၁ ကောရိန္သု 12:1-8
၁ ကောရိန္သု 12:1-8 Judson Bible (JBMLE)
ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်းများကို မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ။- သင်တို့သည် အထက်ကသာသနာပလူဖြစ်၍၊ သူတစ်ပါး သွေးဆောင်သဖြင့်၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသောသူ ဖြစ်ကြောင်းကို သင်တို့သိကြ၏။- ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှ ယေရှုကို မကျိန်ဆဲနိုင်သည်ကိုလည်းကောင်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကိုလည်းကောင်း၊ သင်တို့သည် သိနားလည်စေခြင်းငှာ ငါသတိပေး၏။- ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။- ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တစ်ပါးတည်းရှိ၏။- ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင်တစ်ပါးတည်းရှိ၏။- ကောင်းသောအကျိုးအလိုငှာသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။- အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။
၁ ကောရိန္သု 12:1-8 Common Language Bible (BCL)
ညီအစ်ကိုတို့၊ သင်တို့ရေးသားမေးမြန်း သည့်ဝိညာဉ်တော်၏ဆုကျေးဇူးများနှင့် ပတ်သက်၍ သင်တို့အားသိစေလိုသော အချက်များရှိ၏။- သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။- အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။ ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။- အစေခံရန်နည်းအမျိုးမျိုးရှိသော်လည်း အစေခံရသည့်သခင်ကားတစ်ပါးတည်းရှိ၏။- အမှုတော်ဆောင်ရန်စွမ်းရည်အမျိုးမျိုးရှိသော် လည်း လူအသီးသီး၌ရှိသောစွမ်းရည်များကို ပေးတော်မူသောအရှင်ကားတစ်ပါးတည်းရှိ၏။- အများကောင်းကျိုးအတွက်လူအသီးသီး တို့နှင့်ဝိညာဉ်တော်ပါရှိကြောင်းတစ်နည်း တစ်ဖုံအားဖြင့်ဖော်ပြ၏။- ဝိညာဉ်တော်သည်လူတစ်ယောက်အားဉာဏ် ပညာဖြင့်ပြောဆိုနိုင်သောစွမ်းရည်ကိုပေး တော်မူ၏။ အခြားတစ်ယောက်အားအသိ ဉာဏ်ဖြင့်ခက်ခဲသောအရာတို့ကိုထုတ်ဖော် ပြောဆိုနိုင်သောစွမ်းရည်ကိုပေးတော်မူ၏။
၁ ကောရိန္သု 12:1-8 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ညီအစ်ကိုတို့၊ ဝိညာဉ်ဆုကျေးဇူးများနှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။ သင်တို့သည် ဘာသာခြားဖြစ်ကြစဉ်က စကားမပြောနိုင်သောရုပ်တုများထံသို့ တစ်နည်းနည်းဖြင့် ခေါ်ဆောင်သွားခြင်းခံရ၍ လမ်းလွဲခဲ့ကြသည်ကို သင်တို့သိကြ၏။ ထို့ကြောင့် သင်တို့အား ငါသိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် “ယေရှုသည် ကျိန်ခြင်းကိုခံပါစေ”ဟု ပြောဆိုမည်မဟုတ်။ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မဟုတ်လျှင် မည်သူကမျှ “ယေရှုသည် သခင်ဖြစ်တော်မူ၏”ဟူ၍ မပြောဆိုနိုင်ပေ။ ဆုကျေးဇူးသည် အမျိုးမျိုးရှိသော်လည်း ဝိညာဉ်တော်သည် တစ်ပါးတည်းရှိ၏။ အမှုတော်လုပ်ငန်းသည် အမျိုးမျိုးရှိသော်လည်း သခင်ဘုရားသည် တစ်ပါးတည်းရှိ၏။ လုပ်ဆောင်ချက်အမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ခပ်သိမ်းသောအမှုကိုပြုတော်မူသောဘုရားသခင်သည် တစ်ပါးတည်းရှိ၏။ သို့သော် အများကောင်းကျိုးအတွက် တစ်ဦးစီ၌ ဝိညာဉ်တော်၏ထင်ရှားခြင်းအခွင့်ကိုပေးတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား အသိပညာစကားကိုလည်းကောင်း၊