၁ ကောရိန္သု 15:50-58
၁ ကောရိန္သု 15:50-58 Judson Bible (JBMLE)
ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။- နက်နဲသော အရာတစ်ခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။- သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။- ယခုမျက်မှောက် ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။- ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့လည်းကောင်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။- အို သေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။- သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။- ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။- ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။
၁ ကောရိန္သု 15:50-58 Common Language Bible (BCL)
ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။ လျှို့ဝှက်နက်နဲသောအရာတစ်ခုကိုနားထောင် ကြလော့။ ငါတို့အားလုံးသည်သေလွန်သွားကြ မည်မဟုတ်။ ငါတို့သည်တံပိုးခရာမှုတ်သော အခါခဏချင်းမျက်စိတစ်မှိတ်အတွင်း၌ ပြောင်းလဲကြမည်။ နောက်ဆုံးတံပိုးခရာမှုတ် သောအခါသေလွန်သူတို့သည် ရှင်ပြန်ထမြောက် ကြ၍သေခြင်းနှင့်ထာဝစဉ်ကင်းလွတ်ကြ လိမ့်မည်။ ငါတို့အားလုံးသည်လည်းပြောင်းလဲ ကြမည်။- အဘယ်ကြောင့်ဆိုသော်ပုပ်ပျက်တတ်သော အရာသည်မပုပ်မပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ပြောင်းလဲရမည်။- ပုပ်ပျက်တတ်သောအရာသည်မပုပ်မပျက် နိုင်သောအဖြစ်သို့လည်းကောင်း၊ သေတတ်သော အရာသည်မသေနိုင်သောအဖြစ်သို့လည်း ကောင်းပြောင်းလဲသောအခါ ``သေခြင်းကို ဖျက်ဆီးပစ်ပြီ။ သေခြင်းကိုအောင်မြင်လေ ပြီ'' ဟူသောကျမ်းစကားသည်မှန်ကန်၍ လာပေအံ့။ ``အို မရဏနိုင်ငံ၊သင်၏အောင်မြင်ခြင်းကား အဘယ်မှာနည်း။ အို သေမင်း၊သင်၏အစွယ်ကားအဘယ်မှာနည်း။ သေမင်း၏အစွယ်ကားအပြစ်ဒုစရိုက်ဖြစ်၏။ အပြစ်ဒုစရိုက်သည်ပညတ်တရားမှတန်ခိုး ကိုရရှိသတည်း။- သို့ရာတွင်အရှင်ယေရှုခရစ်အားဖြင့် ငါတို့ အားသေခြင်းကိုအောင်မြင်ခွင့်ပေးတော်မူ သောဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား။ သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
၁ ကောရိန္သု 15:50-58 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ညီအစ်ကိုတို့၊ ငါဆိုသည်ကား အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံ၍မရနိုင်။ ဖောက်ပြန်ပျက်စီးတတ်သောအရာသည်လည်း ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို အမွေဆက်ခံ၍မရနိုင်။ နားထောင်ကြလော့။ ငါသည် သင်တို့အား လျှို့ဝှက်နက်နဲသောအရာကို ပြောဦးမည်။ ငါတို့အားလုံးသည် အိပ်ပျော်ကြရမည်မဟုတ်။ သို့သော် နောက်ဆုံးသောတံပိုးခရာမှုတ်ချိန်၌ မျက်စိတစ်မှိတ်အတွင်း တစ်ခဏချင်းတွင် ငါတို့အားလုံးသည် ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ သေလွန်သောသူတို့သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရကြလိမ့်မည်။ ငါတို့သည်လည်း ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤဖောက်ပြန်ပျက်စီးတတ်သောအရာသည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၍ ဤသေတတ်သောအရာသည် သေခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၏။ ဤဖောက်ပြန်ပျက်စီးတတ်သောအရာသည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကိုဝတ်ဆင်၍ ဤသေတတ်သောအရာသည် သေခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်သောအခါ “သေခြင်းသည် အောင်မြင်ခြင်း၌ နစ်မြုပ်လေပြီ”ဟု ရေးထားသော ကျမ်းစကားပြည့်စုံလိမ့်မည်။ “အို သေခြင်း၊ သင်၏အောင်မြင်ခြင်းသည် အဘယ်မှာရှိသနည်း။ အို သေခြင်း၊ သင်၏အဆိပ်ဆူးသည် အဘယ်မှာရှိသနည်း။” သေခြင်း၏အဆိပ်ဆူးသည် အပြစ်ဖြစ်၍ အပြစ်၏တန်ခိုးသည် ပညတ်တရားဖြစ်၏။ သို့သော် ငါတို့သခင်ယေရှုခရစ်တော်အားဖြင့် ငါတို့အား အောင်မြင်ခြင်းကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။