၁ ကောရိန္သု 12:1-31
၁ ကောရိန္သု 12:1-31 Judson Bible (JBMLE)
ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်းများကို မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ။- သင်တို့သည် အထက်ကသာသနာပလူဖြစ်၍၊ သူတစ်ပါး သွေးဆောင်သဖြင့်၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသောသူ ဖြစ်ကြောင်းကို သင်တို့သိကြ၏။- ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှ ယေရှုကို မကျိန်ဆဲနိုင်သည်ကိုလည်းကောင်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကိုလည်းကောင်း၊ သင်တို့သည် သိနားလည်စေခြင်းငှာ ငါသတိပေး၏။- ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။- ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တစ်ပါးတည်းရှိ၏။- ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင်တစ်ပါးတည်းရှိ၏။- ကောင်းသောအကျိုးအလိုငှာသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။- အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။- ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။- တစ်ယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍သိနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုဘာသာစကား၏အနက်ကို ဖော်ပြနိုင်သော အခွင့်ကိုလည်းကောင်း ပေးတော်မူ၏။- ဤအခွင့်ရှိသမျှတို့ကို တစ်ပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။ ဥပမာကား၊ ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတစ်ခုတည်းသော ကိုယ်အင်္ဂါအပေါင်းတို့သည် များလျက်နှင့် ကိုယ်တစ်ခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။- အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် တစ်ကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစ်စိတ်တစ်ဝိညာဉ်တည်း ထဲသို့လည်း သောက်ကြ၏။- ကိုယ်သည် အင်္ဂါတစ်ခုတည်းရှိသည်မဟုတ်၊ အများရှိသည်ဖြစ်၍၊- ခြေက၊ ငါသည်လက်မဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟု ဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။- နားကလည်း၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟု ဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။- တစ်ကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ တစ်ကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။- ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း အင်္ဂါများအသီးအသီးတို့ကို ကိုယ်၌ စီရင်ခန့်ထားတော်မူ၏။- ထိုမှတစ်ပါး၊ အင်္ဂါအပေါင်းတို့သည် အင်္ဂါတစ်ခုတည်းဖြစ်လျှင် ကိုယ်သည်အဘယ်မှာ ရှိလိမ့်မည်နည်း။- ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တစ်ခုတည်းရှိ၏။- မျက်စိက၊ သင့်ကိုငါအလိုမရှိဟု လက်ကို မဆိုရ။ ထိုနည်းတူ၊ ဦးခေါင်းက၊ သင်တို့ကိုငါအလိုမရှိဟု ခြေတို့ကို မဆိုရ။ ထိုမျှမက အားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။- အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း၊ သာ၍ကြီးသော အသရေကို ပေးတတ်၏။- တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။- တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ။- ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကိုကိုယ်နှင့်အမျှ သတိပြုစေခြင်းငှာ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။- သို့ဖြစ်၍၊ အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါတစ်ခုသည် ချီးမြှောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။- သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ၏။- ဘုရားသခင်သည် ပထမအရာ၌ တမန်တော်တို့ကိုလည်းကောင်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကိုလည်းကောင်း၊ တတိယအရာ၌ ဆရာတို့ကိုလည်းကောင်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကိုလည်းကောင်း၊ ထိုနောက် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကိုလည်းကောင်း၊ သင်းထောက်တို့ကိုလည်းကောင်း၊ စီရင်အုပ်စိုးသော သူတို့ကိုလည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားကိုပြောနိုင်သော သူတို့ကိုလည်းကောင်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။- သင်းဝင်သူ ရှိသမျှတို့သည် တမန်တော် ဖြစ်ကြသလော။ ရှိသမျှတို့သည် ပရောဖက်ဖြစ် ကြသလော။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော။ ရှိသမျှတို့သည် တန်ခိုးကို ပြနိုင်ကြသလော။- ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏အနက်ကို ဖော်ပြနိုင်ကြသလော။- သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သော လမ်းကို ငါပြဦးမည်။
၁ ကောရိန္သု 12:1-31 Common Language Bible (BCL)
ညီအစ်ကိုတို့၊ သင်တို့ရေးသားမေးမြန်း သည့်ဝိညာဉ်တော်၏ဆုကျေးဇူးများနှင့် ပတ်သက်၍ သင်တို့အားသိစေလိုသော အချက်များရှိ၏။- သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။- အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။ ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။- အစေခံရန်နည်းအမျိုးမျိုးရှိသော်လည်း အစေခံရသည့်သခင်ကားတစ်ပါးတည်းရှိ၏။- အမှုတော်ဆောင်ရန်စွမ်းရည်အမျိုးမျိုးရှိသော် လည်း လူအသီးသီး၌ရှိသောစွမ်းရည်များကို ပေးတော်မူသောအရှင်ကားတစ်ပါးတည်းရှိ၏။- အများကောင်းကျိုးအတွက်လူအသီးသီး တို့နှင့်ဝိညာဉ်တော်ပါရှိကြောင်းတစ်နည်း တစ်ဖုံအားဖြင့်ဖော်ပြ၏။- ဝိညာဉ်တော်သည်လူတစ်ယောက်အားဉာဏ် ပညာဖြင့်ပြောဆိုနိုင်သောစွမ်းရည်ကိုပေး တော်မူ၏။ အခြားတစ်ယောက်အားအသိ ဉာဏ်ဖြင့်ခက်ခဲသောအရာတို့ကိုထုတ်ဖော် ပြောဆိုနိုင်သောစွမ်းရည်ကိုပေးတော်မူ၏။- ဝိညာဉ်တော်ကပင်တစ်ယောက်အားယုံကြည်မှု ပါရမီကိုလည်းကောင်း၊ အခြားတစ်ယောက် အားအနာရောဂါများပျောက်ကင်းစေနိုင် သောတန်ခိုးကိုလည်းကောင်းပေးတော်မူ၏။- ဝိညာဉ်တော်သည်တစ်ယောက်အားနိမိတ်လက္ခ ဏာများပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ယောက်အားဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောနိုင်သောစွမ်း ရည်ကိုလည်းကောင်း၊ နောက်တစ်ယောက်အား ဝိညာဉ်တော်ချပေးတော်မူသည့်ဆုကျေးဇူး များနှင့်ချပေးတော်မမူသည့်ဆုကျေးဇူး များကိုပိုင်းခြားသိရှိနိုင်သောစွမ်းရည် ကိုလည်းကောင်းပေးတော်မူ၏။ ကိုယ်တော် သည်တစ်ယောက်အားထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုအနက်ပြန်ဆိုနိုင် သောစွမ်းရည်ကိုလည်းကောင်း၊ အခြားတစ် ယောက်အားထိုဘာသာစကားအမျိုးမျိုး ကိုပြောဆိုနိုင်သောစွမ်းရည်ကိုလည်းကောင်း ပေးတော်မူ၏။- သို့ရာတွင်ဤတန်ခိုးစွမ်းရည်အပေါင်းတို့ ကိုချပေးတော်မူသောအရှင်ကားဝိညာဉ် တော်တစ်ပါးတည်းဖြစ်၏။ ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်းလူတစ်ဦးစီအား ထူးခြားသည့်ဆုကျေးဇူးကိုချပေးတော် မူသတည်း။ ခရစ်တော်သည်အင်္ဂါအစိတ်အပိုင်းများရှိ သည့်ကိုယ်ခန္ဓာနှင့်တူ၏။ ကိုယ်ခန္ဓာသည်အင်္ဂါ အစိတ်အပိုင်းများရှိသော်လည်းတစ်ကိုယ် တည်းသာဖြစ်၏။- ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။ လူ၏ကိုယ်ခန္ဓာတွင်အင်္ဂါအစိတ်အပိုင်းတစ် ခုတည်းရှိသည်မဟုတ်။ အများပင်ရှိပေ သည်။- ခြေက ``ငါသည်လက်မဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကခြေသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။- နားက``ငါသည်မျက်စိမဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကနားသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။- ကိုယ်ခန္ဓာတစ်ခုလုံးသည်မျက်စိသာလျှင် ဖြစ်ပါကအဘယ်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည်နားသာလျှင် ဖြစ်ပါမူအဘယ်သို့အနံ့ခံနိုင်မည်နည်း။- သို့ရာတွင်ဘုရားသခင်သည်အလိုတော် ရှိသည့်အတိုင်းကိုယ်ခန္ဓာတွင် အင်္ဂါအစိတ် အပိုင်းအသီးသီးတို့သူ့နေရာနှင့်သူ ရှိစေတော်မူ၏။- အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာလျှင် ရှိခဲ့သော်ကိုယ်ခန္ဓာဖြစ်လာနိုင်မည်မဟုတ်။- အမှန်အားဖြင့်ဆိုသော်အင်္ဂါအစိတ်အပိုင်း အများရှိသော်လည်းကိုယ်ခန္ဓာတစ်ခုတည်း သာရှိသတည်း။ ထိုကြောင့်မျက်စိကလက်အား ``သင့်ကိုငါ အလိုမရှိ'' ဟုမဆိုနိုင်။ ဦးခေါင်းကလည်း ခြေအား ``သင့်ကိုငါအလိုမရှိ'' ဟုမဆို နိုင်။- အားနည်းသောလက္ခဏာရှိသောကိုယ်အင်္ဂါ အစိတ်အပိုင်းများမှာမရှိလျှင်မဖြစ်။- ယုတ်သည်ဟုထင်ရသောအင်္ဂါအစိတ်အပိုင်း များကိုပို၍ပင်ငါတို့ဂရုစိုက်ကြရ၏။ တင့်တယ်ခြင်းမရှိသည့်အင်္ဂါအစိတ်အပိုင်း များကိုပို၍တင့်တယ်အောင်မွမ်းမံကြရ၏။- တင့်တယ်ပြီးဖြစ်သည့်အင်္ဂါအစိတ်အပိုင်း များကိုမူကားမွမ်းမံနေစရာမလို။ ဂုဏ် အသရေလိုသည့်အင်္ဂါအစိတ်အပိုင်းတို့ ကိုပို၍ဂုဏ်အသရေရှိစေရန်ဘုရား သခင်ကိုယ်တော်တိုင်ကိုယ်ခန္ဓာကိုစေ့စပ် ပြုပြင်ထားတော်မူ၏။- သို့ဖြစ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းအချင်း ချင်းစိတ်ဝမ်းကွဲပြားမှုမရှိဘဲ အချင်းချင်း ၏အကျိုးကိုပြုစုလျက်ရှိပေသည်။- အကယ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုက ဝေဒနာခံရလျှင်အခြားအစိတ်အပိုင်းများ သည်လည်းအတူခံရကြ၏။ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုကချီးမွမ်းခြင်းခံရလျှင် အခြားအစိတ်အပိုင်းများသည်လည်းအတူ ဝမ်းမြောက်ရကြ၏။ သင်တို့အပေါင်းသည်ခရစ်တော်၏ကိုယ်ခန္ဓာ တော်ဖြစ်၏။ သင်တို့အသီးသီးသည်ကား ကိုယ်ခန္ဓာတော်၏အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။- ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။- သူတို့အားလုံးပင်တမန်တော်များဖြစ်ကြ သလော။ သူတို့အားလုံးပင်ပရောဖက်များ ဖြစ်ကြသလော။ သူတို့အားလုံးပင်ဆရာ များဖြစ်ကြသလော။ သူတို့အားလုံးပင် နိမိတ်လက္ခဏာပြနိုင်သူများဖြစ်ကြ သလော။- သူတို့အားလုံးပင်အနာရောဂါများကို ပျောက်ကင်းစေနိုင်သောတန်ခိုးကိုရရှိသူ များဖြစ်ကြသလော။ သူတို့အားလုံးပင် ထူးဆန်းသောဘာသာစကားအမျိုးမျိုး ကိုအနက်အဋ္ဌိပ္ပါယ်ပြန်ဆိုနိုင်သူများ ဖြစ်ကြသလော။- သို့ဖြစ်၍သင်တို့သည်ပို၍မြတ်သည့်ဆု ကျေးဇူးများကိုစွဲလမ်းကြလော့။ သို့ရာတွင်အမြတ်ဆုံးသောဆုကျေးဇူး ကိုငါဖော်ပြမည်။
၁ ကောရိန္သု 12:1-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ညီအစ်ကိုတို့၊ ဝိညာဉ်ဆုကျေးဇူးများနှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။ သင်တို့သည် ဘာသာခြားဖြစ်ကြစဉ်က စကားမပြောနိုင်သောရုပ်တုများထံသို့ တစ်နည်းနည်းဖြင့် ခေါ်ဆောင်သွားခြင်းခံရ၍ လမ်းလွဲခဲ့ကြသည်ကို သင်တို့သိကြ၏။ ထို့ကြောင့် သင်တို့အား ငါသိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် “ယေရှုသည် ကျိန်ခြင်းကိုခံပါစေ”ဟု ပြောဆိုမည်မဟုတ်။ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မဟုတ်လျှင် မည်သူကမျှ “ယေရှုသည် သခင်ဖြစ်တော်မူ၏”ဟူ၍ မပြောဆိုနိုင်ပေ။ ဆုကျေးဇူးသည် အမျိုးမျိုးရှိသော်လည်း ဝိညာဉ်တော်သည် တစ်ပါးတည်းရှိ၏။ အမှုတော်လုပ်ငန်းသည် အမျိုးမျိုးရှိသော်လည်း သခင်ဘုရားသည် တစ်ပါးတည်းရှိ၏။ လုပ်ဆောင်ချက်အမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ခပ်သိမ်းသောအမှုကိုပြုတော်မူသောဘုရားသခင်သည် တစ်ပါးတည်းရှိ၏။ သို့သော် အများကောင်းကျိုးအတွက် တစ်ဦးစီ၌ ဝိညာဉ်တော်၏ထင်ရှားခြင်းအခွင့်ကိုပေးတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား အသိပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား ယုံကြည်ခြင်းကိုလည်းကောင်း၊ ထိုဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် အခြားတစ်ဦးအား အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးကိုလည်းကောင်း၊ အခြားတစ်ဦးအား တန်ခိုးလက္ခဏာပြုသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ပရောဖက်ပြုဟောပြောသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိရှိနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ထိုဘာသာစကားများ၏အနက်ကိုဖော်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။ ထိုဝိညာဉ်တော်တစ်ပါးတည်းသည် ဤအမှုအရာအလုံးစုံတို့ကို လုပ်ဆောင်တော်မူ၍ အလိုတော်ရှိသည့်အတိုင်း ထိုဆုကျေးဇူးများကို တစ်ဦးစီအား အသီးသီးခွဲဝေပေးတော်မူ၏။ ထို့ကြောင့် ကိုယ်ခန္ဓာသည် တစ်ခုတည်းဖြစ်သော်လည်း အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ကိုယ်ခန္ဓာ၌အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း အားလုံးသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ထိုနည်းတူဖြစ်တော်မူ၏။ အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။ ကိုယ်ခန္ဓာ၌ အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာရှိသည်မဟုတ်ဘဲ များစွာရှိ၏။ ခြေက “ငါသည် လက်မဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။ နားကလည်း “ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။ ကိုယ်ခန္ဓာတစ်ခုလုံးသည် မျက်စိဖြစ်လျှင် မည်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည် နားဖြစ်လျှင် မည်သို့အနံ့ရနိုင်မည်နည်း။ သို့ရာတွင် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအင်္ဂါအစိတ်အပိုင်းများကို ကိုယ်ခန္ဓာ၌ အသီးသီးပြင်ဆင်ပေးတော်မူ၏။ အားလုံးသည် အင်္ဂါအစိတ်အပိုင်းတစ်မျိုးတည်းဖြစ်ခဲ့လျှင် ကိုယ်ခန္ဓာသည် အဘယ်မှာရှိမည်နည်း။ ယခုမူကား အင်္ဂါအစိတ်အပိုင်းသည် များစွာရှိသော်လည်း ကိုယ်ခန္ဓာသည် တစ်ခုတည်းရှိ၏။ မျက်စိက လက်အား “သင့်ကို ငါအလိုမရှိ”ဟု ပြော၍မရသကဲ့သို့ ဦးခေါင်းကလည်း ခြေတို့အား “သင်တို့ကို ငါအလိုမရှိ”ဟု ပြော၍မရပေ။ ထိုမျှမက ကိုယ်ခန္ဓာ၌ ပို၍အားနည်းသည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့သည် ပို၍ပင်လိုအပ်သော အင်္ဂါများဖြစ်ကြ၏။ ကိုယ်ခန္ဓာတွင် ဂုဏ်သရေမဲ့သည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့ကို ပို၍ကြီးသောဂုဏ်သရေဖြင့် ငါတို့ဆင်ယင်တတ်ကြ၏။ ငါတို့၏အမြင်မတင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုလည်း အမြင်တင့်တယ်အောင် ပို၍ဂရုစိုက်တတ်၏။ အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများမူကား ထိုသို့ပြုရန်မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်ငယ်သော အင်္ဂါအစိတ်အပိုင်းများအား သာ၍ကြီးသောဂုဏ်သရေကိုပေး၍ ကိုယ်ခန္ဓာကို ပေါင်းစပ်ဖွဲ့စည်းတော်မူ၏။ ဤသည်ကား ကိုယ်ခန္ဓာ၌ ကွဲပြားမှုမရှိဘဲ အင်္ဂါအစိတ်အပိုင်းများသည် အချင်းချင်းဂရုစိုက်ကြစေရန်အတွက်ဖြစ်၏။ သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။ သင်တို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်ကြပြီး အသီးသီးသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။ ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။ အားလုံးသည် တမန်တော်ဖြစ်သလော။ အားလုံးသည် ပရောဖက်ဖြစ်သလော။ အားလုံးသည် ဆရာဖြစ်သလော။ အားလုံးသည် တန်ခိုးလက္ခဏာပြုသောသူဖြစ်သလော။ အားလုံးသည် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးကိုရရှိသလော။ အားလုံးသည် အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသလော။ အားလုံးသည် ၎င်း၏အနက်ကိုဖွင့်နိုင်သလော။ သင်တို့မူကား ပို၍မြတ်သောဆုကျေးဇူးတို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့။ ငါသည် သင်တို့အား သာ၍ထူးမြတ်သောလမ်းကို ပြဦးမည်။