူးမြောက်ခဲ့ရကြကြောင်းကိုငါတို့သိ ကြ၏။ မိမိ၏ညီအစ်ကိုကိုမချစ်သောသူ သည်သူသေဘဝ၌ပင်ရှိနေသေး၏။- မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။- ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။- လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူဖြစ်ပါလျက် မိမိ၏ညီအစ်ကိုတစ်စုံတစ်ယောက်ချို့တဲ့မှု ကိုမြင်သောအခါ ကရုဏာစိတ်မရှိသူတွင် အဘယ်သို့လျှင်ဘုရားသခင်၏မေတ္တာတော် ကိန်းအောင်းနိုင်မည်နည်း။
၁ ရှင်ယောဟန် 3:12-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။ ညီအစ်ကိုတို့၊ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် မအံ့ဩကြနှင့်။ ငါတို့သည် ညီအစ်ကိုတို့ကို ချစ်ကြသောကြောင့် သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးပြောင်းပြီဖြစ်ကြောင်း ငါတို့သိကြ၏။ မချစ်သောသူမူကား သေခြင်း၌တည်၏။ မိမိညီအစ်ကိုကိုမုန်းသောသူတိုင်းသည် လူသတ်သမားဖြစ်၏။ မည်သည့်လူသတ်သမား၌မျှ ထာဝရအသက်မတည်ကြောင်းကိုလည်း သင်တို့သိကြ၏။ ခရစ်တော်သည် ငါတို့အတွက် မိမိအသက်ကိုစွန့်တော်မူသောကြောင့် ငါတို့သည် ထိုအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အတွက် အသက်ကိုစွန့်သင့်၏။ တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ရှိလျက်နှင့် မိမိညီအစ်ကိုဆင်းရဲချို့တဲ့နေသည်ကိုမြင်၍ မိမိ၏ကြင်နာစိတ်ကိုချုပ်တည်းထားလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌ မည်သို့တည်မည်နည်း။